နောင်ဘဝဆိုတာရှိပါလျှင်(စ/ဆုံး)
———————–
“ဆရာ …”
“ဘာလဲကွ”
“ဆရာ နှစ်လသင်တန်းပါတယ်ဆို”
“အေးလေ … ဘာဖြစ်လို့လဲ”
“ဒီလိုဆရာ … ကျွန်တော် မိန်းမခိုးတော့မလို့ … အဲဒါ … ဆရာ သင်တန်းသွားတုန်း နှစ်လလောက် ဆရာ့အိမ်မှာ နေပါရစေ”
ကျွန်တော့်ကျောင်းမှ မူလတန်းပြဆရာလေး မောင်အောင်ဆင့်က ကျွန်တော့ကို အပူလာကပ်နေခြင်းဖြစ်သည်။
“အောင်ဆင့် … မင်းက ငါ့အိမ်မှာနေတာ နေနိုင်ပါတယ် … ဒါပေမဲ့ ငါက သင်တန်းပြန်လာတော့”
“ဆရာရယ် … အဲဒီလောက်ဆိုရင် သူ့မိဘတွေက ပြန်ပြီး လက်ခံလောက်ပါပြီ … နောက်ပြီးတော့ ဆရာ့ကိုပဲ မိန်းမ ပြန်အပ်ပေးဖို့ အကူအညီတောင်းရမှာ … ကျွန်တော့်ကောင်မလေးအဖေက ဆရာ့သူငယ်ချင်းတဲ့”
“ဘယ်သူလဲကွ”
“ငှက်ကြီးစမ်းက … ဆရာဖေမြိုင်”
“အလို … ဖေမြိုင်သမီးလား … ငါသိတာပေါ့ … ဒါပေမဲ့ မင်းလုပ်ပုံက ဖေမြိုင်နဲ့ငါ့ကို ရန်တိုက်ပေးသလို ဖြစ်တော့မှာ”
“အဲဒါကြောင့် ဆရာ့အိမ်မှာနေမယ် … ဆရာသင်တန်းပြီးရင် ပြန်လာတော့မှ လိုက်ပြောပေးပါဆရာရယ် … နော် … နော်”
ခက်တော့နေပြီ။ ကလေးတစ်ယောက်လို ကပ်ချွဲနေပြီး ခင်မင်စရာကောင်းသည့် မောင်အောင်ဆင့်လက်ထဲကို အိမ်သော့အပ်ကာ ကျွန်တော် ဆရာအတတ်သင် နှစ်လသင်တန်းကို ထွက်ခွာခဲ့ရပါသည်။
သင်တန်း နှစ်လဆိုသည့် ကာလမှာ ဘာမျှမကြာလိုက်ပါ။ ကျွန်တော်အိမ်ပြန်ရောက်တော့ အိမ်တွင် တစ်ယောက်မျှ လူမရှိ။ အိမ်ဘေးအိမ်မှ ဒေါ်ရီကို အိမ်သော့အပ်သွားသည်။
“ဒေါ်ရီ … ကောင်လေးနဲ့ ကောင်မလေး လာမနေဘူးလား”
“လာနေတယ်ဆရာ … ကောင်မလေးနဲ့ ရန်တွေအကြီးအကျယ်ဖြစ်ကြတယ်ဆရာ … နောက်တော့ ကောင်မလေး ထွက်သွားတယ်။ ကောင်လေးလည်း မူးတာမှ ဒေါင်ချာစိုင်းနေတာပဲ။ နောက်ကောင်လေး မလာတော့ဘူး။ တစ်ပတ်လောက်ရှိပြီ”
ခက်တော့နေပြီ။ လူငယ်တွေများ အိမ်ထောင်သားမွေး အလုပ်ကို ထမင်းစား၊ ရေသောက်သလို သဘောထားနေကြ သလားမသိ။
နောက်တစ်နေ့ ကျွန်တော် ကျောင်းကို စောစောထွက်ခဲ့သည်။ အောင်ဆင့်ကျောင်းမတက်သည်မှာ သုံးရက်ခန့် ရှိနေပြီဟု သိရသည်။ ကျွန်တော်က သူ့အိမ်ကို လိုက်ရပြန်သည်။ အောင်ဆင့်ကို သူ့အမေအိမ်တွင် တွေ့ရသည်။ ရိုးရိုးတော့မဟုတ်၊ မူးပြီးအိပ်နေသည်။
“ဟေ့ကောင် … အောင်ဆင့် … ထစမ်း”
ကျွန်တော်ကလှုပ်နှိုးလိုက်မှ အောင်ဆင့် လူးလဲထပြီး မျက်စိများကို ပွတ်ကြည့်သည်။
“ဟေ့ကောင် … ဘာဖြစ်လို့ မူးနေလဲ … ပြီးတော့ ကောင်မလေးရော”
အောင်ဆင့်က ကျွန်တော့်ကို သေသေချာချာကြည့်ပြီး
“အမလေး ဆရာရယ် … ကယ်ပါဦးဗျ” ဆိုက ဖက်ငိုတော့သည်။
“ဟဲ့ကောင် … ဖယ်စမ်းပါဦး … ဘာဖြစ်တာလဲ”
“ဆရာ … ဆရာရယ် ဘာဖြစ်လို့ စောစောကတည်းက မပြောရတာလဲဗျာ”
“ငါက ဘာပြောရမှာလဲကွ”
“ဆရာ့အိမ်မှာ အစောင့်အရှောက်တွေရှိတယ်ဆိုတာ”
“ဘာအစောင့်အရှောက်တွေလဲ … ငါမသိပါလား”
“မနောက်ပါနဲ့ဆရာရယ် … ဆရာ့အိမ်က မိန်းမတစ်ယောက်ကြောင့် ကျွန်တော့်ကောင်မလေး ထွက်ပြေးရတာ”
“ဟာ … ခက်နေပါပေါ့ … ငါ့အိမ်မှာ ဘာမိန်းမမှ မရှိဘူးကွ … အောင်ဆင့် … ဘာဖြစ်သလဲပြောစမ်း … ဘာတွေ ဖြစ်လို့လဲ”
“ဒီလိုဆရာ …”
အောင်ဆင့်က ကျွန်တော်သင်တန်းသွားပြီး နှစ်ရက်အကြာ မိန်းမခိုးသည်။ သူက ကျွန်တော့်အိမ်ကို ခေါ်လာသည်။ ရပ်ကွက်ကိုရော၊ အိမ်နီးချင်းတွေပါ ပြောခဲ့သဖြင့် ပြဿနာမရှိ။ သူတို့ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ ပထမ မင်္ဂလာဦး ညမှာပင် ပြဿနာစသည်။
ကျွန်တော်အိပ်သည့် ကုတင်က နှစ်ယောက်အိပ်ကုတင်ကြီးဖြစ်သည်။ အဘိုးနှင့် အဘွားလက်ထက်ကတည်းက မင်္ဂလာဦးကုတင်ဖြစ်ပြီး အဖေနှင့် အမေက အမွေဆက်ခံသည်။ ယခု ကျွန်တော့်ကို အမွေဆက်ပေးခဲ့သည်။
ဇနီးမောင်နှံနှစ်ယောက်ကြင်စဦးညမှာပင် အောင်ဆင့် ကုတင်ပေါ်က ပြုတ်ကျသည်။
“ဟဲ့ကောင်ရယ် … ကုတင်ပေါ်က ပြုတ်ကျရလောက်အောင် ကဲရသလား”
“မဟုတ်ဘူးဆရာ … ညဥ့်နက်နေပြီ … ကျွန်တော့်ကို ကုတင်ပေါ်က ကန်ချလိုက်သလိုကို ဖြစ်တာ”
“မင်းမိန်းမ အအိပ်ဆိုးတာနေမှာပါ”
“မဟုတ်ဘူးဆရာ … သူလည်း ဘာမှမသိဘူး အိပ်ပျော်နေတယ်”
“ဒါဆို …”
“ကျွန်တော်ပြန်ပြီး အိပ်တယ်ဆရာ … အိပ်မပျော်တာနဲ့ ဟိုကြည့်သည်ကြည့် သတိထားနေတာ … စကားပြောသံ လိုလိုကြားတယ်ဆရာ … ကျွန်တော်က ကုတင်အောက်ကထင်ပြီး လက်နှိပ်မီးနဲ့ထိုး … မဟုတ်ဘူးဆရာ … ဘာမှကို မတွေ့တာ … ကျွန်တော်လည်း ကောင်မလေးကို ကြောက်နေမှာစိုးလို့ ဘာမှမပြောဘူးဆရာ”
“ထူးဆန်းလှပါလား … ငါတော့ တစ်ကြိမ်မှ မကြုံဖူးဘူးကွ”
“ဆရာ … နောက်တစ်နေ့ ကျွန်တော့်မိန်းမ ကန်ချခံရတယ် … နောက်တော့ အိပ်နေရင် မီးဖိုခန်းထဲက အိုးသံ ခွက်သံတွေကြားတယ် …သွားကြည့်ရင် ဘာမှ မတွေ့ဘူးဆရာ”
“မင်းကလည်း ကြောင်ဖြစ်မှာပါ … ဘေးအိမ်ကကြောင်က ငါ့ဆီကို လာနေကျ”
“ကြောင် မဟုတ်ပါဘူးဆရာရယ် … ကျွန်တော့်မိန်းမ ကိုယ်တိုင်တွေ့တာပါ … မိန်းမတစ်ယောက်တဲ့ … ရုပ်တော်တော်ချောတယ်တဲ့”
“ကျားသားမိုးကြိုး … မဖြစ်နိုင်တာ … ငါဒီအိမ်မှာနေတာ နှစ်ပေါင်း ၄၀ ကျော်ပြီကွ … ဘာမှမတွေ့ပါဘူး”
“ဆရာရယ် တကယ်တွေ့တာပါ”
“နေပါဦး … မင်းမိန်းမက မနေချင်လို့များ ပြောတာလား”
“မဟုတ်ဘူးဆရာ … ဆရာ့သူငယ်ချင်းကလည်း လက်မှမခံသေးတာ … ခုဟာက ကျွန်တော်ကိုယ်တိုင်တွေ့တာ”
“ဟာ … မင်းကိုယ်တိုင်တွေ့တာ … ဘယ်လို …”
“ဟုတ်တယ်ဆရာ … ဖြူဖြူချောချော … ထဘီကအနီရောင်အကွက်လေးနဲ့ … အင်္ကျီက ရင်ဖုံး … မင်းသမီးတွေ ဝတ်တဲ့ အင်္ကျီလိုမျိုး … လည်ပင်းမှာ ပုလဲလိုလိုဆွဲထားတယ် … ဆံပင်ကဆံထုံးနဲ့ … ဟိုလေဆရာရယ် … ဘယ်လိုဝတ်စုံမျိုးလဲဆိုတော့ မွန်ဝတ်စုံလိုမျိုး တော်တော်တူတယ်”
“အဲဒါနဲ့ မင်းက အရက်မူး … ကောင်မလေးက ဘယ်ရောက်သွားပြီလဲ”
“ဆိုးတယ်ဆရာ … ကျွန်တော့်ကောင်မလေးက ကြောက်လို့တဲ့ … တခြားမှာ အိမ်ငှားနေရအောင်တဲ့ … ကျွန်တော် ဘယ်လိုလုပ်ရမှာလဲဆရာ … ညတိုင်းအိပ်လို့မရဘူး … သောင်းကျန်းတယ်။ စောင်တွေကို ဆွဲချတယ်။ တံခါး ချက်ကျကျနေလို့ အပေါ်ကကျော်ကျော်တက်ရတယ်။ ဆရာ … ဒါတွေကို မသိဘူးလား”
“မသိဘူးကွ … ငါတော့ တစ်ကြိမ်မှကို မတွေ့တာအမှန်ပဲ”
“ဆရာ … ဆရာ့အိမ်မှာ အစောင့်အရှောက် ရှိတာတော့ အမှန်ပဲဆရာ … ကျွန်တော်တို့ကို မနေစေချင်တာလည်း အမှန်ပဲ … ဒါကြောင့် ညတိုင်းကြောက်နေရတာကို ရင်မဆိုင်ချင်တော့တာနဲ့ ကျွန်တော့်ကောင်မလေး သူ့အိမ်ပြန်သွားတာကို ခွင့်ပြုထားလိုက်တာ … ဆရာ ကယ်ပါဦး … ကျွန်တော့်ကို ဆရာ့သူငယ်ချင်းဆီမှာ မိန်းမလိုက်တောင်းပေးပါဦး … ကျွန်တော် သူနဲ့ မခွဲနိုင်ဘူးဆရာ”
နောက်ဆုံးတွင် ကျွန်တော်ပဲ မိန်းမလိုက်တောင်းပေးလိုက်ရပါသည်။ သူတို့အားလုံး ကျေနပ်စွာဖြင့် မင်္ဂလာကိစ္စ ပြီးသည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ကျွန်တော့်မှာ အလုပ်တစ်ခုပိုလာသည်။ အောင်ဆင့်ပြောသည့် သူတို့ကို ချောက်နေသော သရဲဆိုသည်ကို ညတိုင်း စောင့်ဖမ်းရသည့် အလုပ်တစ်ခုပိုလာသည်။
သတိထားရမှ ကြောင်လည်းမလာ၊ ကြွက်လည်းမသောင်းကျန်း၊ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
ညတိုင်း ဖြူဖြူချောချော မွန်ရိုးရာဝတ်စုံဝတ်ထားသည့် မင်းသမီးလေးလို အမျိုးသမီးတစ်ဦးကို ကျွန်တော် စောင့်ကြည့်နေသည်မှာ နှစ်ပေါင်းကြာပြီ။ သို့သော် သူက ကျွန်တော့်ကို ယနေ့တိုင် ခြေသံလေး ရှပ်ခနဲမြည်အောင် မလုပ်ဘဲ သွားလာနေသည်ကား ထူးဆန်းလှသည်။
အောင်ဆင့်ပြဿနာ လက်ထပ်ပေးလိုက်လျှင် အေးသွားလိမ့်မည်ထင်ပြီး မင်္ဂလာပွဲကို စီစဉ်ပေးလိုက်သည်မှာ ကျွန်တော် အိပ်ထဲက ငွေ ၆၀၀၀ ကျပ်စိုက်လိုက်ရသည်။ စိုက်လိုက်ရသည့် ငွေကလည်း ဈေးထဲတွင် ကျွန်တော့် နာမည်နှင့်ယူထားသည့် စောင်၊ ခေါင်းအုံး၊ ဖျာ၊ ခြင်ထောင်ဖိုးတွေဖြစ်သည်။ နောက်ဆုံး လက်ဖွဲ့သည်ဟု သဘော ထားပြီး စိုက်ပေးလိုက်ပါသည်။
သို့သော် ဤတွင်တစ်ခန်းမရပ်ပြန်။ လက်ထပ်ပြီး တစ်လခန့်အကြာ
“ဆရာ”
“ဟဲ့ကောင် … အောင်ဆင့် ငါ့ကို လာခေါ်ပြန်ပြီ … နင်လာခေါ်ရင် ငါ ကြက်သီးတွေထတယ် … ဘာဖြစ်လာ ပြန်ပြီလဲ”
“ရွှေမှီက အမေနဲ့ အဆင်မပြေဘူးဆရာ”
ရွှေမှီဆိုသည့် သကောင့်သမီးမှာ သူ့ဇနီးဖြစ်သည်။
“အဲဒီတော့”
“မိန်းမက အိမ်ခွဲနေမယ်တဲ့ဆရာ”
“နေပေါ့”
“ဆရာကလည်း သိသားနဲ့ … ကျွန်တော့်လစာနဲ့ …”
“ငါက ဘာလုပ်ပေးရမှာလဲ … ရှင်းရှင်းပြော”
“ဆရာ … ကိုချစ်ဦးအိမ်အောက်မှာ အခန်းတစ်ခန်း အားတယ် … အဲဒါ စဘော် တစ်သောင်း တောင်းနေတယ်ဆရာ။ ကျွန်တော်မတတ်နိုင်လို့”
“ဟဲ့ကောင် … ငါလည်း ဘယ်မှာတတ်နိုင်မှာလဲ … မင်းဒုက္ခပေးတာ ငါစုထားတဲ့ ပိုက်ဆံလေး ၆၀၀၀ ပလုံလို့တောင် မြည်သံမကြားလိုက်ရဘူး”
“ဆရာရယ် … ကိုချစ်ဦးက ဆရာနဲ့သိပါတယ် … ဆရာ့ကိုလည်း လေးစားတယ်လေ။ ပြီးတော့ ဆရာပြောရင် ရမှာပါ။ လခလောက်ပဲယူပါလို့ … စဘော်မပေးပါရစေနဲ့လို့”
“မင်းကွယ် … ငါ့ကို ဒုက္ခအမျိုးမျိုးလှည့်ပေးနေတော့တာပဲ … မင်းဘာသာမင်းသွားပြော”
“ပြောပြီးပြီဆရာ … မရဘူး … အဲဒီလူကြီးအကြောင်းလည်း ဆရာသိသားပဲ … ဆရာပြောတာပဲ နားထောင်မှာ”
နောက်ဆုံး ကိုယ့်အိမ်ပေါ်ကို မြားဦးလှည့်လာနိုင်သဖြင့် ကိုချစ်ဦးကို သွားပြောပေးရာမှ၊ စဘော်ကို ၅၀၀၀ လျှော့ပေးမည်ဆိုသဖြင့် မရှိမဲ့ ရှိမဲ့ နောက်ထပ် ၅၀၀၀ စိုက်ပေးလိုက်ရပြန်သည်။ နောက်ဆုံး ကြင်စဦးဇနီး မောင်နှံကို အပြောင်းအရွှေ့ မြင်းလှည်းခလည်း အိတ်စိုက်ဖြစ်သွားသည်။ အောင်ဆင့် ဝဋ်ကြွေးက ကျွန်တော့်တွင် မည်မျှ ပါလာမှန်းမသိ။
ဤသို့ဖြင့် နွေရာသီကျောင်းပိတ်ရက် နီးလာပြီ။ စာမေးပွဲတွေစစ်နေသည်။ အောင်ဆင့်တစ်ယောက် ရုံးခန်းထဲ ရောက်လာပြန်သည်။
“ဆရာ”
“ဘာလဲကွာ … မင်းက ဆရာလို့ လာလာခေါ်တိုင်း တွန့်တွန့်သွားတယ် … ဘာလဲ”
“နွေကျောင်းပိတ်ရက် ကျွန်တော့်ကို သင်တန်းတွေဘာတွေ မထည့်နဲ့နော်ဆရာ”
“မထည့်ပါဘူးမောင် … ဘာဖြစ်လာပြန်ပြီလဲ”
“ဆရာ …ရွှေမှီမှာ ကိုယ်ဝန်ရှိနေပြီ … အဲဒါ မီးဖွားစရိတ်လေးဘာလေးရအောင် နွေကျောင်းပိတ်ရက် တစ်ခုခု လုပ်မလားလို့”
“ဘာလုပ်မလို့လဲကွ”
“အဲဒါ ဆရာ့ကို လာတိုင်ပင်တာ … ဘာလုပ်ရင်ကောင်းမလဲ”
“လခွမ်းတဲ့မှ … အောင်ဆင့် ငါနဲ့လွတ်အောင်များတွေးစမ်း”
“ဆရာရယ် … ဆရာ့ကို အဖေလိုတစ်မျိုး … အစ်ကိုကြီးလိုတစ်သွယ် အားကိုးနေရလို့ပါ”
“ခွေးကောင် … ဒီအပြောတွေနဲ့စားနေ … ငါလည်း ပြောင်နေပြီ”
“လုပ်ပါဆရာရယ် … နွေကျောင်းပိတ်ရက် အလုပ်တစ်ခုခုလောက် လုပ်ချင်လို့ ဝင်ငွေကောင်းတဲ့ အလုပ်လေးများ ဆရာလိုက်ပြောပေးပါဦး”
ကျွန်တော်စဉ်းစားရပြီ။ ကျွန်တော်လည်း နွေရာသီကျောင်းပိတ်ရက်ဆိုလျှင် လက်သမား၊ ပန်းရံ လိုက်လုပ်ရသည်။ ညဘက်တွင် ဆိုက်ကားထွက်နင်းရသည်။ တစ်ကိုယ်တည်းနေသည်ဆိုစေ ပင်စင်ယူပြီးလျှင် ဘာမျှ လုပ်မစားတတ် သောကြောင့် လုပ်နိုင်ကိုင်နိုင်အရွယ်တွင် ငွေစုဆောင်းနေခြင်းဖြစ်သည်။ သို့သော် အောင်ဆင့်တို့လို ကောင်တွေနှင့် တွေ့ပြီး ကုန်ခဲ့ပေါင်းမနည်းတော့ပြီ။
“ကျောင်းပိတ်ရင် ငါလည်း အိမ်တစ်လုံးဆောက်ပေးဖို့ တာဝန်ယူထားတယ်ကွ … ဒါပေမဲ့ မင်းက ဘာမှ မတတ်တော့ ခက်သား”
“အလုပ်ကြမ်းလေး ဘာလေးပေါ့ဆရာ”
“မင်းက အုတ်တောင် အဖြစ်ရှိအောင် သယ်နိုင်မယ့်ကောင် မဟုတ်ပါဘူးကွာ … အလုပ်ကြမ်းလုပ်လည်း မင်း ဘာမှ ရမှာ မဟုတ်ဘူး … ဒီလိုလုပ် … မင်းအိမ်နဲ့တော့ ခွဲရမယ် … ပိုက်ဆံကောင်းကောင်းရမယ် … သွားလုပ်နိုင်ပါ့မလား”
“ဘာအလုပ်လဲဆရာ”
“တောထဲမှာ မီးသွေးသွားဖုတ်ရမယ် … အရင် ငါလုပ်ခဲ့တဲ့ရွာမှာ မီးသွေးလုပ်ငန်းရှင်တွေရှိတယ် …သူတို့နဲ့ ချိတ်ပေးမယ်။ မင်းက တောထဲက မီးသွေးတွေကို မြို့ရောက်အောင်ပို့ပေးရမှာ။ လမ်းကိစ္စတွေကို မင်းတာဝန်ယူ ရှင်းပေးနိုင်ရင် ပိုက်ဆံကောင်းကောင်းရမယ်။ မင်းက ပြောတတ် ဆိုတတ် ပေါင်းတတ်ပါတယ်။ ငါလိုလူကိုတောင် ကျအောင် ပြောနိုင်သေးတာပဲ။ သယ်ပို့တာဝန်လုပ်မလား”
“လုပ်မယ်ဆရာ”
ဤသို့ဖြင့် အောင်ဆင့်ကို ကျွန်တော် ပဲခူးရိုးမရှိ မီးသွေးကုန်သည်တစ်ယောက်နှင့်ချိတ်ပေးလိုက်သည်။
“ဟေ့ကောင် … အောင်ဆင့် … ကျောင်းဖွင့်ချိန်ကိုတော့ တိတိကျကျပြန်လာရမယ်နော်”
“စိတ်ချပါဆရာ”
အောင်ဆင့်တစ်ယောက် ရိုးမထဲဝင်သွားသည်။ သူ့မိန်းမက မိဘတွေဆီပြန်နေသည်။ ကျောင်းဆရာလစာလေးနှင့် မပြေလည်သော ဝန်ထမ်းဘဝကိုယ်ချင်းစာကြည့်ကြစေချင်သည်။
ကျောင်းပိတ်ရက်လိုအခါမျိုးတွင် လက်ထဲငွေကို ဖောဖောသီသီသုံးနိုင်သူများဖြစ်လျှင် မည်မျှကောင်းမည်နည်း။ ယခုတော့ မဝရေစာလစာလေးနှင့် မိသားစုမရပ်တည်နိုင်ရှာ။ တိုးလာမည့် နောက်ပါးစပ်ပေါက် တစ်ပေါက်အတွက် အောင်ဆင့်ဖြစ်နေသည်ကိုပင် ကျွန်တော်က ကျေနပ်နေမိသည်။
“ဒီကောင် မိန်းမရမှ … အချိုးတွေပြောင်းသွားတယ်”
တစ်နွေလုံး ကျွန်တော်လည်း အိမ်ဆောက်သည့်နေရာကို ရောက်နေသည်။ ပူပူလောင်လောင်ထဲတွင် ပင်ပန်းလိုက် သည်မှာ ပြောဖွယ်ရာမရှိ။ လူလည်းငမဲချိတ်ဖြစ်နေပြီ။
ကျောင်းမဖွင့်မီ တစ်ပတ်အလိုမှ လုပ်ငန်းများ လက်စသတ်နိုင်တော့သည်။ ကျောင်းကို တစ်ပတ်ကြိုရောက်ပြီး ကျောင်းသားလက်ခံခြင်း၊ စာအုပ်ထုတ်ခြင်းများကို ကြိုလုပ်ရသည်။ အောင်ဆင့်ကိုမတွေ့။ သူငှားနေသည့် အိမ်လေးကို သွားကြည့်ရာ ကိုချစ်ဦးက စာတစ်စောင်ထုတ်ပေးသည်။ အောင်ဆင့်ဆီက စာဖြစ်သည်။ သူအဆင်ပြေနေကြောင်း၊ အိမ်ကိုလည်း ဆက်ငှားမည်ဖြစ်ကြောင်းပြောထားသည်။ သို့သော် မည်သည့်နေ့ ရောက်မည်ဟုမပါ။
“ဆရာကြီး”
ကျောင်းဖွင့်ရက်တစ်နေ့ အလုပ်ရှုပ်နေစဉ် ကျွန်တော့်ကိုခေါ်သံကြားလိုက်ရသောကြောင့် မော့ကြည့်လိုက်ရာ ကိုထွန်းမြင့်။
“ဟေ့ … ကိုထွန်းမြင့် ဘယ်တုန်းကလာသလဲ … လာ … ထိုင်”
ကိုထွန်းမြင့်မှာ မီးသွေးကုန်သည်တစ်ယောက်ဖြစ်သည်။ အောင်ဆင့်ကို သူ့ထံတွင် ကျွန်တော် အပ်ထားခြင်းဖြစ် သည်။
“ဆရာကြီး”
“ဘာလဲ … ဟိုခွေးကောင် အောင်ဆင့် ဘယ်မှာလဲ”
“အဲဒါကြောင့် လာခဲ့တာဆရာကြီး”
“ပြောဗျာ … ဘာဖြစ်သလဲ မျက်နှာလည်း မကောင်းပါလား”
“ဆရာအောင်ဆင့်သေပြီဆရာ”
“ဟာ”
“ဟုတ်တယ် … သူ့အလောင်းကို ရင်ခွဲရုံလာပို့တာ … အဲဒါဆရာ့အိမ်ရောက်သေးတယ် … ကျောင်းမှာဆိုလို့ လိုက်လာတာ”
“ဘယ်လိုဖြစ်တာလဲ ကိုထွန်းမြင့်ရယ်”
“တောထဲ မီးသွေးသွားဖော်တာဆရာ … နောက်ဆုံးအခေါက်ပဲဆိုပြီးတော့ သွားတာ။ ကျွန်တော်က ပြန်ပါတော့လို့ ပြောပါတယ်ဆရာကြီး။ သူက အဲဒီဖိုမှာ ပိုက်ဆံလေးထည့်ထားလို့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုပြီး လုပ်လိုက်တာ”
“အေးပါ လိုရင်းပြောစမ်းပါ … ဘာကြောင့်သေတာလဲ”
“ဝံကိုက်တာဆရာ … တောထဲမှာ ဝံသောင်းကျန်းနေလို့ ဆရာကြီးတပည့်ကို သတိပေးပါတယ် … နားမထောင်ဘူး ဆရာ .. ဝံကိုက်တာမှာ ခေါင်းတစ်ခုလုံးရစရာ မရှိဘူး”
“ခု သူ့အလောင်းက ဘယ်မှာလဲ”
“ရင်ခွဲရုံမှာ ရဲတွေစစ်နေကြတယ်ဆရာ … ပြီးရင် သင်္ဂြိုဟ်လို့ရပြီတဲ့ … ဆရာကြီးကို အရင်လာပြောတာ … သူ့မိန်းမ ဆီလည်း အကြောင်းကြားပေးပါဦး”
ကျွန်တော် ကိုထွန်းမြင့်နှင့်အတူ ရင်ခွဲရုံလိုက်ရသည်။ အောင်ဆင့်အလောင်းကတော့ မြင်ရက်စရာမရှိ။ ကျွန်တော် ချက်ချင်း သူ့ယောက္ခမနှင့် ရွှေမှီကို အကြောင်းကြားရသည်။
အောင်ဆင့်တစ်ယောက် ကျွန်တော့ကို ဒုက္ခမပေးနိုင်တော့ပြီ။
“ညီလေးရေ … အမျှ … အမျှ … အမျှ”
နောက်ဆုံးရက်လည်နေ့တွင် ကျွန်တော်မျက်ရည်ကျခဲ့ရပါသည်။
“ဖြစ်လေရာဘဝ ကျောင်းဆရာမလုပ်စားပါနဲ့ကွယ် … ဒီလစာလောက်နဲ့ မင်းအတွက် ခက်ခဲလိမ့်မယ်”
ကျွန်တော်က အောင်ဆင့်အတွက် တိုးတိုးလေးပြောလိုက်မိသည်။
ကျောင်းကိုပြန်လာပြီး စာအုပ်ဖိုးငွေတွေသိမ်း။ စာရင်းလုပ်ကာ အလုပ်ရှုပ်နေတော့သည်။ မိုးချုပ်ပြီး မှောင်လာမှ ရုံးခန်းတံခါးတွေကို ပိတ်ပြီး စက်ဘီးလေးကို သော့ဖွင့်ကာ တွန်းအလာ မူလတန်းဆောင်ရှေ့ အရောက်တွင်
“ဆရာ”
ကျွန်တော် စက်ဘီးပေါ်အပြေးတက် ဒုန်စိုင်းနင်းကာ ကျောင်းထဲမှ ထွက်ခဲ့သည်။
တင်ညွန့်
၂.၂.၂၀၂၀