ကိုယ့်နာရေး ကိုယ်ပြန်ဖတ်မိသူ

 ကိုယ့်နာရေး ကိုယ်ပြန်ဖတ်မိသူ

-----------------------------

အသက်ရှင်နေသေးသူတစ်ယောက်သည် မိမိနာရေးကို သတင်းစာတွင် ဖတ်လိုက်ရလျှင် မည်သို့ဖြစ်သွား မည်နည်း။ 


တစ်ချိန်က ထိုအဖြစ်အပျက်မှာ အမှန်တကယ်ဖြစ်ခဲ့သည်။


ဒိုင်းနမိုက်ကို တီထွင်ဖော်ထုတ်ခဲ့သော အဲဖရက် နိုဘယ်သည် တစ်နေ့တွင် သတင်းစာကို ဖတ်နေစဉ် နာရေးကြောငြာ၌ “ဒိုင်းနမိုက်ဘုရင်ကြီးသေဆုံး” ဆိုသည့် ခေါင်းစည်းကြီးကို မြင်လိုက်ရသည်။ 


ထိုနာရေးသတင်းတွင် သူစိတ်အထိခိုက်ဆုံး စာလုံးမှာ


“သေမင်းကုန်သည်” ဟု သူ့ကို ခိုင်းနှိုင်းထားခြင်းဖြစ်သည်။


သူသည် သေမင်းကုန်သည်လား အဖန်ဖန် ပြန်စဉ်းစားသည်။ ဒိုင်းနမိုက်ကို သူစတင်တီထွင်စဉ်က လူတွေ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည် မဟုတ်။ တောင်များ လမ်းများ ဖောက်လုပ်ရန်တွင် လွယ်ကူစေရန် အလို့ငှာ တီထွင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း လူတွေက စစ်ပွဲနှင့် လူသတ်ရန်အတွက် ကြံဆောင်ကြသည်။ ထို့အတွက်လည်း သူစိတ်မကောင်းဖြစ်ရသည်။ ဒိုင်းနမိုက်ကို တီထွင်နိုင်ခဲ့ ခြင်းကြောင့် သူသည် ချမ်းသာသွားခဲ့သည်မှာ မှန်ပါသည်။ သို့သော် သူ့ကို သေမင်းကုန်သည်ဟု ပြောခြင်း အပေါ် စိတ်ထိခိုက်သွားသည်။


ထိုအချိန်မှစတင်ပြီး သူသည် ပြန်လည်စဉ်းစား သုံးသပ်ခြင်းတို့ကို ပြုလေသည်။ စိတ်ထိခိုက်သွားသဖြင့် လည်း သူသည် လူ့လောကကောင်းကျိုးအတွက် တစ်ခုခုလုပ်ဆောင်ရန် စီစဉ်တော့သည်။ ထိုနေ့မှ စတင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ 


နိုဘယ်သည် သူ့သေတမ်းစာတွင်လည်း သူပိုင်ဆိုင်သမျှ အားလုံးကို လူသားကောင်းကျိုးအတွက် လုပ်ဆောင်နေကြသောသူများအား ဆုအဖြစ်ချီးမြှင့်ပေးရန် သတ်မှတ်ခဲ့သည်။ ၁၉၀၁ ခုနှစ်က စတင်၍ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးညာ၊ စာပေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ထူးချွန်စွာ လုပ်ဆောင်ခဲ့သူများအား ဆုချီးမြှင့်ခဲ့ပါသည်။ 


အသိနှင့် သတိတစ်ခုက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ခြင်သုံးသပ်စရာ ဖြစ်သွားသည်။ 


လူတိုင်း နောင်တရသည်ဆိုကာ အစကို ပြန်မသွားနိုင်ပါ။ သို့သော် နိဂုံးအချိန်တွင်လည်း အသေကောင်း စေရန်အတွက် အကောင်းဆုံးတစ်ခုခုကို ဆုံးဖြတ်ကာ လုပ်ဆောင်သွားနိုင်ပါသည်။ 


မိုက်တွင်းနက်စွာဖြင့် တွင်းတူးကာ မိုက်နေသူများလည်း ဆင်ခြင်စရာဖြစ်သည်။

ကိုယ့်နာရေးကို ကိုယ်မတွေ့ချင်၊ မဖတ်ချင်သော်လည်း ကိုယ့်နာရေးကို ရေးနေသော သူတွေက နေ့စဉ် ရှိနေနိုင်သည်။ ကိုယ့်ကို သေပါစေဟု နေ့စဉ် ဆုတောင်းနေသူတွေကလည်း အမှန်တကယ်ရှိနေမည် ဆိုလျှင် အသက်ရှင်နေရခြင်းမှာ မည်မျှတန်ဖိုးမဲ့လှသနည်း။


လောကတွင် လူဖြစ်နေသော်လည်း အသက်ရှင်ပြီး သေနေသူတွေ များစွာရှိသည်။ ထိုသူများမှာ လမ်းဆုံး နေပြီဖြစ်သောကြောင့် နောက်ကြောင်းပြန်လျှောက်၍လည်း မရတော့


နောက်ကြောင်း ပြန်လျှောက်လျှင်လည်း သမိုင်းကမကောင်းတော့


ထို့ကြောင့်


ရောက်သည့်နေရာကစပြီး


“အကောင်းဆုံးဖြစ်အောင် ငါဘာလုပ်မည်နည်း” ဟုသာ စဉ်းစားရန်ရှိသည်။


အဲဖရက်နိုဘယ်ကို သတင်းစာက “သေမင်းကုန်သည်” ဟု တင်စားသည်။


ငါသေလျှင် ငါ့ကို လူတွေက မည်သို့တင်စား ခိုင်းနှိုင်းကြမည်နည်း ဆိုခြင်းကို အသိတရားလေး တစ်ချက် ဝင်လိုက်လျှင် ကောင်းရာသုဂတိလားကောင်း လားနိုင်သည်။


နိုဘယ်က သူ့သမိုင်းကို နောက်ဆုံးကျမှ အကောင်းဆုံးရေးသွားသည်


မိုက်တွင်းနက်နေသူတွေကတော့ သူတို့သမိုင်းကို အကောင်းဆုံးရေးရန် စိတ်ကူးမည့်အစား မထူးဇာတ် ခင်းကာ တွင်းကိုနက်သည်ထက်နက်စွာ ဆက်တူးနေကြသည်။ 


(Ref: How do you want to be remember?)


တင်ညွန့်


၁၉.၁၂.၂၀၂၁