ကြားဖူးနားဝ

 ကြားဖူးနားဝ

-----------------

ဖတ်ဖူးတာလေးတစ်ခုဖြစ်ပါသည်။ ဟုတ်မဟုတ်တော့ မသိပါ။ သို့သော် အဖြစ်အပျက်သည် မှန်ခြင်း၊ မမှန်ခြင်း ဆိုတာထက် အကြောင်းအရာအပေါ် သင်ခန်းစာယူနိုင်ရန်သာအဓိကဖြစ်သည်။


ပညာရှင် အရစ္စတိုတယ်သည် သူ့တပည့်တစ်ဦးဖြစ်သူ မဟာအလက်ဇန္ဒားကို မြဲသွန်သင်လေ့ရှိသည်မှာ


“မိန်းမတွေနဲ့ ဝေးဝေးနေ” ဆိုသည့်စကားဖြစ်သည်။


ထို့ကြောင့်ပင် နန်းတွင်းရှိ မိန်းမတွေကလည်း အရစ္စတိုတယ်ကို အလွန်မုန်းတီးကြလေသည်။


တစ်နေ့တွင် နန်းတွင်းသူတို့သည် လျှို့ဝှက်စွာဖြင့် အစီအစဉ်တစ်ခုကို ပြုလုပ်ကြသည်။


သူတို့သည် အလွန်လှပသည့် ကလေးဆန်သော စွဲဆောင်မှုရှိသူ ကျွန်မိန်းကလေးတစ်ဦးကို အရစ္စတိုတယ်ထံသို့ ပို့လိုက်လေသည်။ ထိုမိန်းကလေးသည် သွန်သင်လိုက်သည့်အတိုင်း အရစ္စတိုတယ်ထံအရောက်တွင် လှည့်ဖျားကာ အခြေအနေတစ်ခုကို ဖန်တီးလေတော့သည်။


အရစ္စတိုတယ်ကို မြင်းလိုလုပ်ခိုင်းပြီး သူ့ကျောပေါ်တွင် ထိုမိန်းကလေးက တက်စီးကာ ကစားခြင်းဖြစ်သည်။


ထိုမိန်းကလေးက အရစ္စတိုတယ်ကို မြင်းလုပ်ပြီး စီးနေချိန်တွင် စီစဉ်ထားကြသည့်အတိုင်း မောင်းမအပေါင်း တို့သည် အရစ္စတိုတယ်အခန်းထဲကို ရုတ်တရက်ဝင်လာကြသည်။ သူတို့နှင့်အတူ ခေါ်လာသူမှာ မဟာအလက်ဇန္ဒားဘုရင်ဖြစ်သည်။


အလက်ဇန္ဒားသည် သူ့ဆရာအဖြစ်ကို မြင်လိုက်သည့်အခါတွင် အလွန်အံ့အားသင့်သွားလေတော့သည်။ သူအလွန်ကြည်ညိုသောဆရာသည် မြင်းတစ်ကောင်ဘဝကိုရောက်နေပြီး မိန်းကလေးတစ်ယောက်၏ စီးခြင်းကို ခံနေရသောကြောင့်


“အို ဆရာသခင် … သင်သည် ကျွန်ုပ်တို့အား မည်သို့သော ရှေ့ဆောင်လမ်းပြကာ သွန်သင်ခဲ့ပါသနည်း။ သင်သည် ကျွန်ုပ်တို့အား မိန်းမတွေနှင့် ဝေးအောင်နေရန် ပြောခဲ့သည်။ ယခုတော့ သင်သည် မိန်းမတစ်ယောက် ကို ကျောပေါ်တင်ကာ မြင်းဘဝကိုရောက်နေရပြီ”


အရစ္စတိုတယ်က ချက်ချင်းပင် မိန်းကလေးကို ကျောပေါ်က ဆင်းစေပြီး မတ်တတ်ရပ်လိုက်သည်။ သူက ပြုံးရင်း


“အသင် မင်းဧကရာဇ် … ဤအနေအထားသည်ကား ငါသည်သင့်ကို ပညာပေးခြင်း ဖြစ်ပေတော့သည်”


“ဆရာသခင် မည်သို့နည်း”


“စဉ်းစားလော့ … မိန်းမတစ်ယောက်သည် သင့်ဆရာကို မြင်းဘဝကိုရောက်စေခဲ့သည်ဆိုလျှင် သင့်ကို အကြင် မိန်းမသည် မြည်းဘဝကိုရောက်စေလိမ့်မည်ဟု ပညာပေးခြင်းဖြစ်သည်”


တင်ညွန့်


၄.၂.၂၀၂၆