“ကျုပ်မယားသူ့ဇနီး”(စ/ဆုံး)

 “ကျုပ်မယားသူ့ဇနီး”(စ/ဆုံး)


——————-


လကွယ်ည သန်းကောင်ယံ

ပါတ်ဝန်းကျင်တခွင်လုံးပိန်းပိတ်မည်းမှောင်နေသည်။

ဆောင်းအကုန်နွေအကူးမို့လေရူးတသုန်သုန်တိုက်

ခတ်နေ၏။

` ဂီး´

ငှက်ဆိုးထိုးသံကြောင့်သစ်ပင်များပေါ်မှအိပ်တန်း

တက်ငှက်တို့၏အလန့်တကြားအော်မြည်ပြိုဆင်း

သံများဆူညံသွားကာတခဏအကြာပြန်လည်တိတ်

ဆိတ်သွားပြန်သည်။

တစီစီအော်မြည်နေသောညပိုးမွှားကောင်လေး

များ၏အသံများမှာမူ ပျင်းရိငြီးငွေ့ဖွယ်ရာ။

စီစဉ်ထားသည့်အတိုင်း- သူ-စတင်လှုပ်ရှားလိုက်သည်။

အဝတ်ဗီရိုထဲမှ အသင့်ပြင်ထားသောတစ်စုံတရာကိုယူ၍ ခါးကြားထဲထိုးထည့်ကာအပေါ်မှကုတ်

အင်္ကျီ ထပ်ဝတ်လိုက်သည်။

ထို့နောက်… စာကြည့်စားပွဲပေါ်မှဖန်တုံးဖြင့်ဖိထားသောစာကိုဖတ်ကြည့်လိုက်ကာကျေနပ်ပြုံးပြုံးလိုက််ပြီးထိုစာခေါက်ကိုပင်ဖန််တုံးဖြင့်ပြန်ဖိထားလိုက်ပြန်သည်။

နောက်ဆုံးပိတ်အနေနှင့် – သူ-စီစဉ်ထားသည်

တို့ကိုဟာကွက်မရှိ အောင်ထပ်မံ၍ စစ်ဆေးလိုက်

သည်။

အားလုံးပြည့်စုံသောအခါ သူလုပ်ဆောင်ရ

မည့်အဓိကအလုပ်ကိုလုပ်ဆောင််ရန်အတွက်လှေကားမှဖြည်းဖြည်းနှင့်မှန်မှန်ဆင်းခဲ့လိုက်လေတော့သည်။

တစ်ထစ်ချင်း…တစ်လှမ်းချင်း။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


အခန်း(၂)


ဘုန်းတော်ကြီးဦးဝိမလ၏တောရကျောင်းမှာမြို့ မနီးရွာမနီးတွင်တည်ဆောက်ထားသောသူ့အိမ်နှင့်တော့ဝေးလှသည်ဟုမဆိုသာပေ။

သူ့မိဘများမကွယ်လွန်ခင်ကတည်းကဘုန်း

တော်ကြီးနှင့်ဆရာရင်းဒကာရင်းများဖြစ်ခဲ့ကြသည်။

သူ့ လက်ထက်သို့ရောက်လာသောအခါတွင်

လည်းဝိနည်းနှင့်ညီသောဘုန်းတော်ကြီးအားကြည်

ညိုလေးစားကာ လိုအပ်သမျှ မပြတ်တန်းလှုတန်းဖြစ်ခဲ့ပါ၏။

ဘုန်းတော်ကြီးကလည်းသူ့အားတန်ဖိုးရှိသော

အဆုံးအမသြဝါဒများကိုစေတနာထက်သန်စွာဖြင့်

ဟောပြောညွှန်ပြစမြဲပင် ။

ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဆရာ

တော်ကိုဦးချ ကန်တော့၍ -သူ-အသင့်ယူလာသော

စာအိတ်တစ်အိတ်ကိုကပ်လှုလိုက်လေသည်။

သည်စာအိတ်ကိုမနက်ဖြန်မှသာဖွင့်ကြည့်တော်မူ

ပါဘုရားဟု လည်းလျောက််ထားလိုက်လေသည်။

သူလျောက်ထားသောစကားကြောင့် ဘုန်းကြီး

မှာအံ့အားသင့်ရသော်လည်းခပ်မဆိတ်ပင်နေတော်

မူလေသည်။

` ဒကာကြီး…ကျမ္မာရေးကောကောင်းရဲ့လား’

`ဒီလိုပါပဲဘုရား’

` ခန္ဓာရှိရင် ဝေဒနာ ရှိ စမြဲပဲပေါ့ ဒကာရယ်-ဒကာ့လို

လူမှုရေး ဘာသာရေး လှုရေးတန်းရေး မပြတ်တန်း

ဆောင်ရွက်နေတဲ့ ပုဂ္ဂိူ လ် ဟာအသက်ရှည်မှာပါ´

` တင်ပါ့ ဘုရား´

` ဘုန်းကြီးကတော့ ဒကာ့ကို ချီးကျူးမိတယ်။ဒကာ

ဟာငွေကြေးအလှု ကိုသာမက လူတကာပြု နိူင်ခဲ

တဲ့ အလှုကို ပါ လှုနိူင်ခဲ့တဲ့ပုဂ္ဂိူ လ် ပါ။

ဒါနဲ့…ဒကာမလေးကောနေကောင်းရဲ့မဟုတ်လား’

` ကောင်းပါတယ်ဘုရား´

ထို့နောက်ဘုန်းကြီးက သူ့အားတရားတစ်ပုဒ်

ဟောပြောချီးမြ ှင့်ပေးသည်။ တရားအဆုံးမှာ

` အဲ့ တာပဲ ဒကာရဲ့- – ပြု သူအသစ် ဖြစ်သူ အ

ဟောင်းဆိုတာ- – ဘဝ ဘဝ တွေရဲ့ကံ အကျိုးပေး

တွေက လူတွေရဲ့နောက်ကိုအရိပ်လို ထပ်ချပ်မကွာ

လိုက်နေတာကလား။ အဲ့တာကိုမသိပဲ ငါ့ကိုသူက

ဒီလိုလုပ်ရင် သူ့ကိုငါက ဟိုလိုပြန်လုပ်လိုက်မယ်

ဆိုမှဖြင့် အကုသိုလ် ငရဲဝဋ် မှာအဖန်ဖန်တလဲလဲခံ

နေကြရအုန်းမှာပဲကွယ့်’

‘မှန်လှပါဘုရား’


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


 


အခန်း(၃)


ဘုန်းကြီးကျောင်းမှအပြန်လမ်းတစ်လျှောက်လုံး

တွင် သူ ၏အတွေးများက လွန်ခဲ့သောအတိတ်ဆီသို့

တရိပ်ရိပ်ဝေ့လည်မျောပါ နေလေတော့သည်။

သူ၏မိဘနှစ်ပါးသည်ရှမ်းပြည်နယ်အစွန်အဖျားတောင်ကြားဒေသစွန်နားရွာတွင်သစ်သီးခြံများပိုင်ဆိုင်လုပ်ကိုင်ကြပြီးသူသည်တစ်ဦးတည်းသောသားဖြစ်ပါသည်။

သူ့ကိုတော့ငယ်စဥ်ကတည်းကပင်မန္တလေးမြို့သို့ပို့ကာကျောင်းအိပ်ကျောင်းစားထား၍ပညာသင်ယူစေခဲ့သည်။

သူသည်တနှစ်တစ်ခါကျောင်းရက်ရှည်ပိတ်မှသာမိဘများထံသို့အလည်ပြန်ခွင့်ရပေသည်။

ဤသို့နှင့်နှစ်ကာလများကြာလာခဲ့သောအခါသူဘွဲ့ရခဲ့လေသည်။

ထို့နောက် သူသည်လွမ်းမောခဲ့ရသောမိဘများရှိရာမွေးရပ်မြေသို့ပြန်လာခဲ့တော့သည်။

မိဘနှစ်ပါးကိုအနားယူစေ၍သစ်သီးခြံစီးပွားးေရးလုပ်ငန်းကိုသူဦးစီးကာအလုပ်သမားများနှင့်လုပ်ကိုင်ခဲ့သည်။

မိဘတို့သည်လည်းစီးပွားရေးကိစ္စအားလုံးကိုသူ့ထံလွှဲအပ်၍ဘုရားတရားအလုပ်ကိုစိတ်အေးချမ်းသာစွာလုပ်ေလတော့သည်။

လှူကြတန်းကြ၏။

နှစ်စဥ်နှစ်တိုင်းမြန်မာပြည်အနှံ့ဘုရားဖူးထွက်ကြလေတော့သည်။

ထိုသို့နေလာခဲ့ရာ…တနှစ်သားတွင်ဘုရားဖူးကားတိမ်းမှောက်၍မိဘနှစ်ပါးကွယ်လွန်ခဲ့ရသည်။

သူ့တွင်ဆွေမျိုးသားချင်းနည်းပါး၍ထိုဆွေမျိုးတို့ကလည်းပြည်ပနိုင်ငံတွင်အခြေချနေထိုင်ကြသည်မို့မိဘများမရှိကြတော့သောအခါသူတစ်ယောက်တည်းဖြစ်ခဲ့ရပေသည်။

သစ်သီးခြံလုပ်ငန်းကိုစိတ်နှစ်၍အလုပ်သမားများနှင့်တပျော်တပါးလုပ်ကိုင်လာခဲ့ရာယခုအခါတွင်သူ့အသက်ပင်ငါးဆယ်စွန်းစပြုနေပေပြီ။

သူ့ကိုချက်ပြုတ်ကျွေးမွေးရန်နှင့်အနီးကပ်စောင့်ရှောက်ရန််အတွက်အလုပ်သမားများထဲမှသူ့အေပါ်ကျိုးနွံရိုသေသောမိဘမဲ့တစ်ကောင်ကြွက်ဖြစ်သူစိုင်းနွတ်ဟူသောလူရွယ်ကိုသူ့အနားသို့ခေါ်ထားရလေသည်။

ထိုသို့ေနလာခဲ့ရာမှ…ထူးဆန်းသောနေ့တစ်နေ့တွင်….

အနှစ်ငါးဆယ်လုံးလုံးအိပ်မောကျနေသည့်သူ့အသည်းနှလုံးတို့ကိုဆွဲကိုင်လှုပ်ရမ်းပစ်ခဲ့သောအချစ်ဆိုသည့်အရာကိုသစ်သီးခြံအလုပ်သမလေးမမြလေးထံတွင်တွေ့ရှိခဲ့ရလေသည်။

မြင်မြင်ချင်းချစ်မြတ်နိုးခဲ့ရပြီမို့မမြလေး၏အကြောင်းကိုသူစုံစမ်းရလေတော့၏။

မိဘများမရှိကြတော့ပဲအဒေါ်ဝမ်းကွဲမိသားစုနှင့်ဆင်းရဲငြိုငြင်ပင်ပန်းစွာကပ်ရပ်နေရသောမမြလေး၏ဘဝကိုသူသိရှိရသောအခါပို၍ပင်သနားမိရလေသည်။

ထို့ကြေ့ာင့်အချိန်မဆွဲတော့ပဲရွာ့မိရွာ့ဖလူကြီးများအားမမြလေး၏အဒေါ်ဝမ်းကွဲဆီသို့နားဖောက်ကြောင်းလမ်းစေ၍မမြလေးကိုသူလက်ထပ်ပေါင်းသင်းခဲ့လေသည််။


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


အခန်း(၄)


‘ကိုကြီးကိုမြကလေးကာယကံဝစီကံမနောကံနဲ့ပြစ်မှားမိတာရှိခဲ့ရင်ကန််တော့ပြီးတောင််းပန်ပါတယ်ရှင်။ခွှင့်လွှတ်ပေးပါနော််ကိုကြီး’

‘လိမ္မာလိုက်တာမြကလေးရယ်’

ညစဥ်အိပ်ရာဝင်ချိန်တိုင်းချစ်မယားမြကလေးကသူ့ကိုထိုသို့ကန်တော့ပြီးမှအိပ်လေ့ရှိသည်ကိုနှလုံးပီတိဂွမ်းဆီထိသကဲ့သို့သူ့ရင်ထဲတွင်ညွှတ်နူးရပေသည်။

‘ဟောဒီမှာ…ကိုကြီးအကြိုက်ဆိတ်ကလီစာဟင်းမြကလေးချက်ထားတယ်။အားရပါးရစားစမ်းပါကိုကြီးရဲ့။

ဒါကဟင်းရွက်စုံဟင်းချို…ဒါလေးကသရက်ချဥ်သုပ်လေးလေ။

ငါးပိရည်ဖျော်နဲ့အတို့အမြုပ်စုံစုံလေးကိုလည်းကိုကြီးကြိုက်တယ်မဟုတ်လား’

‘ကိုကြီးကဘာဟင်းနဲ့ဖြစ်ဖြစ်စားပါတယ်မြကလေးရဲ့။ကျုပ်မယားလေးပင်ပန်းလိုက်တာကွာ’

‘အို…မြကလေးချစ်တဲ့ကိုကြီးအတွက်ဒါလောက်လေးလုပ်ရတာမပင်ပန်းပေါင်။ပျော်တောင်ပျော်သေးတယ်သိရဲ့လား။

တစ်နေ့တစ်နေ့နေထွက်ကနေဝင်ထိကိုကြီးကိုချစ်နေရတာနဲ့တင်အချိန်တွေဘယ်လိုကုန်သွားမှန်းမသိဘူးကိုကြီးရဲ့’

‘ပြောတတ်လိုက်တာမြကလေးရယ်။လာပါဦး…ချစ်စရာကောင်းအောင်ပြောတတ်တဲ့ပါးစပ်လေးကိုဆုချချင်လို့’

‘အာ…သွား…ကိုကြီးနော်…ဟွန်း’

‘ဟား…ဟား…ဟား…ဟား…ဟား’

‘ခစ်…ခစ်…ခစ်’


“ကျုပ်မယားသူ့ဇနီး”


သူသည်သူ့ဘဝ၏အိုအေစစ်လေးဖြစ်သောမယားအလိမ္မာမြကလေးကိုတတ်နိူင်လျှင်အာခံတွင်းထဲငုံထားချင်လောက်အောင်ချစ်မြတ်နိုးရပါသည်။


သူ့ထက်အသက်ထက်ဝက်ငယ်သောမြကလေးကိုဇနီးမယားတစ်ယောက်လိုသာမကနှမထွေးလေးလိုပါသူကြင်နာမိပါ၏။


မြကလေးသည်သာသူ့ဘဝ


မြကလေးသည်သာသူ့ကမ္ဘာ


မြကလေးသည်သာသူ့အသည်းနှလုံး၏ပိုင်စိုးသူဧကရီသခင်မတစ်ပါးဖြစ်ပေတော့သည်။


နောင်မကြာခင်မှာပဲသူနှင့်မြကလေးတို့၏ပေါက်ဖွားလာမည့်ရင်သွေးလေးများသည်သစ်သီးခြံထဲတွင်ပြေးလွှားဆော့ကစားကြပေတော့မည်ဟုတွေးရင်းသူ့ရင်တွင်းနှလုံးသားတို့လှိုက်လှဲပူနွေးလာခဲ့ရပါ၏။


‘ကိုကြီး…ကိုကြီးရေ…ဘာတွေများဒီလောက်တောင်စဥ်းစားနေတာလဲလို့…မြကလေးခေါ်နေတာတောင်မကြားဘူး’


‘သြော်…ကိုကြီးနဲ့မြကလေးတို့ရဲ့အနာဂတ်ကိုစဥ်းစားနေတာပါကွာ’


‘အဲ့တာဆို…မြကလေးကိုပြောပြ’


‘ပြောပြရရင်တော့အရှည်ကြီးပဲမြကလေးရဲ့။ကိုကြီးကဒီနေ့ကနေနောင်အနှစ်တစ်ရာအထိစဥ်းစားထားတာကွ’


‘မြကလေးလည်းသိချင်တာပေါ့ကိုကြီးရဲ့’


‘ကဲ…အဲ့လောက်သိချင်နေရင်စတိသဘောနည်းနည်းပဲပြောပြမယ်နော်’


‘ဟုတ်ကဲ့ပါကိုကြီး’


‘မြကလေးကို…ကိုကြီးအတွက်သားသားမီးမီးလေးတွေဆယ်ယောက်လောက်မွေးခိုင်းမယ်လို့စဥ်းစားနေတာကွ’


‘ဟာ…ကိုကြီးကလည်း…နားရှက်စရာတွေ’


‘တကယ်ပြောနေတာပါမြကလေးရယ်။အထီးကျန်နေတဲ့ကိုကြီးဘဝဟာမြကလေးနဲ့တွေ့မှစိုပြည်လန်းဆန်းလာရတာပါ။


အဲ့တာကြောင့်ကိုကြီးလေသားသမီးတွေအများကြီးနဲ့သိုက်သိုက်ဝန်းဝန်းနေချင်တယ်။


ဟော့ဒီအိမ်ကြီးနဲ့သစ်သီးခြံတွေထဲမှာကိုကြီးနဲ့မြကလေးတို့ရဲ့သားသမီးတွေပြေးလွှားဆော့ကစားရယ်မောနေတာကိုမြင်ချင်ကြားချင်လှပြီကွယ်။


ကိုကြီးကိုကလေးများများမွေးပေးနော်မြကလေး…နော်’


‘သိဘူး…မြကလေးကိုလွှတ်ပေးပါအုံးကိုကြီးရဲ့။ဆိတ်ဖလူးပန်းတွေသွားကောက်လိုက်အုံးမယ်နော်’


‘မရဘူး…လွှတ်မပေးဘူးကွာ…လွှတ်ပေးစေချင်ရင်ကိုကြီးကိုကလေးအများကြီးမွေးပေးပါ့မယ်လို့ပြောမှ’


‘ကဲ…မွေးပေးပါ့မယ်တဲ့ရှင်။ကိုကြီးကိုမြကလေးက…ကလေးအယောက်တစ်ရာမွေးပေးပါ့မယ်…ကျေနပ်ပြီလား’


‘ဟား…ဟား…ဟား…ဟား…ဟား’


 


သူနှင့်မြကလေးတို့သည်တစ်ဦးနှင့်တစ်ဦးချစ်ခင်ကြင်နာယုယ၍မဝနိူင်လောက်အောင်ပင်မိုးမမြင်လေမမြင်အချစ်သမုဒ္ဒ ရာကြီးထဲလက်ပစ်ကူးနေမိကြလေတော့သည်။


ဤသို့ဖြင့်…သူတို့လင်မယားပျော်ရွှင်စွာပေါင်းသင်းနေထိုင်လာခဲ့ကြသည်မှာအိမ်ထောင်သက်သုံးနှစ်သို့ပင်တိုင်ခဲ့လေပြီ။


အကြောင်းမတိုက်ဆိုင်သေးသည်ထင့်။မျှော်လင့်နေမိသောရင်သွေးရတနာလည်းမရသေးပေ။


ထို့အပြင်…သူ့တွင်ယောက်ကျ်ားစွမ်းအားချို့ယွင်းသောဝေဒနာကိုခံစားခဲ့ရလေသည်။


အကောင်းဆုံးသမားတော်များနှင့်ကုသခဲ့ပါသော်လည်းအကြောင်းမထူးတော့၍သူလက်လျော့လိုက်ရလေတော့၏။


ကံကြမ္မာကသူ့အားရက်စက်ခဲ့ပေပြီ။


တပိန်ပိန်တလိန်လိန်နှင့်ပင်စိတ်ဆင်းရဲခြင်းသောကများဖိစီးနေသောသူသည်သူတို့၏အိမ်ထောင်သက်ငါးနှစ်မြောက်သောနေ့တွင်ယတိပြတ်ဆုံးဖြတ်ချက်ချခဲ့လိုက်လေတော့၏။


ငယ်ရွယ်နုပျိုကာဆူဖြိုးတက်ကြွလှပနေသောသူ့မယားမြကလေးအားသူ့ဘက်ကအိမ်ထောင်ရေးသာယာမှုကိုမပေးစွမ်းနိူင်တော့ပြီ။


ဇရာအရွယ်ရောဂါသည်ဖြစ်သူ…သူ့အနားသို့ထားကာခြောက်သွေ့ပြီးသာယာမှုကင်းမဲ့သောဘဝကိုမြကလေးအားမပေးရက်နိူင်ပါ။


သူ့မယားကိုတကယ်ချစ်လျှင်သူစွန့်လွှတ်ပေးရမည်သာ။ဒါမှသာတရားနည်းလမ်းကျပေမည်။


မြကလေး၏ဘဝရှေ့ရေးအဆင်ပြေချောမွေ့အေးချမ်းစေရန်အကောင်းဆုံးဆောင်ရွက်ပေးရမည်မှာသူ့တာဝန်ပင်ဖြစ်ပေသည်။


သူ့အသည်းနှလုံးကိုသူကိုယ်တိုင်နင်းချေ၍အစီအစဥ်တစ်ခုကိုအကောင်အထည်ဖော်လိုက်လေတော့သည်။


 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


 


သူ့တပည့်ကျော်စိုင်းနွတ်နှင့်မမြလေးကိုသူကိုယ်တိုင်ပေးစားခဲ့သည်။


သူ့မျက်စေ့အောက်တွင်မြကလေးကိုစိတ်ချလက်ချထားချင်သဖြင့်အိမ်ကြီး၏အပေါ်ထပ်တွင်သူနေပြီးအိမ်အောက်ထပ်တွင်စိုင်းနွတ်နှင့်မြကလေးတို့လင်မယားကိုနေထိုင်ကြရန်စီစဥ်ပေးလိုက်လေသည်။


သင့်တော်သည့်အချိန်တစ်ခုတွင်သူတို့လင်မယားအတွက်သူပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းတချို့ကိုခွဲဝေပေးဖို့ပင်သူစဥ်းစားထားပါသည်။


စိုင်းနွတ်နှင့်မမြလေးတို့ဇနီးမောင်နှံသည်သူ့အပေါ်တွင်ကျိုးနွံရိုသေကြကာတတ်စွမ်းသမျှပြုစုလုပ်ကိုင်ပေးကြသဖြင့်သူ့မှာစိတ်ချမ်းသာခဲ့ရပါ၏။


သွေးသားရင်းချာဆွေမျိုးမရှိသည့်တစ်ကိုယ်တည်းသမားသူ့အဖို့တော့သူတို့လင်မယားသည်သာအရင်းနှီးရဆုံးအယုံကြည်ရဆုံးမိသားစုဝင်များဖြစ်ပေတော့သည်။


သည်သို့နှင့်နေ့ရက်များစွာကုန်လွန်လာခဲ့ပြီးသူ့စိတ်တွေအေးချမ်းလာရသောအချိန်သို့ရောက်လာကာမှပင်အမျိုးအမည်မဖော်တတ်သောဝေဒနာကိုသူခံစားခဲ့ရပြန်လေသည်။


ခုတလောသူ့မှာနေရင်းထိုင်ရင်းနှင့်ပင်မော…မောလာသည်။ခြေတွေလက်တွေလေးလံနေပြီးအစားအသောက်ပါပျက်လာခဲ့၏။


ဆရာဝန်နှင့်ပြသခဲ့သော်လည်းအသက်အရွယ်ကြောင့်အားနည်းခြင်းသာဖြစ်သည်။တခြားထွေထွေထူးထူးရောဂါမရှိပါဟုသာအဖြေရခဲ့လေသည်။


စိတ်ဓါတ်ကျနေသောသူ့အားမမြလေးတို့လင်မယားကအစွမ်းကုန်ဂရုစိုက်ပြုစုပေးခဲ့ကြပေ၏။


သူ့အတွက်နှင့်အအိပ်ပျက်အစားပျက်ခံကာစိတ်ရှည်လက်ရှည်ပြုစုပေးကြသောမမြလေးနှင့်စိုင်းနွတ်တို့လင်မယားကိုသူကျေးဇူးတင်ကာသာဓုအကြိမ်ကြိမ်ခေါ်ခဲ့ရပါသည်။


 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


 


ယနေ့ညမှမည်သို့ဖြစ်သည်မသိ။သူ့မျက်လုံးတို့ကြောင်နေကာအိပ်၍မပျော်ဖြစ်နေရသည်။


အိပ်ပျော်စေရန်ပျားရည်နှင့်ရေနွေးပူပူလေးဖျော်သောက်မှဖြစ်တော့မည်။


အိမ်အောက်ထပ်ထမင်းစားခန်းထဲသို့သူဝင်သွားလိုက်သည်။ကပ်ရက်အခန်းမှာမမြလေးနှင့်စိုင်းနွတ်တို့လင်မယားအခန်းဖြစ်ပါ၏။


သူ့ကိုပြုစုရ၍ပင်ပန်းနေကြသောသူတို့လင်မယားကိုသူ့ကြောင့်အိပ်ရေးမပျက်စေချင်သည့်စေတနာဖြင့်ခြေလှမ်းဖွဖွနင်းကာကြောင်အိမ်ပေါ်မှပျားရည်ဘူးကိုယူရန်လက်အလှမ်း…


မမြလေးတို့အခန်းထဲမှခပ်အုပ်အုပ်စကားသံကိုကြားလိုက်ရလေသည်။သူ့စိတ်ထဲတွင်မသိုးမသန့်ခံစားရ၍အခန်းနံရံကိုနားကပ်ပြီးနားထောင်မိလိုက်ရပါ၏။


‘မိန်းမ…ငါတို့အကြံအဆင်ပြေတယ်မဟုတ်လား’


‘ယောကျ်ားမြင်တဲ့အတိုင်း…အဖိုးကြီးယဲ့ယဲ့ပဲကျန်တော့တယ်လေ’


‘ပိပိရိရိတော့ရှိပါစေကွာ’


‘အို…နေ့တိုင်းသူစားမယ့်ထမင်းဟင်းထဲကောရေနွေးဓာတ်ဘူးထဲကိုပါအဲ့ဒီအမှုန့်တွေခပ်ထားတာပဲ။အဖိုးကြီးနည်းနည်းမှမရိပ်မိပါဘူးရှင်။


ဒါနဲ့…ယောက်ကျ်ားရယ်…အဲ့ဒီ့အမှုန့်တွေကဘာမှုန့်တွေလဲဟင်’


‘ပိုးသတ်ဆေးမှုန့်ပါကွာ။မင်း…သူ့ကိုထမင်းကျွေးတဲ့အခါတိုင်းတစ်နေ့ကိုနည်းနည်းချင်းခပ်ခိုင်းတာကအဖိုးကြီးတဖြည်းဖြည်းနဲ့လုံးပါးပါးပြီးသေအောင်လို့ပေါ့။


 အဲ့တာမှလူတွေအမြင်မှာလည်းနာတာရှည်ရောဂါနဲ့သေတာလို့ထင်မှာပေါ့ကွ’


‘ပြောမပြောချင်ပါဘူးယောကျ်ားရယ်…မနက်ကလည်းမောလို့လာတွဲပါဦးတဲ့လေ…သွားတွဲရသေးတယ်သိလား။သေကာနီးမှရိက္ခာယူနေတဲ့အဖိုးကြီးပါတော်’


‘စိတ်ရှည်ပါကွာ…ငါတို့လင်မယားရွှေဘုံပေါ်စံရဖို့နီးနေပါပြီမိန်းမရာ’


 


ကြားလိုက်ရသောစကားတို့ကြောင့်သူ့ခေါင်းထဲတွင်မိုက်ခနဲဖြစ်သွားကာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍အံကိုတင်းတင်းကြိတ်ထားမိလေသည်။


သူခံစားနေရသောဝေဒနာမှာသင်းတို့လက်ချက်ဖြစ်မှန်းသိလိုက်ရ၍ဒေါသစိတ်ကြောင့်အသားများတဆတ်ဆတ်တုန်လာခဲ့လေသည်။


သူတို့ရှိရာသို့ချက်ချင်းပြေးသွားပြီးတစ်ခုခုလုပ်ရန်သူကြံလိုက်သည်။


သို့ရာတွင်…သူစီစဥ်စရာရှိသည်တို့ကိုစီစဥ်ရပေဦးမည်မို့သူ့စိတ်ကိုတည်ငြိမ်အောင်ထိန်း၍အပေါ်ထပ်သို့အသာအယာပြန်တက်ခဲ့လိုက်ပါတော့၏။


 


အတိတ်ဆီသို့အတွေးလွန်နေမိသောသူသည်သူ့အိမ်ကိုလှမ်းမြင်နေရသောနေရာသို့ရောက်ကာမှပင်သတိပြန်ဝင်လာခဲ့ပြီးအတွေးစကိုဖြတ်လိုက်ရလေသည်။


ထို့နောက်…မြွေပွေးခါးပိုက်ပိုက်မိခဲ့သောသူ့အဖြစ်ကိုသူရယ်ချင်လာ၍အသံနက်ကြီးဖြင့်အားရပါးရအော်ဟစ်ရယ်မောလိုက်လေတော့သည်။


‘ဟား…ဟား…ဟား…ဟား…ဟား’


 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


 


လှေကားမှတစ်ထစ်ချင်း…တစ်လှမ်းချင်းဆင်းခဲ့ပြီးစိုင်းနွတ်နှင့်မမြလေးတို့အိပ်ခန်းတံခါးကိုသူတွန်းဖွင့်လိုက်သည်။


စေ့ထားသောတံခါးကအလွယ်တကူပွင့်သွား၏။


အိပ်နေကြသောလင်မယားနှစ်ယောက်မှာလန့်နိုးလာပြီးညဥ့်နက်သန်းကောင်အချိန်ကြီးတွင်မလာစဖူးအလာထူးသောသူ့ကိုအံ့အားသင့်သောအကြည့်များနှင့်ကြည့်ကာအိပ်ရာထဲမှကပိုကရိုထလာခဲ့ကြသည်။


‘ဆရာကြီးဘာခိုင်းချင်လို့လဲ’


နှစ်ယောက်လုံးကိုသူအေးစက်စက်ပြုံးပြလိုက်ပြီး…


‘မင်းတို့လင်မယားကိုခရီးသွားခိုင်းမလို့ကွ’


‘ဘယ်ကိုသွားရမှာလဲဆရာကြီး’


‘ငရဲပြည်ကို’


သူ…ခါးကြားထဲမှသေနတ်ကိုဆွဲထုတ်ပြီးသူတို့ကိုချိန်ရွယ်လိုက်သည်။


‘မနေ့ညကမင်းတို့ပြောတဲ့စကားတွေအကုန်လုံးငါကြားပြီးပြီကွ။ကျေးဇူးရှင်ကိုမှကျေးစွပ်တဲ့လူယုတ်မာလင်မယား…ကိုင်း’


ပထမဦးဆုံးကျည်တစ်တောင့်က…အကြောက်လွန်ကာကြက်သေသေနေသောစိုင်းနွတ်ရင်ဝသို့။


‘ဒိုင်း…’


ဒုတိယကျည်တစ်တောင့်က…သူ့ကိုလက်အုပ်ချီ၍မသတ်ရန်တောင်းပန်နေသောမမြလေး၏ညစ်ထေးနေသောနှလုံးသားတည့်တည့်ဆီသို့။


‘ဒိုင်း…’


ပြင်းထန်သောပေါက်ကွဲသံကြီးနှစ်ချက်ဖြင့်ကြမ်းပြင်ပေါ်သို့လဲကျသွားသောသူတို့၏မျက်လုံးများမှာထိတ်လန့်ပြူးကျယ်ဝိုင်းစက်လျက်။


သွေးအိုင်ထဲတွင်သူတို့၏ခန္ဓာကိုယ်များလူးလွန့်နေကြကာ တခဏအကြာတွင်ငြိမ်သက်သွားကြလေတော့သည်။


သူတို့၏သေဆုံးခြင်းကိုအတည်ပြုလိုက်ပြီးအနီးရှိကုလားထိုင်ပေါ်ထိုင်၍သူခေတ္တအမောဖြေလိုက်၏။


ထို့နောက်…


သေနတ်ကိုင်ထားသောသူ၏လက်မှာအပေါ်သို့မြောက်တက်လာပြီးတတိယကျည်တစ်တောင့်ကိုသူ၏နားထင်တည့်တည့်သို့။


‘ဒိုင်း…’


ပိန်းပိတ်မည်းမှောင်နေသောလကွယ်ညသန်းကောင်ယံအချိန်တွင်ကျယ်လောင်မြည်ဟည်းစွာသောပေါက်ကွဲသံသုံးချက်မှာဆင့်ကဲ၍အိမ်မဲကြီးဆီမှထွက်ပေါ်လာလေသည်။


 


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


 


နောက်နေ့မနက်တွင်ဘုန်းတော်ကြီးဦးဝိမလကကပ္ပိယကြီးကိုစေလွှတ်၍သတင်းပေးအကြောင်းကြားခိုင်းသောကြောင့်မြို့ပေါ်မှသက်ဆိုင်ရာအဖွဲ့များသည်အိမ်မဲကြီးဆီသို့လာရောက်စစ်ဆေးခဲ့ကြသည်။


အိမ်အောက်ထပ်အိပ်ခန်းထောင့်တွင်ရင်ဝမှာကိုယ်စီဒဏ်ရာနှင့်လဲကျသေဆုံးနေသောအသက်သုံးဆယ်ဝန်းကျင်ခန့်အမျိုးသားအမျိုးသမီးနှစ်ဦးနှင့်ခပ်လှမ်းလှမ်းမှကုလားထိုင်ပေါ်တွင်ထိုင်လျက်အနေအထားဖြင့်နားထင်ဖောက်ဝင်ဒဏ်ရာနှင့်သေဆုံးနေသောအသက်ငါးဆယ်ကျော်ခန့်လူကြီးတစ်ဦးတို့ကိုသွေးပျက်ဖွယ်ရာမြင်တွေ့လိုက်ရလေတော့သည်။


အပေါ်ထပ်စာကြည့်စားပွဲပေါ်မှဖန်တုံးဖြင့်ဖိထားသောစာတစ်စောင်နှင့်ဘုန်းတော်ကြီးဦးဝိမလကိုကပ်လှူခဲ့သောစာအိတ်ထဲမှစာတို့ကိုပုဂ္ဂိုလ်တစ်ဦးကအသံထွက်၍ဤသို့ဖတ်လိုက်လေသတည်း။


စာ(၁)


ဘုန်းတော်ကြီးဦးဝိမလထံသို့…


တပည့်တော်ပိုင်ဆိုင်သောသစ်သီးခြံများနှင့်နေအိမ်ကြီးအားဘုန်းဘုန်းအားလှူဒါန်းခဲ့ပါသည်။


ဗုဒ္ဓ သာသနာပြန့်ပွားထွန်းကားရေးအတွက်ဘုန်းဘုန်းသင့်တော်သလိုစီမံပါဘုရား။


(စိုင်းဝဏ္ဏ)။


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


စာ(၂)


ခွေးထက်မိုက်သောလူယုတ်မာလင်မယားအားသေဒဏ်အပြစ်ပေးလိုက်သည်။


ရှုပ်ထွေးပွေလီလှသောလောကကြီးတွင်မနေလိုတော့သောကျွန်ုပ်သည်လည်းကိုယ့်ကိုယ်ကိုယ်ဆူဆိုက်လုပ်လိုက်ရပါကြောင်း။


(စိုင်းဝဏ္ဏ)။


 


#ဇင်မေ(နေပြည်တော်)


၁၅.၉.၂၀၂၁


 


စာမူအဆုံးထိတင်ပေးလိုက်ပါပြီ။


စာဖတ်သူအပေါင်းကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည