ဆရာပြောတဲ့ အိုးထဲက သဲတွေ

 ဆရာပြောတဲ့ အိုးထဲက သဲတွေ


တပည့်တို့ရဲ့ ဘဝထဲမှာ အရာရာတိုင်းကို မနိုင်မနင်း ဖြစ်နေပြီလို့ ထင်ရတဲ့အခါ၊ တစ်ရက်တာမှာ (၂၄) နာရီဆိုတာ မလုံလောက်ဘူးလို့ ခံစားရတဲ့အခါ၊ မေယိုးနိစ်အိုးကြီးရယ်၊ ဘီယာနှစ်ခွက်ရယ် ကို အမြဲ သတိရကြပါ။

တစ်ခါက ပါမောက္ခတစ်ယောက်က သူရဲ့ အတွေးအခေါ်သင်တန်းကို လာပြီး စားပွဲပေါ်မှာ ပစ္စည်းတချို့ကို ချထားတယ်။

သင်တန်းစတော့ သူဟာ စကားတစ်ခွန်းမှ မပြောဘဲ ဗလာဖြစ်နေတဲ့ မေယိုးနိစ်အိုးကြီးတစ်လုံးကို ယူပြီး ဂေါက်သီးလုံးတွေနဲ့ စပြီး ဖြည့်ထည့်တယ်။

ပြီးတော့ ကျောင်းသားတွေကို မေးတယ်။

 "အိုးပြည့်သွားပြီလား။"

"ပြည့်ပါပြီ" လို့ သူတို့ သဘောတူဖြေကြတယ်။

အဲ့ဒီနောက် ပါမောက္ခက ကျောက်စရစ်ခဲဘူးတစ်ဘူးကို ယူပြီး အိုးထဲ လောင်းထည့်တယ်။ ပြီးတော့ ညင်သာလေး လှုပ်လိုက်တော့ ကျောက်စရစ်ခဲလေးတွေက ဂေါက်သီးလုံးတွေကြားထဲက လစ်ဟာနေတဲ့ နေရာလွတ်တွေထဲကို ဝင်သွားကြတယ်။

သူက ကျောင်းသားတွေကို ထပ်မေးတယ်။

 "အခုရော ပြည့်သွားပြီလား။"

"ပြည့်သွားပါပြီ" လို့ ထပ်ပြီး သဘောတူကြတယ်။

နောက်ထပ်အနေနဲ့ ပါမောက္ခက သဲဘူးတစ်ဘူးကို ယူပြီး အိုးထဲကို လောင်းချလိုက်တယ်။

သဲတွေကတော့ ကျန်ရှိနေတဲ့ နေရာအားလုံးကို ဖြည့်ပေးသွားတာပေါ့။

သူက နောက်ဆုံးတစ်ကြိမ် ထပ်မေးတယ်။

 "အိုးပြည့်သွားပြီလား။"

ကျောင်းသားတွေ အားလုံးက "ပြည့်ပါပြီ" လို့ ဝိုင်းဖြေကြတယ်။

အဲ့ဒီအခါမှာ ပါမောက္ခက စားပွဲအောက်ကနေ ဘီယာနှစ်ပုလင်းကို ထုတ်လိုက်ပြီး အိုးထဲကို အကုန်လောင်းထည့်လိုက်တယ်။ ဘီယာတွေက သဲတွေကြားထဲက နေရာလွတ်လေးတွေကို အောင်မြင်စွာ ဖြည့်ပေးလိုက်တယ်။

ကျောင်းသားတွေ အားရပါးရ ရယ်ကြတယ်။

ရယ်သံတွေ တိတ်သွားတော့ ပါမောက္ခက ပြောတယ်။ 'အခု တပည့်တို့ သိစေချင်တာက ဒီအိုးကြီးက တပည့်တို့ရဲ့ ဘဝကို ကိုယ်စားပြုတယ် ဆိုတာပဲ။'

'ဂေါက်သီးလုံးတွေကတော့ အရေးကြီးဆုံးအရာတွေဘုရား၊ မိသားစု၊ သားသမီးတွေ၊ ကျန်းမာရေး၊ သူငယ်ချင်းတွေနဲ့ တပည့်တို့ရဲ့ အနှစ်သက်ဆုံး အရာတွေပေါ့။ တခြားအရာအားလုံး ဆုံးရှုံးသွားပြီး သူတို့ပဲ ကျန်ခဲ့ရင်တောင် တပည့်တို့ရဲ့ ဘဝက ပြည့်စုံနေဦးမှာပဲ။'

'ကျောက်စရစ်ခဲတွေကတော့ အလုပ်အကိုင်၊ အိမ်နဲ့ ကားလိုမျိုး အရေးပါတဲ့ တခြားအရာတွေ။'

'သဲတွေကတော့ ကျန်ရှိတဲ့ အရာအားလုံး သေးသေးမွှားမွှား ကိစ္စတွေပဲ။'

'အကယ်၍ တပည့်တို့က သဲတွေကို အိုးထဲ အရင်ထည့်လိုက်ရင်၊' လို့ သူက ဆက်ပြောတယ်။ 'ကျောက်စရစ်ခဲတွေနဲ့ ဂေါက်သီးလုံးတွေအတွက် နေရာ လုံးဝရှိတော့မှာ မဟုတ်ဘူး။'

'ဘဝမှာလည်း အတူတူပဲ။'

'တပည့်တို့ရဲ့ အချိန်နဲ့ စွမ်းအင်အားလုံးကို သေးသေးမွှားမွှား ကိစ္စတွေအတွက်ပဲ သုံးနေမယ်ဆိုရင်၊ တပည့်တို့အတွက် အရေးကြီးတဲ့ အရာတွေအတွက် နေရာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။'

'ဒါကြောင့် တပည့်တို့ရဲ့ ပျော်ရွှင်မှုအတွက် တကယ် အရေးပါတဲ့ အရာတွေကိုပဲ အာရုံစိုက်ကြပါ။'

'သားသမီးတွေနဲ့ အချိန်ပေးပါ။'

'မိဘတွေနဲ့ အချိန်ပေးပါ။'

'အဘိုးအဘွားတွေ၊ အဒေါ်တွေနဲ့ သွားလာတွေ့ဆုံပါ။'

'အိမ်ထောင်ဖက်ကို ညစာထွက်စားဖို့ ခေါ်ပါ။'

'ဂေါက်ကွင်းမှာ ကစားပါ။'

'အိမ်သန့်ရှင်းရေးလုပ်တာ၊ ပစ္စည်းပြင်တာတွေအတွက် အချိန်ကတော့ အမြဲတမ်း ရှိနေမှာပါ။'

'ပထမဆုံး ဂေါက်သီးလုံးတွေကိုပဲ ဂရုစိုက်ပါ။တကယ် အရေးပါတဲ့ အရာတွေပေါ့။'

'ကိုယ့်ရဲ့ ဦးစားပေးတွေကို သတ်မှတ်ပါ။'

'ကျန်တာတွေကတော့ သဲတွေလိုပါပဲ။'

ကျောင်းသားတွေထဲက တစ်ယောက်က လက်ထောင်ပြီး ဘီယာက ဘာကို ကိုယ်စားပြုတာလဲလို့ မေးလိုက်တယ်။

ပါမောက္ခက ပြုံးပြီး 'မေးတာကို ဝမ်းသာပါတယ်' လို့ ပြောခဲ့ပါတယ်။

'ဘီယာက ဘာကို ပြသလဲဆိုတော့ တပည့်တို့ရဲ့ ဘဝက ဘယ်လောက်ပဲ ပြည့်နေပါစေ၊ သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာနှစ်ခွက်လောက် သောက်ဖို့ နေရာလေးကတော့ အမြဲ ရှိနေသေးတယ် ဆိုတာကို ပြသတာပဲ' လို့ ဖြေကြားလိုက်တယ်။


#ဟမ်စိုင်း(ဆေး-မန်း)