ဓားပြ

 ဓားပြ

-----

တစ်ညတွင် လူတစ်ယောက် အလုပ်မှ အိမ်ပြန်လာသည်။ ထိုအချိန်တွင် ဓားကိုင်ထားသူတစ်ယောက်က


“ဟေ့ကောင် ရပ်”


“ဘာဖြစ်လို့ရပ်ရမှာလဲ”


“ပါတာထုတ်”


“မထုတ်တော့ဘာလုပ်မလဲ”


“အောင်မယ် ... ဇာတ်ကားရိုက်နေတာမဟုတ်ဘူး ... ဓားပြတိုက်နေတာ”


“မင်း တောင်းတိုင်းပေးရအောင် မင်းအမေ့လင် ရှာထားတာမို့လို့လား”


“ဟာဒီကောင်”


နှစ်ယောက်သား အပြန်အလှန်ချကြလေတော့သည်။ 


ဓားပြကအပေါ်ရောက်၊ ဓားပြအတိုက်ခံရသူက အောက်ရောက်၊ ဓားပြအတိုက်ခံရသူက အပေါ်ရောက်၊ ဓားပြက အောက်ရောက်


နောက်ဆုံးတွင် ဓားပြကအပေါ်ရောက်ကာ ဓားထောက်ပြီး


“သေသွားမယ် ... ငြိမ်ငြိမ်လေးနေ” ဟုဆိုကာ တက်ဖိထားသည်။


ထို့နောက် အင်္ကျီအိတ်ကပ်ထဲကို နှိုက်ကြည့်ရာ ၂၅ ပြား (တစ်မတ်) သာပါကြောင်းတွေ့လိုက်ရသည်။ 


ဓားပြက တစ်မတ်ကိုယူကာ


“မင်းကွာ တစ်မတ်လောက်နဲ့များ ... သေမှာမကြောက် ငါ့ကို ခုခံနေရတယ်လို့ ... ထွီ” ဟု ပြောလိုက်ချိန်တွင် အောက်ရောက်နေသည့်သူက ဓားပြမေးကို ပင့်ထောက်လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ ပက်လက် လန်သွားပြီး ကြောင်တောင်တောင်ဖြစ်နေချိန်မှ


“ခွေးမသား ... အိတ်ကပ်ထဲက တစ်မတ်လောက်အတွက် မင်းကို တိုက်ခိုက်နေတာ မဟုတ်ဘူး ... ခါးပုံစထဲက ၇၅ ပြားကို မင်းမလုနိုင်အောင် ကာကွယ်နေတာကွ သိလား” ပြောကာ မျက်ခွက်ကို ခြေထောက်နှင့် ဆောင့်ကန်ပြီး ထွက်သွားလေသတည်း။ 


တင်ညွန့်


၂၈.၁၀.၂၀၂၀