ရွှေကြွက်(စ/ဆုံး)
———–
သူ့ကိုသူ့မိဘတွေပေးခဲ့တာဆိုလို့ နာမည်တစ်ခုပဲရှိတယ်
အလကားရတဲ့နာမည်ပေးရတာတောင် ကိုတေဇတို့ အောင်ကိုဝင်းတို့နေရွှေသွေးအောင်တို့လို တည်တည်ခန့်ခန့်နာမည်တွေမပေးခဲ့ဘူး……
“ငကြွက် ” တဲ့
ငကြွက်ကဆင်းရဲတယ်’
သူ့မိဘတွေလည်း မချမ်းသာပါဘူး
ဒါပေမဲ့
သူ့အဖိုးဖွားတွေကတော့ ကုန်းကောက်စရာမရှိအောင်ကိုအမွဲကြမ်းတာ။
အာ့လို ဘိုးစဥ်ဘောင်ဆက် ဆင့်ကာဆင့်ကာအပြိုင်မွဲလာကြရင်း ဒီငကြွက်လေးလည်းမွေးပီးရော
ပိုဆိုးကုန်ရော။
သူ့ကိုကိုယ်၀န်ဆောင်ထားချိန်မှာတော့ သူ့အမေနှစ်လုံးထီ ၇၅ ကျပ်ဖိုးပေါက်တယ် မွေးလည်းပြီးရော
ချဲ ၅၀ ဖိုးထပေါက်လိုက်တာများ တစ်ရွာလုံးကို အုံးအုံးထလို့။
ဒါပေမဲ့နှစ်ခါစလုံးအလျှော်မရလိုက်ဘူး ချဲဒိုင်ပြေးသွားလို့။
အာ့ကြောင့် ငကြွက်ကိုကောင်းကျိုးပေးမဲ့ကလေးမဟုတ်ဘူးတဲ့။
တနေ့ ရပ်ကွက်ထဲဘုရားပွဲဖြစ်တော့ အသံချဲ့စက်နဲ့အော်တယ် တစ်အိမ်ကိုမဲတစ်မဲလာနိုက်ကြပါဆိုတော့တစ်ရွာလုံး ၀မ်းသာအားရသွားနိုက်တာပေါ့
သိသလောက်ပြောရရင် မဲဆိုတဲ့အမျိုးက ကိုယ့်ကရတာပဲရှိတာကိုး အာ့နဲ့ပျော်ပျော်ကြီးနိုက်ချလိုက်တာ
ကိုယ့်အလှည့်ကျမှ မဟာဒုတ်မဲ’ထပေါက်လို့ ဘုရားပင့်ပြီးအကျွေးအမွေးလုပ်လိုက်ရတာ ရှိသမျှလေးတွေပြောင်သလင်းခါပြီးအကြွေးပါတင်သွားပါရောလား။
ဒါကို ကံထူးလိုက်တဲ့လင်မယားတဲ့ပြောသေးတာ ပြောကြသေးတာ။
ငကြွက်ရဲ့မိဘတွေက နာမည်တစ်ခုပဲသူ့ကိုပေးခဲ့ပြီးခပ်တည်တည်နဲ့ဆက်မွဲနေတာလေ
နောက် လင်မယားပါကွဲသွားတယ် ဒါလည်းအမွဲကမပျက်ဘူး ။
ငကြွက်လူမှန်းသိတဲ့အချိန်မှာ သူ့အဖေကသူ့အမေမဟုတ်တဲ့မိန်းမနဲ့အတူနေနေပြီး သူ့အမေဖြစ်သူက သူ့အဖေမဟုတ်တဲ့သူနဲ့အတူနေ’ကြတာ
ငကြွက်ကိုဆွေမျိုးနီးနီးစပ်တော်တဲ့သူတွေကကျွေးမွေးထားရတာမို့ ငကြွက်လေးဟာသူ့အိမ်မဟုတ်တဲ့အိမ်မှာနေရတာပေါ့။
အရွယ်လေးရလာတော့ ငကြွက်ဟာ သူသိပ်ပြီးသံယောဇဥ်ကြီးရှာတဲ့ မွေးရပ်မြေရွာလေးကို နုတ်ဆက်
ရန်ကုန်ကိုထွက်လာခဲ့တယ်……..
“နာယိုးမရွာ ယီးမှပြန်မလာဘူး ”
ငယ်ငယ်က တောမှာနေလို့တောကြွက် အခုတော့မြို့ကြွက် ရန်ကုန်ကြွက်ပေါ့။
ချမ်းသာချင်တဲ့ကြွက်ဆိုတော့ တောမှာမပျော်ဘူးမြို့မှာပျော်တာ
ရန်ကုန်မှာနေရတာပျော်စရာတွေများတယ်
မီးလာရင်ပျော်လိုက်ရ ရေလာရင်ပျော်လိုက်ရ နေပွင့်လာရင်ပျော်လိုက်ရနဲ့ ပျော်စရာတွေကအများသား ကိုယ်စီးရမဲ့ နံပါတ်နဲ့ YBS ၀င်လာတာမြင်ရင်လည်းပျော်ရ
ကားချောင်လို့နေရာရရင်ပျော်ရနဲ့ ပျော်စရာတွေကဆုံးကိုမဆုံးနိုင်တော့ဘူး။
ပွဲစျေးဆိုတာရွာမှာ တစ်နှစ်မှတစ်ခါပဲရှိတာ ရန်ကုန်မှာကနေ့တိုင်းရှိတယ်
အလုပ်ပေါတယ် ပိုက်ဆံနဲနဲနဲ့ထမင်းစားလို့ရတယ် ကျောတစ်ခင်းစာနေရာလေးဖန်တီးထားရုံပဲ။
ငကြွက်အိမ်က ကျူးရပ်ကွက်ကိုထပ်ကျူးထားတာ။
အိမ်ဆိုပေမဲ့ လူနှစ်ယောက်ရှိရင်မ’ရွှေ့လို့ရတယ်။
“ငကြွက်ရေ မင်းအိမ်လေးနဲနဲလောက်ရွှေ့ပေးဦး ငါ့ပလုံလှည်း၀င်မရလို့”
“မွှေးနီရာ ၀င်မရတာကို၀င်မနေနဲ့ပေါ့ဟ မင်းအိမ်ကိုဒီလှည်းနားရွှေ့လာခဲ့ပီးတာပဲ”
“အေးဟုတ်သားပဲ အာ့လိုကိုမတွေးမိဘူး
အာ့ဆို ငါ့ကိုတစ်ဖက်လောက်ဝိုင်းမပေးဦး အိမ်ရွှေ့ချင်လို့”
အရေးအကြောင်းဆို မိုးထားတဲ့တာလပတ်ဖြုတ်သိမ်း ခင်းထားတဲ့ဝါးခြမ်းပြားတွေကိုကြိုးနဲ့စုစည်းပြီး ပီနံအိပ်တစ်လုံးနဲ့ထုပ်လိုက်ရင် အိမ်အပါ၀င် အိမ်ရှိလူသုံးကုန်ပစ္စည်း အားလုံးသိမ်းပြီးသားဖြစ်သွားရော။
ရာသီဥတုမကောင်းတဲ့နေ့တွေဆိုရင် အိမ်ကိုဖြုတ်သိမ်းထားခဲ့ပြီးညနေအလုပ်ကပြန်လာမှ ပြန်ဆောက်တာ
အိမ်က တစ်ရက်နဲ့တစ်ရက်တော့ နေရာမတူဘူး လွတ်မယ်ထင်တဲ့နေရာတွေမှာ ကပ်ကပ်ဆောက်ရတာကိုး။
မနက်အလုပ်မသွားခင် လမ်းထဲကနေ့တိုးပေးတဲ့မိန်းမကြီးဆီက လမ်းစားရိတ်ထမင်းဖိုးသုံးဖို့ ပိုက်ဆံနှစ်ထောင်ကိုအတိုးနဲ့ယူသွားရတယ် ညနေကျနှစ်ထောင့်ငါးရာပြန်ပေးရတယ်။
ကော်ထမင်းဘူးထဲကိုထမင်း ၃၀၀ ဖိုးနဲ့ကန်စွန်းရွက် ၂၀၀ ဖိုး၀ယ်ထည့်ပြီး စုရပ်ဖြစ်တဲ့ ကားဂိတ်နားကိုစောစောသွား
စုရပ်ဆိုတာ ဒီနေ့အဖို့အလုပ်မရသေးတဲ့သူတွေနဲ့ အလုပ်သမားလိုတဲ့သူတွေလာဆုံတဲ့နေရာ
အားလုံးဟာထမင်းဂျိုင့်ကိုယ်စီနဲ့ သူတို့ယူလာတဲ့လက်နှက်ပစ္စည်းကိုကြည့်လိုက်ရင်သူဘာအလုပ်လုပ်တယ်ဆိုတာသိသာတယ်
ပန်းရံဆရာဆိုသံလက်ပါသလို ဆေးသမားဆို ဂိုင်းပြား မီးသမားဆိုပလာယာနဲ့တက်စတာ မြေတူးသမားဆိုပေါက်တူးဂေါ်ပြားကိုယ်စီနဲ့ပေါ့
ဘာမှပါမလာဘူးဆိုရင်တော့ ငကြွက်လိုကြုံရာကျပန်းလုပ်မဲ့အလုပ်သမားပဲ။
“ပန်းရံဆရာနှစ်ယောက်လိုတယ်ဟေ့ ”
“လူကြမ်းရောမလိုဘူးလား”
“လူကြမ်းမလိုဘူး သံလက်ကိုင်ပဲလိုတာ ”
“ဝေးလား နေ့တွက်ကဘယ်လောက်လဲ”
“လှည်းတန်း နေ့တွက်က တစ်သောင်းသုံးထောင် ”
“တစ်သောင်းခွဲမရဘူးလား”
“မရဘူး ထပ်မြင့်မတက်ရဘူး မြေညီပဲ”
“လိုက်မယ်ကွာ”
“တစ်ယောက်ရပြီ ပန်းရံတစ်ယောက်လို တစ်သောင်းသုံးထောင် လှည်းတန်း”
“လိုက်မယ်ဟေ့”
……….
“ဆေးသမားအကြမ်းလိုတယ် ကော်ပတ်စားရုံပဲ ရှစ်ထောင် ကားခခံမယ်”
“လိုက်မယ် ”
ဒီလိုနဲ့စျေးတည့်တဲ့သူတွေက အောင်မြင်တဲ့ခြေလှမ်းတွေနဲ့ထမင်းထုပ်လေးဆွဲပြီးကားပေါ်တက်သွားကြတယ်
နေမြင့်ချိန်ထိအလုပ်မရတဲ့သူတွေကတော့ ထမင်းထုပ်လေးယူပြီးကိုယ့်အိမ်ကိုပြန်ပေါ့။
အလုပ်မရတဲ့နေ့တွေဆိုငကြွက်ကမွှေးနီနဲ့ပလုံလိုက်ကောက်တယ် ကန်စွန်းရွက်ခူး’ငါးမျှားပြီးဟင်းစားရှာတယ်။
အိမ်ရောက်ရင် အိမ်ပြန်ဆောက်
ရှိတာလေးချက်ပြုတ်စားသောက်ပြီးနေ၀င်တာနဲ့ခြင်ထောင်ထဲ၀င်တာပဲ ဖယောင်းတိုင်တို့ခြင်ဆေးခွေတို့ဆိုတာ လူကုံတန်သုံးပစ္စည်းဖြစ်နေတာကြာပြီလေ။
ကျူးတော့ကျူးပဲ ဒါပေမဲ့ ဘူဒိုဇာမကြောက် မြေကော်ကားမကြောက်နေရတဲ့ဘ၀ အေးချမ်းလိုက်တဲ့ဘ၀လေး။
ကံဆိုတာတော့ အမြဲတမ်းဆိုးနေမှာမဟုတ်သလို အမြဲတန်းလည်းကောင်းမနေနိုင်ပါဘူး
ကံထမ်းလာတာမမြင်ရ လှန်ပြတာပဲမြင်ရမယ်ဆိုတဲ့ဆိုရိုးစကားကလည်းရှိထားတာကိုး။
တနေ့ ……….
အလုပ်ရှာထွက်သွားတဲ့ ငကြွက်တစ်ယောက်
အလုပ်မရပဲ မိန်းမရလာတယ်။
ကောင်မလေးက အလုပ်သမားစုရပ်ကို ဆေးလိပ် ကွမ်းယာလာလာရောင်းတဲ့ရုပ်ဆိုးဆိုး အသားမဲမဲ နဲ့ကောင်မလေး။
အလုပ်သမားအားလုံးက ကွမ်းတို့ ဆေးလိပ်တို့ကိုအိမ်ကထည့်ယူလာကြတာမို့ ကောင်မလေးစျေးမရောင်းရဘူး စျေးမရောင်းရလည်းသူကတော့ ရုပ်ဆိုးလည်းမပျက်ဘူး အသားမဲလည်းလျော့မသွားဘူး အေးဆေးပဲ။
ငကြွက်ကလည်းနေ့တိုင်းအလုပ်မလိုက်ရဘူး အာ့တော့ အောင်မြင်နေကြသူချင်းချိတ်ကြတာပေါ့……
“နင်ငါ့ကိုယူပါလားရုပ်ဆိုးမရယ် တစ်သက်လုံးလုပ်ကျွေးပါ့မယ်”
“ဘာရယ် ကျယ်ကျယ်ပြော ”
“ဟာ နားလည်းလေးတယ်ဟ ”
ငကြွက်တစ်ယောက် အိပ်ချိန်းရုံးကနေဖုန်းဆက်ရတဲ့ခေတ်တုန်းကမြ၀တီနဲ့ မြစ်ကြီးနားကိုဖုန်းပြောရတဲ့လေပေါင်နဲ့အော်ပြောရတော့တယ် ………
“ငါ့ကိုယူမလားလို့ မေးတာ အသားမဲရုပ်ဆိုး နားကန်းမရေ”
” နင့်မှာနေစရာအိမ်ရှိလား မျက်ပြူး ပိန်ခြောက်ကပ်ရေ”
“ရှိတာပေါ့သိမ်းထားခဲ့တာ ပြန်ရောက်ရင်ဆောက်မှာလေ”
“ချက်စားဖို့ အိုးတွေခွက်တွေရောရှိလား”
“မွှေးနီဆီကငှားမှာပေါ့ ”
“ယူပြီးရင်ရော ငါတို့ဘာလုပ်စားကြမလဲ ”
ငကြွက်ကသူ့ခေါင်းကိုလက်ညိုးထိုးပြလိုက်ပြီး……
“ခေါင်းသုံးပီးစျေးရောင်းမှာပေါ့ စျေးရောင်းတယ်ဆိုတာ သူတို့လိုအပ်တဲ့ကုန်ပစ္စည်းကိုရောင်းမှရောင်းရမှာပေါ့ ”
“စကားရှည်မနေနဲ့ ဘာရောင်းမယ်ဆိုတာသာပြော ”
ရုပ်ဆိုးမက ပြဲလန်နေသောသူ့ပါးစပ်ကို စပါယ်ရှယ်မဲ့ရွဲ့ပြီးပြောတယ်……
“ဒီနေရာက အလုပ်သမားလူတန်းစားများတယ် ကားဂိတ်နဲ့လည်းနီးတယ် အဲ့တော့ အရက်ရောင်းရမယ် စျေးနဲနဲနဲ့အမြည်းလေးတွေစားလို့ရအောင်လည်းလုပ်ရမယ် နောက်တဖြည်းဖြည်းနဲ့စားသောက်ဆိုင်ကြီးဖြစ်လာအောင်ကြိုးစားရမယ် ”
“အေး အာ့ဆိုနင်နဲ့ငါလိုက်ခဲ့မယ် ပိန်ခြောက်ကပ်ရေ”
“လာသွားကြစို့ ရုပ်ဆိုးမရေ”
………………..
နောင်သုံးနှစ်ခန့်ကြာသော် …….
ငကြွက်တို့လင်မယားနေထိုင်ရာအနီးကားဂိတ်နားတွင်
“ရွှေကြွက် ” ဆိုသောစားသောက်ဆိုင်အကြီးကြီးတစ်ဆိုင်ပေါ်ပေါက်လာလေသည်။
ဆိုင်ရှင်မိန်းမဖြစ်သူမှာနားလေးသည်ကိုအကြောင်းပြု၍ ရပ်ကွက်မှလူများက ဆိုင်အမည်”ရွှေကြွက်” အစား “ရွှေနား”ဟုသာခေါ်ကြလေသည်။
ဆိုင်မှာလက်ရာလည်းကောင်း အပြင်ဆင်လည်းကောင်းသည့်အပြင် ဆိုင်ရှင်လင်မယားမှာ စေတနာပါကောင်းသောကြောင့်စါးပွဲအလွတ်မရှိအောင်ရောင်းရပြီး ကျိကျိတက်ချမ်းသာလေတော့သတည်း။
…………………
သို့သော်
ဇတ်ပေါင်းသော် …….
စားသောက်ဆိုင်ပိုင်ရှင်မှာ တရုတ်လင်မယားဖြစ်လေ၏
ငကြွက်တို့လင်မယားမဟုတ်ပေ။
ငကြွက်တို့လင်မယားမှာမူ ဘယ်သို့ရောက်သွားမှန်းမသိရတော့ပေ။😒😔😔
ဂျပန်ကြီး
Via.ကစိုး.မျှဝေ ပြုံးစေပါသည်