အခွင့်သာခိုက်

 ‎အခွင့်သာခိုက်(စ/ဆုံး)


‎—————–

‎“ဟေ့လူထတော့ … မနက် ၈ နာရီထိုးနေပြီ”

‎ညက မိုးလင်းခါနီး ၄ နာရီမှ အိပ်ရသော ကျွန်တော့်ကို ကိုကြီးညိုက လာနှိုးနေသည်။

‎“ဟာဗျာ … ခင်ဗျား တော်တော်နောက်တယ် … မိုးလင်းခါနီးမှ အိပ်ရတာဗျ”

‎“ကျွန်တော်သိတယ် … အောက်မှာ ဧည့်သည်ရောက်နေတယ် … အဲဒါကြောင့် လာနှိုးတာ”

‎“သွားဗျာ … မနောက်ပါနဲ့ … အိပ်ရေးမဝသေးဘူး”

‎“တကယ်ပြောတာ … မခင်စီရောက်နေတာ”

‎“တကယ်”

‎“မယုံရင်ဆင်းကြည့်”

‎နောက်ဆုံးနှစ် မေဂျာနှုတ်ဆက်ပွဲအတွက် ရန်ပုံငွေရှာဖွေရေးတွင် ကျွန်တော်က အတွင်းရေးမှူး၊ မခင်စီက ဘဏ္ဍာရေးမှူးဖြစ်သည်။ ယနေ့မနက် ရန်ပုံငွေအတွက် မြို့ထဲတွင် ရုပ်ရှင်သွားငှားရန် မနေ့က အစည်းအဝေး ထိုင်ထားသည်။ ညက လက်ကမ်းစာစောင် ကြော်ငြာအတွက် ကျွန်တော် ဖယောင်းရေးနေရသဖြင့် အိပ်ရေး ပျက်ခဲ့ရသည်။

‎ကျွန်တော်က အဆောင်ဒုတိယထပ်မှ အပြေးလေးဆင်းလာသည်။ မခင်စီက ဧည့်ခန်းထဲတွင် ပြုံးပြုံးလေး ထိုင်နေသည်။ အဖြူရောင်ဝမ်းဆက်လေးနှင့် လှပလွန်းနေသည်။

‎“မခင်စီ”

‎“အို … ခုမှ အိပ်ရာကထတယ် … ဟုတ်စ … အိပ်ပုပ်ကြီး”

‎“ညက မိုးလင်းပေါက် ဖယောင်းရေးနေရလို့ပါ … ခဏလေးနော် ကျွန်တော်ရေချိုးလိုက်ဦးမယ်”

‎“ရပါတယ် … ခင်လည်း ပျင်းတာနဲ့ စောစောထွက်လာတာ”

‎အလို … ခင်ဆိုပါလား။

‎ကျွန်တော် အဆောင်ပေါ် ပြန်ပြေးတက်၊ သွားတိုက်၊ ရေချိုးပြီး တိုက်ပုံလေးဝတ်ကာ လွယ်အိတ်ထဲ စာအုပ်တစ်အုပ်ထည့်ပြီးထွက်လာသည်။ ညကရေးထားသည့် ဖယောင်းထုပ်လည်းပါပြီ။

‎“ဘာကျန်သေးလဲ”

‎တစ်ခုခုကျန်မည်ထင်ပြီး စစ်ဆေးနေသည်။ ကိုကြီးညို ရောက်လာပြီး

‎“အလို … ခုတော့လည်း လူလို … သူလိုပါလား”

‎“ခင်ဗျားဟာက … အရင်က ကျွန်တော် ဘာဖြစ်နေလို့လဲ”

‎“မဟုတ်ပါဘူး … ခင်ဗျားပုံကြည့်ရတာ မြူးနေသလိုပဲ”

‎“ဟာဗျာ”

‎ကျွန်တော်က အောက်ထပ်ကို အပြေးလေး ဆင်းလာသည်

‎“မခင်စီ သွားရအောင် … အသင့်ပဲ”

‎ကျွန်တော်နှင့် မခင်စီ အဆောင်မှ ထွက်ခဲ့သည်။ ကိုကြီးညိုက ဝရန်တာမှ ထွက်ကာ

‎“လိုက်တယ်ဟေ့” ဟုအော်သည်။

‎မခင်စီမျက်နှာကို အောက်ငုံ့ထားသည်။ ကျွန်တော်က သူ့နောက်မှ ဖြည်းဖြည်းလေးလိုက်လာသည်။

‎“မင်းသားက … တွဲလျှောက်ရမှာလေ”

‎ကိုကြီးညိုလှမ်းအော်ပြန်သည်။ သည်လူတော့ ပြန်ရောက်မှတွေ့မည်။

‎ကျွန်တော်တို့နှစ်ယောက် အဓိပတိလမ်းပေါ်ကို ရောက်သည့်အခါ မခင်စီက ကျွန်တော့်ကို ရပ်စောင့််နေသည်။

‎“လေးဘီးငှားသွားမလား”

‎“ပိုက်ဆံတွေအများကြီး ကုန်နေပါ့မယ် … လိုင်းကားပဲစီးတာပေါ့”

‎“ကောင်းပြီလေ”

‎ကျွန်တော်တို့ နံပါတ် ၉ ကားကိုစီးရန် ကမာရွတ်ဂတ်တဲအနီးရှိ ကုက္ကိုပင်ကြီးအောက်တွင် စောင့်နေသည်။ ကားတစ်စီးဝင်လာသည်။ တက်၍မရလောက်အောင် လူတွေပြည့်လာသည်။ နောက်တစ်စီးလည်း ထိုနည်း အတိုင်းပင်။

‎“မခင်စီ … အင်းစိန်လိုင်းဘက်က သွားစီးရအောင် … အဲဒီဘက်က ကားပေါတော့ လူချောင်မယ်ထင်တယ်”

‎“နေဦး … မနက်စာ မစားရသေးဘူးနဲ့တူတယ် … ဦးချစ်ဆိုင်မှာ တစ်ခုခုစားရအောင်”

‎“ဟုတ်တယ် … ဒီစရိတ်ကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေါ့နော်”

‎“ခင် ဝယ်ကျွေးပါ့မယ်”

‎မခင်စီက လမ်းဖြတ်ကူးပြီး ဦးချစ်ဆိုင်ထဲကို ဝင်သွားသည်။ ကျွန်တော်က လက်ဖက်ရည်နှင့် ပေါက်စီတစ်လုံး စားသည်။ မခင်စီကတော့ ပေါက်စီပဲစားသည်။ စားသောက်ပြီးသည့်အခါ မခင်စီက ပိုက်ဆံရှင်းသည်။

‎“ကျေးဇူးပဲ … ဘိုင်ပြတ်နေလို့ ပေါက်စီမစားရတာကြာပြီ … ကောင်းလိုက်တာ”

‎ကျွန်တော်တို့ နံပါတ် ၈ ကားကို စောင့်စီးကြသည်။ ကားကတော့ချောင်သည်။ နေရာကတော့မရ။ မခင်စီနှင့် ကျွန်တော် မတ်တတ်ရပ်စီးကြရသည်။ ဗိုက်ပူကားကြီးက ကျွန်တော့်အရပ် မလွတ်ချင်။ ခေါင်းကိုကိုင်းပြီး စီးနေရသည်မှာ ပင်ပန်းလှသည်။

‎“မခင်စီ … ဟိုမှာ တစ်ယောက်ထသွားပြီ … ထိုင်လိုက်လေ”

‎မခင်စီက သွားထိုင်လိုက်ပြီး ကျွန်တော့်ကို လက်ပြခေါ်ကာ

‎“လာထိုင်လေ”

‎“နေပါစေ … ရပါတယ်”

‎“ဒါဖြင့်လည်း လွယ်အိတ်ပေးထား”

‎ကျွန်တော်က မခင်စီကို လွယ်အိတ်လေး ဖြုတ်ပေးလိုက်သည်။

‎“ကျွန်မတို့ သွားမှာ ဘားလမ်းနော်”

‎“ဟုတ်တယ် … ဘားလမ်းက စန္ဒာတိုက်ခန်းမှာ ချိန်းထားတာ”

‎ရုပ်ရှင်မင်းသား ဝင်းဦးထံမှ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားကိုငှားကြရန် သွားခြင်းဖြစ်သည်။ ပါမောက္ခ ဆရာမကြီးက ဖုန်းနှင့်ဆက်သွယ်ပြီးပြီ။ ယနေ့ ကျွန်တော်တို့က ရုပ်ရှင်ပြရန် ဇာတ်ကားသွားရွေးပြီး ဈေးစကား သွားပြောရန် ထွက်လာကြခြင်းဖြစ်သည်။

‎ကျွန်တော်ရပ်နေသည့် နေရာက နောက်နားကျကျ နောက်ဆုံး သုံးယောက်တွဲ အတန်းရှေ့တွင်ဖြစ်သည်။

‎“မြေနီကုန်း … မြေနီကုန်း”

‎စပယ်ယာကောင်လေးက နောက်မြီးတွင် သံကိုင်းကိုကိုင်းပြီး အော်နေသည်။

‎မြေနီကုန်းရောက်တော့မည်။ ဟံသာဝတီအဝိုင်းကိုအကွေ့တွင် ဟန်ချက်ပျက်ပြီး မခင်စီခြေထောက်ကို သွားနင်းမိသည်။

‎“အို … ဆောရီး”

‎“ရပါတယ် … ထိုင်ဦးမလား”

‎“မထိုင်ပါဘူး”

‎မှတ်တိုင်ကိုအရောက် မိန်းမကြီးတစ်ယောက် ကားနောက်မှ သံကိုင်းကိုခိုပြီး တက်လာသည်။ အလွန်ဝသော မိန်းမကြီးဖြစ်သည်။ သူက လေးလံစွာဖြင့် ကားခြေနင်းခုံပေါ်ရပ်နိုင်အောင် ကြိုးစားစဉ် ကားက ထွက်သွားသည်။

‎မိန်းမကြီးအား ကျွန်တော်က လက်ကိုလှမ်းဆွဲလိုက်သည်။ မိန်းမကြီးကလည်း ကြောက်လန့်ပြီး ဆွဲမိဆွဲရာ ဆွဲလိုက်ရ ကျွန်တော့်ပုဆိုးကို ဆွဲချွတ်လိုက်သလို ဖြစ်သွားသည်။

‎“ဟိုးထား … ဟိုး”

‎“ဟာ”

‎ကျွန်တော် ထိုင်ချလိုက်ချိန်တွင် ကားကဘရိတ်အုပ်လိုက်သည်။ မိန်းမကြီးက ကားပေါ် မှောက်ခုံကြီး ဖြစ်နေချိန် သူ့အပေါ်ကို ကျွန်တော် ထိုင်ချမိလိုက်သည်။

‎မခင်စီက မျက်နှာကို လက်ဝါးနှင့် အုပ်ထားသည်။ လူတွေမျက်နှာကလည်း ပြုံးစိစိဖြစ်နေကြသည်။ မိန်းမကြီးက အတင်းထသည်။ မခင်စီက

‎“အဒေါ်လာ … ဒီမှာထိုင်” ဟုပြောကာ မတ်တတ်ရပ်ပေးလိုက်သည်။ ကားက ဆက်ထွက်လာသည်။ မခင်စီက ကားရှေ့ပိုင်းကို တိုးသွားသည်။

‎“မြေနီကုန်း … ပါလား”

‎“ပါတယ်”

‎မြေနီကုန်းမှတ်တိုင်အရောက်တွင် ကျွန်တော် ကားနောက်ပေါက်မှ ဆင်းလာသည်။ လူတွေက ရယ်နေ ကြသည်။

‎“ဟိုးထား … ဆင်းဦးမယ်”

‎မခင်စီ ရှေ့ပေါက်ကဆင်းလာသည်။ ကျွန်တော့်ဘေးတွင် လာရပ်ပြီး

‎“ဘာဖြစ်လို့ ဆင်းလိုက်တာလဲ”

‎“ဟာဗျာ … ရှက်လိုက်တာ … မခင်စီက ဘာဖြစ်လို့ လိုက်ဆင်းလာတာလဲ”

‎“လွယ်အိတ်က ကျွန်မဆီမှာလေ”

‎“ကျွန်တော်ဗျာ … ဟိုလေ”

‎“ထားလိုက်ပါ … မတော်တဆဟာကို”

‎“ဒါပေမဲ့ မခင်စီ ရှေ့တည့်တည့်ဆိုတော့ ရှက်လိုက်တာဗျာ … ဒီမနက်မှ ကမန်းကတန်းဆိုတော့ ကျွန်တော်လည်း အတွင်းခံ ဘောင်းဘီဝတ်ဖို့ မေ့လာတာ”

‎“ကျွန်မကို ရှက်နေတာလား”

‎“အင်း”

‎“ကျွန်မ ဘာမှမမြင်လိုက်ပါဘူး”

‎“ဟာဗျာ”

‎မခင်စီတစ်ဖက်လှည့်ကာ ပြုံးနေသည်။

‎“ဒီအကြောင်း အဆောင်မှာ ပြန်မပြောနဲ့ဗျာ”

‎“မပြောစေချင်ရင် လဟာပြင်ဈေးမှာ ဖာလူဒါဝယ်တိုက်”

‎“ပိုက်ဆံမရှိဘူး … မခင်စီ ချေးလေ”

‎“ဘယ်လောက်ချေးရမလဲပြော”

‎“၁၅၀၀”

‎“အို”

‎တင်ညွန့်

‎၂၂.၂.၂၀၂၀