ရိုးရိုးလား ရှယ်လား
ရိုးရိုးလား ရှယ်လား
----------------------
မနက် ၅ နာရီခွဲလောက် လမ်းလျှောက်နေကျဖြစ်သော်လည်း ယခု ၆ နာရီထိုးသည့်တိုင်အောင် မိုးကမလင်းချင်။ ၆ နာရီမထိုးမချင်း ခြံထဲတွင် ဟိုလုပ်သည်လုပ် လှုပ်ရှားကာ မိုးလင်းလာအောင် စောင့်နေရသည်။
မိုးမလင်းမီ လမ်းလျှောက်ထွက်လျှင် ဆိုင်ကယ်ကို ရှောင်ရသည်မှာ မလွယ်။ ယခင်က ဆိုင်ကယ်မှာ ဘေးတွဲတွေမရှိ။ မီးတစ်လုံးတည်း အလင်းကို ရှောင်နိုင်ရှားနိုင်သည်။ ယခုက ဘေးတွဲတွေ ပါမှန်း မပါမှန်းမသိ။ ဆိုင်ကယ်တွေကလည်း လူကို ကပ်ရှောင်သည်။ ချိတ်ပါသွားလျှင် ဘာမျှ မတတ်နိုင်။ ထို့ကြောင့် သူလည်း ကိုယ့်မြင် ကိုယ်လည်း သူ့မြင်နိုင်အောင် မိုးလင်းချိန်ကို စောင့်ရသည်။
“ဆရာ”
“ဟေ့ ... မောင်ကျော်စွာ လား ... စောစောစီးစီး”
“ဆရာ ... လုပ်ပါဦး ... ပိုက်ဆံ သုံးသောင်းလောက် ခဏပေးပါဦး”
“မင်းကွာ အစောကြီး ဘာဖြစ်လာပြန်တာလဲ”
“အစောကြီးကို အိမ်က ဈေးထဲမှာ အကြော်ဝယ်ခိုင်းလိုက်တာ ... ဆိုင်ကယ် အဖမ်းခံလိုက်ရလို့”
“ဘေးတွဲပါတာ မစီးဘူးလား”
“အစောကြီးဆရာရယ် ... မဖမ်းလောက်သေးဘူးထင်ပြီး ထုတ်လို့လွယ်တာ ဆွဲစီးလာတာ ... တန်းတိုး တော့တာပဲ”
“အဲဒီတော့”
“ဒီမှာတင် ခုချက်ချင်း လာပြန်ရွေးရင်း သုံးသောင်းတဲ့ဆရာ ... သူတို့ ဖမ်းသွားပြီးမှ လိုက်ရွေးရရင် ငါးသောင်းဆိုလို့”
“အေးကွာ ... ဒုက္ခတွေ ... ဒုက္ခတွေ”
“အိမ်သွားပြန်ယူရင် ဝေးလို့ ... ဆရာ့ဆီ လမ်းလျှောက်မထွက်လောက်သေးဘူးထင်ပြီး ဝင်ဆွဲတာဆရာရေ။ တော်သေးတယ် ဆရာရှိနေသေးလို့”
“ရပါတယ်ကွာ ... ငါ အထဲမှာ သွားယူလိုက်ဦးမယ်”
ကျွန်တော်က တံခါးတွေကိုဖွင့်ပြီ ပိုက်ဆံပြန်ယူရသည်။ ထို့နောက်
“ဘယ်မှာ သွားရွေးရမှာလဲ”
“လမ်းဆုံမှာဆရာ”
“အေး ငါလည်း အဲဒီဘက်လျှောက်မှာ သွားကြတာပေါ့ ... ရော့ဒီမှာ သုံးသောင်း”
ကျွန်တော်တို့ နှစ်ယောက် အမြန်လေးလျှောက်လာကြသည်။ လမ်းဆုံအရောက်တွင် ကျွန်တော်က မနီးမဝေးမှ အကဲခတ်နေသည်။ ဖမ်းထားသော ဆိုင်ကယ်က ၇ စီးဖြစ်သည်။
တစ်စီး သုံးသောင်း။ ၇ စီးဆိုတော့ ...
ကျွန်တော်က မောင်ကျော်စွာကို စောင့်နေသည်။ ပိုက်ဆံ သုံးသောင်းပေးပြီး ဆိုင်ကယ်ကို ပြန်ယူလာသည်။
“ဆရာ လိုက်ပို့ပေးရဦးမလား”
“လမ်းလျှောက်လာပါတယ်ဆိုမှ ဘာဖြစ်လို့ လိုက်ပို့ရမှာလဲကွာ ... သွားတော့ ... ဪ ဒါနဲ့ မင်း ရုံးမသွားခင် ငါ့ဆီကို ဝင်လာခဲ့ဦး”
“မီတာဆောင်ခိုင်းမလို့လားဆရာ”
“မီတာက လူကြုံနဲ့ ဆောင်ခိုင်းပြီးပြီကွ ... မင်းကို ခိုင်းစရာရှိလို့”
“ဝင်ခဲ့မယ်ဆရာ”
ကျွန်တော် လမ်းလျှောက်ပြန်လာသည်။ ထို့နောက် ဈေးဝင်ဝယ်သည်။ ထမင်းကြမ်းနဲ့ ပဲပြုတ်နယ်ပြီး ရေနွေးကြမ်းလေးနှင့် သောက်နေစဉ် မောင်ကျော်စွာ ရောက်လာသည်။
“ဆရာ ဒီမှာ မနက်က ယူသွားတဲ့ သုံးသောင်း”
“မရှိရင် မပေးပါနဲ့ဦးကွာ ရပါတယ်”
“အဖေပေးခိုင်းလိုက်တာဆရာ ... ကျွန်တော့်ကို ဘာခိုင်းမလို့လဲ"
“ဒီလိုကွ ... ငါ့မှာလည်း ဧည့်စာရင်းတိုင်နေရတာ အလုပ်တစ်ခုလို ဖြစ်နေတယ်။ ဘယ်ကောင့်ဆီတိုင်လို့ တိုင်ရမှန်းလည်းမသိ။ ခုတစ်လော ညနေ ၆ နာရီလောက်ကတည်း စစ်လိုက်တဲ့ ဧည့်စာရင်း။ ငါ့ဆီကိုတော့ မလာသေးပါဘူး။ ဘေးနားရပ်ကွက်တွေမှာ ဖမ်းတာဆီးတာတွေ တငိုငို တရယ်ရယ်နဲ့ စိတ်ပျက်စရာ”
“ကျွန်တော် ဧည့်စာရင်း သွားတိုင်ပေးရမှာလားဆရာ”
“မဟုတ်ဘူးကွ ... ငါ့သန်းခေါင်စာရင်းကို ဒီပြောင်းချင်လို့။ အဲဒါ ပဲခူးမှာ သွားလုပ်ရမှာ။ ဒီရပ်ကွက်မှာ နေထိုင်ကြောင်း ထောက်ခံချက်က လိုပြန်ပြီတဲ့ကွာ။ အဲဒါ မင်း ငါ့ကို ထောက်ခံစာ .... ရုံးမှာ သွားလုပ်ပေးပါ လားကွာ”
“ရတာပေါ့ဆရာ ... အဲဒီရုံးမှာ ကျွန်တော့် အသိရှိတယ် ... ကျွန်တော် သွားလုပ်ပေးမယ်”
“အေးကွာ ... ဒီမှာ ဧည့်စာရင်းတိုင်ထားတဲ့စာရွက် ... လိုမယ်ထင်တယ် ယူသွားပေါ့ ... နေဦး ပိုက်ဆံလေး ဘာလေးများ လိုလိုမည်မည် ယူသွားဦး ... ရော့ကွာ မင်းပေးတဲ့ သုံးသောင်း ပြန်ယူသွား ... ငါကြားတာကတော့ အဆင့်ဆင့်သော အဆင့်ဆင့်တွေကို ကျော်ဖြတ်ရမယ်တဲ့”
“လိုရမည်ရ ပေးလိုက်ဆရာ ... ကျွန်တော် ပိုတာပြန်ပေးမယ်”
“အဆင်ပြေအောင်သာ လုပ်ခဲ့ကွာ ... လိုလည်း စိုက်ခဲ့”
ညနေ ၆ နာရီလောက်တွင် မောင်ကျော်စွာ ပြန်ရောက်လာသည်။
“ဆရာ ... ဒီမှာ ထောက်ခံစာ ရလာပြီ”
“တယ်ဟုတ်ပါလား မောင်ကျော်စွာ ... မင်း တယ်စွမ်းပါလား"
“လူစွမ်းတာ မဟုတ်ဘူးဆရာ ... ငွေစွမ်းတာ ... စွမ်းတာမှ ရိုးရိုးတောင်မဟုတ်ဘူး ... ရှယ်စွမ်းခဲ့တာ”
“ဘာလဲကွ မင်းဟာက”
“ထောက်ခံစာက ရိုးရိုးဆို တစ်သောင်း ... ရှယ်ဆို နှစ်သောင်းတဲ့ဆရာ”
“အလို ထောက်ခံစာမှာလည်း ရိုးရိုးတွေ ရှယ်တွေ ရှိသလား”
“ရှိတာပေါ့ဆရာ ... ရိုးရိုးဆိုတာက နောက်သုံးရက်လောက်နေမှ တစ်ခေါက်လာပြန်ကြည့်တဲ့ အဲဒါ ပုံမှန်ဈေး တစ်သောင်းတဲ့ဆရာ ... ရှယ်ဆိုတာက စောင့်ယူသွား ချက်ချင်းရမှာတဲ့ဆရာ ... အဲဒါက နှစ်သောင်း ... ကျွန်တော် ရှယ်ပဲ လုပ်ခဲ့လိုက်တယ်ဆရာ”
“ကောင်းလိုက်တာ မောင်ကျော်စွာ ... ... ဌာနတွေကို နောက်တစ်ခေါက် ထပ်မသွားရရင် ကောင်းတာပဲ။ ချက်ချင်းရ ချက်ချင်းကောင်းတာပေါ့ ... ကုန်တာ ပြဿနာမရှိပါဘူး”
“ဆရာရေ ခုဟာကပိုကောင်းတယ်”
“ဘာကောင်းတာလဲကွ”
“အရင်ကဆိုရင် ယူချင်သလိုလို မယူချင်သလိုလို ... ပေးရင်ကောင်းမလား ... မပေးရင်ကောင်းမလား ဇဝေဇဝါတွေ ဖြစ်နေရတယ်။ လုပ်ချင်မှလည်းလုပ်ပေးမယ်။ ဟောက်တာလည်း ခံချင်ခံရမယ်။ ခုကတော့ တစ်ခုခု လုပ်ဖို့ မေးလိုက်တာနဲ့ ရှယ်လား ရိုးရိုးလားဆိုပြီး တန်းကို ဈေးခေါ်တော့တာပဲ”
“အေးကွာ ငါက လက်ဖက်ရည်ဆိုင်တွေမှာပဲ ရိုးရိုးနဲ့ရှယ် ရှိတယ်ထင်တာ ... ခုတော့ ... ခုတော့”
“မနက်ကပဲ ကျွန်တော် ရှယ်နဲ့ထိခဲ့တာလေဆရာ”
“အေးပါကွာ ... ဒီနေ့တော့ တို့နှစ်ယောက် ရှယ်ပဲပေါ့”
“ရော့ ဒီမှာဆရာ ပိုတဲ့ တစ်သောင်း”
“မင်း လက်ဖက်ရည်သောက်ဖို့ ယူသွားဦးလေကွာ”
“ရှယ်လား ... ရိုးရိုးလားဆရာ”
“ရှယ်ပေါ့ကွာ ... အီကြာကွေးဖိုးပါယူသွား”
တင်ညွန့်
၂၈.၁.၂၀၂၃