ဘဝဆိုတာ လက်ဆောင်သည်သာ

 ဘဝဆိုတာ လက်ဆောင်သည်သာ


"ကျွန်တော် နားချင်နေပြီ..." ။

 ပင်ပန်းနွမ်းနယ်နေသော အမျိုးသားတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

ထိုအခါ သေမင်းသည် သူ့စကားကို စောင့်မျှော်နားစွင့်နေခဲ့သည်ကို သူ တစ်ခါမျှ စဉ်းစားမထားမိခဲ့ပေ။

သူသည် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။

သူသည် အရာအားလုံးကို ထမ်းပိုးခဲ့သည်။

သူသည် အရာအားလုံးကို အပြစ်တင်ခဲ့သည်။

• လုပ်ငန်းခွင်မှ ဖိစီးမှုများကို။

• အမြဲတမ်း မျက်စိနောက်နေရသည့် သူ့ဇနီးကို။

• ထပ်ခါထပ်ခါ စားရသည့် ဟင်းလျာများကို။

• သူနှင့် အမြဲကစားချင်နေသည့် သူ့ချစ်သမီးလေးကို။

• အကြံဉာဏ်ကောင်းများ ပေးရန် ကြိုးစားနေသော သူ့ဖခင်ကိုပါ မကျေမနပ် ဖြစ်ခဲ့သည်။


"ငါ စိတ်ကုန်နေပြီ... အေးချမ်းတဲ့ ဘဝကို လိုချင်ပြီ" ဟု သူသည် ညတိုင်း မွန်းကျပ်စွာ ရေရွတ်ခဲ့သည်။

တစ်နေ့တွင် သေမင်းက သူ့ကို ပြန်လည်ဖြေကြားလာခဲ့သည်-

"မင်းကို လာခေါ်တာပါ။မင်းရဲ့ ညည်းညူသံတွေကို ကြားခဲ့ပြီ။ မင်း ပင်ပန်းနေပြီ။ မင်းပြောတာ မှန်ပါတယ်။ အခု အပြီးတိုင် အနားယူဖို့ အချိန်တန်ပြီ။"

အမျိုးသားသည် လန့်ဖျပ်ပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်သည်-

"ဒါပေမဲ့... ကျွန်တော့်ရဲ့ ဘဝကရော ဘာဆက်ဖြစ်မှာလဲ။"

သေမင်းကမူ အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။


"မင်းရဲ့အလုပ်မှာ မင်းနေရာကို တခြားသူတစ်ယောက်ကို အစားထိုးခန့်ထားလိုက်ပြီ။ သူ လနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေတာမို့ အခုတော့ အရမ်းပျော်နေရှာတယ်။

ဘဝက မင်းရဲ့ဇနီးဆီကို သူမ ချက်ပြုတ်တဲ့ ဟင်းလျာတွေကို တန်ဖိုးထားတတ်တဲ့ ယောက်ျားကောင်းတစ်ဦးကို ပို့ပေးလိုက်ပြီ။

မင်းရဲ့သမီးကတော့ အခု သူ့အတွက် ပင်ပန်းလွန်းတယ်ဆိုပြီး ဘယ်တော့မှ အချိန်မရှိဘူးလို့ မငြင်းတဲ့သူတစ်ယောက်နဲ့ ပျော်ရွှင်စွာ ကစားနေပြီ။

မင်းရဲ့အဖေကတော့... မင်းကို နောက်ဆုံးတစ်ကြိမ်လေးတောင် မဖက်လိုက်ရလို့ နေ့တိုင်း မျက်ရည်ကျနေရှာတယ်။"

သူ့ကို ခေါ်ဆောင်သွားခဲ့သည်.။

မထင်မှတ်ထားသော ပုံစံအတိုင်းပင်။

ရုပ်ပုံထဲကလို။

ဂုဏ်ပြုအခမ်းအနားမရှိ၊ လက်ခုပ်သြဘာပေးသူမရှိ၊ နှုတ်ဆက်ဖို့ အချိန်ပိုပေးခြင်းမရှိ။


သူ "ဝန်လေးလွန်းတယ်" ဟု အမြဲဆိုခဲ့သော ဘဝသည် သူ့ထံမှ အသိမပေးဘဲ ရုတ်တရက် ထွက်ခွာသွားသောကြောင့် သူ့ခန္ဓာကိုယ်ထည့်ထားသည့် ခေါင်းတလားကို ကရိန်းဖြင့် မြှောက်၍ သယ်သွားခဲ့သည်။

ထိုအဖြစ်အပျက်များကြားတွင် သူသည် အော်ဟစ်နေသည်-

"မသေချင်ဘူး! ကျွန်တော် အသက်ရှင်ချင်တယ်!"

သမီးကို နမ်းခွင့်ပေးပါ။

အဖေကို ဖက်ခွင့်ပေးပါ။

တစ်ခါမှ တန်ဖိုးမထားခဲ့တဲ့ ဇနီးကို ကျေးဇူးတင်ကြောင်း ပြောခွင့်ပေးပါ။

"ကျွန်တော် အဆင်သင့် မဖြစ်သေးဘူး!"

သို့သော်လည်း နောက်ကျလွန်းနေပြီ။

ထိုအခါ... သူ ရုတ်တရက် နိုးလာသည်။

ဒါဟာ အိပ်မက်တစ်ခုသာ ဖြစ်သည်။


သတိပေးချက်အသွင် ဆောင်ထားသော ဘဝရဲ့ ဒုတိယအခွင့်အရေး။

သူ ထိတ်လန့်တကြား ထရပ်လိုက်သည်၊ သမီးလေးကို အားရပါးရ နမ်းသည်၊ ဇနီးသည်ကို ဖက်သည်၊ ဖခင်ကို ဖုန်းဆက်ခေါ်သည်..။

ထို့နောက် "မိမိ၏ အဆုံးသတ်" ကို မြင်ဖူးသူများသာ အမှန်တကယ် နားလည်သော အရာတစ်ခုကို သူ လုံးဝ သဘောပေါက်လိုက်သည်။


ဘဝသည် လက်ဆောင်တစ်ခုလည်း ဖြစ်ကြောင်း နားမလည်မချင်း ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေပေလိမ့်မည်။ ထိုလက်ဆောင်ကို တန်ဖိုးထားဖို့အတွက် နောက်တစ်နေ့ မနက်ခင်းဆိုတာ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူး။


#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန်