ဆည်းဆာငိုခြင်း

 ဆည်းဆာငိုချင်း(စ/ဆုံး)


—————–


ခြံဝတစ်ခုရှေ့သို့ရောက်သောအခါ

ဦးအေးလွင်၏ခြေလှမ်းများသည်

အလိုလို တုံကနဲ ရပ်တန့်မိသွားပါသည်။

ပေနှစ်ဆယ် ခြံဝန်းလေးဖြစ်ပေမယ့် ခြံဝန်းလေးထဲမှာ ပျဥ်ထောင်သွပ်မိုးအိမ်လေးတစ်လုံးက နေချစ်စဖွယ်ရှိနေသည်။

ရေနံချေးတွေ ဝနေအောင်သုတ်ထားပြီး

အိမ်ရှေ့ တစ်ဆင့်နိမ့်ဖိနပ်ချွတ်ကလေးနှင့်အတူအိမ်ခေါင်းရင်းဘက်အထိဝရန်တာလေးထုတ်ထားသေးသည်။

အိမ်မကြီးမျက်နှာစာခေါင်းရင်းဘက်တွင်

နှစ်ဘက်တံခါးပါ ပြတင်းပေါက်နှစ်ပေါက် ရှိနေသည်။

ဦးအေးလွင်နေခဲ့စဥ်က အိမ်လေးသည်ဤမျှလောက်သပ်သပ်ရပ်ရပ်မရှိခဲ့ပေ။

မူလအိမ်လေးကိုပြန်လည်ပြုပြင်ပြီး နေချင်စဖွယ်ကောင်းအောင် ပြန်လည်ပြုပြင်ဆောက်လုပ်ထားခြင်းဖြစ်သည်။

လွတ်နေသောအိမ်ရှေ့ခြံမျက်နှာစာလေးတွင်

ဦးအေးလွင်၏သမီးအငယ်မ ခင်မွန်စိုက်ပျိုးထားပုံရသော ပန်းပင်အချို့ကိုတွေ့ရသည်


“”နေမကောင်းဘူးဆိုတော့လည်း လာချင်လာပေါ့။

ဆေးကုပေးမယ်။နေစဥ်အခိုက်အတန့်တော့အဟာရရှိမယ့်အစားသောက်တွေချက်ပြုတ်ကျွေးမယ်။

ကိုယ့်အဖေပဲလေ၊ မရှိနွမ်းပါးတဲ့ဆွေမျိုးနီးစပ်တွေကိုတောင်ပေးကမ်းထောက်ပံ့ရတာပဲ။

လမ်းစရိတ်ကောရှိရဲ့လား..

မရှိရင် ငွေလွှဲနဲ့ အခုပဲ သုံးသောင်းလွှဲပေးလိုက်မယ်လေ””


ပြီးခဲ့သည့်နှစ်ရက်က သမီးခင်မွန်နဲ့ ဖုန်းပြောခဲ့ခြင်းဖြစ်သည်။

သမီးခင်မွန် ပေးပို့လာသောငွေလေးဖြင့် စွန့်ခွာခဲ့တာကြာပြီဖြစ်သည့် ရန်ကုန်မြို့ပြကိုဦးအေးလွင်ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

သမီးခင်မွန်ကအခုဆိုရင်အသက်နှစ်ဆယ့်ကိုးနှစ်

ပြည့်တော့မည်။

သမီးအကြီးမ ယုမွန် နှင့် သားအလတ် ဝေယံတို့ကတော့ အိမ်ထောင်ကိုယ်စီကျ၍ တခြားမှာအိမ်ခွဲနေကြသည်ဟုသိရသည်။

တချိန်က လက်တွဲဖော်ဖြစ်ခဲ့သည့် မမြဝေ ကတော့ ဒီအိမ်၊ဒီခြံကလေးမှာ အိမ်ထောင်မပြုသေးသည့်သမီးအငယ်မလေး ခင်မွန်နှင့်အတူအေးချမ်းစွာ

နေထိုင်လျှက်ရှိပါသည်။


ဦးအေးလွင် ဒီအိမ်၊ဒီခြံ၊ဒီမိသားစုလေးကိုစွန့်ခွာပစ်ထားခဲ့တာအသေအချာပြန်တွက်ကြည့်ပါလျှင်

ဆယ့်ငါးနှစ်တိတိရှိလေပြီ။

အိမ်ဂရန်ကို ပေါင်နှံ၍ ထားခဲ့ခြင်းဖြစ်သည်။

မရှိ၍၊ခက်ခဲ၍၊ငွေအရင်းအနှီးလို၍ပေါင်နှံခဲ့ခြင်းမဟုတ်ခဲ့ပေ။

ဦးအေးလွင် မှ အိမ်ထောင်သစ်ထူထောင်လိုသည်။

မမြဝေထံတရားဝင်ကွာရှင်းခွင့်ရလို၍တောင်းသော်လည်းမရခဲ့။

မမြဝေသည် ဦးအေးလွင် မပေါင်းသင်းချင်တော့လောက်အောင်ပြစ်ချက်ရှိနေသောအိမ်ထောင်ရှင်မ မဟုတ်ပေ။

အိမ်ထောင်ထိန်းသိမ်းမှု့တော်ပြီး၊ အိမ်တွင်းအသက်မွေးဝမ်းကြောင်းဖြစ်သည့်စက်ချုပ်ခြင်းပညာရပ်ဖြင့်အိမ်၏စီးပွားရေးကိုတစ်ထောင့်တစ်နေရာမှကူညီနေသူဖြစ်သည်။

ဦးအေးလွင်က ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦး၏အားကိုးရသောလူယုံတပည့်ဖြစ်သည်။

လုပ်ငန်းခွင်သုံးနေရာလောက်ကို လှည့်သွားပြီးဦးစီးပေးနေရသူဖြစ်သည်။

လစာအပြင်..နေ့စဥ်ဘတ်ဂျက်အချို့ဖြင့်ရပေါက်ရလမ်းအချို့ကြောင့် လက်ဖျားငွေသီးနေသူဖြစ်သည်။

ပန်းရန်သမအိမ်ထောင်ပျက်မလေး မချစ်ပို ကို

အသနားပိုရာမှ လက်ရှိအိမ်ထောင်အပေါ် ငြိုငြင်စိတ်ကုန်လာ၍ ပြသနာမျိုးစုံရှာကာ သားသမီးတို့၏မျက်နှာကိုလည်းမထောက်ထားတော့ပဲ တိတ်တဆိတ် အိမ်ထောင်သစ်ထူခဲ့ခြင်းဖြစ်သည်။


မမြဝေကိုတရားဝင်ကွာရှင်းခွင့်မရသောအခါ

မိမိ၏ရပိုင်ခွင့်ကိုရယူရန် အိမ်ခြံမြေဂရန်အား

ပေါက်စျေးတဝက်ခန့်ဖြင့်ပေါင်နှံခဲ့သည်။

ထို စ ဥ် အခါက သမီးကြီးနှင့်သားလတ်သည်အရွယ်ရောက်နေပြီဖြစ်ပြီး ပညာသင်ရင်းတဘက်တလမ်းမှဝင်ငွေရသောအလုပ်အကိုင်လေးများပင်လုပ်ကိုင်နေနိူင်ပြီမို့ မိမိမရှိတော့ပါလျှင်လည်းမမြဝေ တစ်ယောက် အရမ်းခက်ခဲကြပ်တည်းလိမ့်မည်ဟုမထင်မိခဲ့ပေ။

မမြဝေသည် မိမိအားအလွယ်တကူ လက်မလွှတ်ခဲ့သူဖြစ်သည်။

အနုနည်း၊အကြမ်းနည်းတို့ဖြင့် မိသားစုလေးမပြိုကွဲအောင်ကြိုးစားခဲ့သူဖြစ်သည်။

စိတ်ရောကိုယ်ပါဆင်းရဲခြင်းများစွာဖြင့် ခင်ပွန်းဖြစ်သူမိမိနှင့်အိမ်ထောင်ရေးတည်မြဲရန်ကြိုးစားခဲ့ရှာသည်။

ဦးအေးလွင်သည် ထို စ ဥ် အခါက မိသားစုအပေါ် ထည့်မတွက်အား၊ မိမိထက်အသက်ဆယ့်ငါးနှစ်ခန့်ငယ်သော မချစ်ပိုနှင့်သာလက်တွဲ၍ ဘဝတစ်ခုကိုတည်ဆောက်ဖို့ရာသာ အာသီသပြင်းထန်နေခဲ့သည်။

ဦးအေးလွင်တို့အိမ်သည် နေ့စဥ်နှင့်အမျှ သာယာမှု့မရှိခဲ့။

စိတ်ဆင်းရဲမှု့များပြည့်နှက်နေခဲ့သည်။

ထို.စ.ဥ်က သမီးခင်မွန်သည် အဋ္ဌမတန်းကျောင်းသူလေးအဖြစ်သာရှိနေသေးသည်။


“”တနေ့..တနေ့ စိတ်တွေဆင်းရဲလွန်းလို့ ကိုယ့်ကိုကိုယ်

တခုခု လုပ်ပစ်မိတော့မယ်။

အမေ…အမေဘာလို့ ဒီလောက်တောင်အဖေ့ကိုဖက်တွယ်နေတာလဲ။

အဖေကိုပဲ အမေကြည့်မနေပါနဲ့။

မိသားစုအသစ်နဲ့ပျော်ချင်နေတဲ့အဖေ့ကို အမေလွှတ်ပေးလိုက်ပါတော့။

ခင်မွန်တောင်းပန်ပါတယ် အမေရယ်။

အဖေကို သူသွားချင်တဲ့မိသားစုဆီ ပေးသွားလိုက်ပါ။

ထပ်ပြီး အဖေ့ကိုဆွဲထားလေ ခင်မွန် စိတ်တွေမွန်းကြပ်ပြီး ေ.သ ချင် လေပဲ အမေရယ်။

အဖေ့ကို ကွာရှင်းပေးလိုက်ပါ..””


သမီးခင်မွန်ကြောင့်သာ မမြဝေ က ဦးအေးလွင်ကိုကွာရှင်းပေးခဲ့ခြင်းဖြစ်သည်။

ထို စ.ဥ်အခါက ဦးအေးလွင်သိပ်ပျော်ခဲ့တာပေါ့။

ပတ်ဝန်းကျင်၊ဆွေမျိုးသားချင်း၊ မိတ်ဆွေတွေရဲ့

ဝန်းကျင်ကနေလွတ်လပ်စွာပြေးထွက်၍ မချစ်ပိုနှင့်

နယ်မြို့လေးတစ်မြို့မှာ ဘဝတစ်ခုကိုအချစ်တွေနဲ့တရားဝင်တည်ဆောက်နိူင်ခဲ့သည်။

ဦးအေးလွင် ရဲ့အသိမှာ မမြဝေနှင့်သားသမီးတွေလုံးဝမရှိတော့ပေ။

မိမိကျွမ်းကျင်သောအလုပ်အကိုင်၊နေရာနှင့်လူမှု့ဝန်းကျင်ကိုစွန့်ခွာ၍ မချစ်ပိုနှင့် အပျော်ကြီးပျော်ခဲ့ကြတော့သည်။


@@@@@@@@@@@@@@@@@@@@


ထိုအခြေအနေသည် အချိန်ကာလဘယ်လောက်မှပင်မကြာရှည်လိုက်ပေ။

လက်ထဲပါသွားသောငွေကြေးတို့ကုန်လုသည့်နှင့်

ပြသနာက စတော့သည်။

ကိုယ့်ရပ်ရွာမဟုတ်သည့်အတွက် အသက်လေးဆယ်ကျော် ဦးအေးလွင်မှာ ဒေသခံအလုပ်တွေကို အသားမကျပေ။ မမြဝေနှင့်ပေါင်းသင်းစဥ်က ဆောက်လုပ်ရေးကန်ထရိုက်တစ်ဦး၏နောက်လိုက်လူယုံမို့.ပါးစပ်ကလေးနဲ့သာအလုပ်လုပ်ခဲ့ရသူပါ။

အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတွေမှာ ခွန်အားဖြင့်ချွေးဒီးဒီးကျအောင်လုပ်နေရသည်။

အလုပ်ပင်ပန်းသည့်ဒဏ်ကိုဦးအေးလွင်မခံနိူင်ခဲ့။


မကြာခဏအလုပ်နား၍အလုပ်လည်းခဏ ခဏပြုတ်၍ထပ်တလဲလဲ အလုပ်ရှာရပြန်သည်။

ဘာစီးပွားရေးမှမလုပ်တတ်သောမချစ်ပို က အိမ်စရိတ်ပုံမှန်မရှာပေးနိူင်သောမိမိအား ငြိုငြိုငြင်ငြင်ဆက်ဆံလာသည်။

ဒေါသဖြင့်လက်ပါမိသောအခါ မချစ်ပိုတစ်ယောက်အိမ်ကဆင်းသွားတော့သည်။

အမှန်က ဦးအေးလွင်ကို ပစ်ပြေးပုန်းရှောင်သွားခြင်းသာဖြစ်သည်။


နောက်ဆုံးတော့ ဆွေမျိုးသားချင်း၊အသိမိတ်ဆွေရယ်လို့တစ်ဦးတစ်လေတောင်မရှိသောနယ်မြို့လေးမှာ

လက်ထဲငွေတစ်ပြားတစ်ကျပ်မှမရှိတော့ပါပဲ

ဦးအေးလွင် သောင်တင်နေခဲ့လေပြီ။

မမြဝေနှင့်မိသားစုထံပြန်လိုသော်လည်း

မိမိပြုလုပ်ခဲ့သည့် အရှက်ရစရာကိစ္စကြီးကြောင့်

ပြန်ရန်ဝန်လေးနေမိသည်။

နောက်ဆုံးမှာတော့ ငွေကြေးချမ်းသာသောအိမ်တစ်အိမ်တွင် ခြံစောင့်မာလီအဖြစ်ဝင်ရောက်လုပ်ကိုင်ရင်း

မမြဝေထံလည်းမပြန်ဖြစ်တော့ပဲ ထိုမြို့မှာပင်

သောင်တင်နေခဲ့တော့သည်။


မိမိ၏ အမှားတို့ကိုပြန်လည်သုံးသပ်ရင်းမမြဝေနှင့်မိသားစုကို သတိရသောစိတ်တို့ကကြီးစိုးနေခဲ့သည်။

မိမိပေါင်နှံထားရစ်ခဲ့သော အိမ်ခြံမြေလေးဆုံးရှုံးပြီလား။

အတိုးမသ တ် နိူင်၍ ရရာစျေးနှင့်ရောင်းချလိုက်ရပြီလား။

ထိုအတွေးများကို စိတ်သက်သာရာရစေရန်

အရက်သေစာကို ညစဥ်ညတိုင်းသောက်စားပြီး

စိတ်ကိုထွက်ပေါက်ပေးခဲ့သည်မှာနှစ်ပေါင်းများစွာကြာခဲ့လေပြီ။


အခုတော့ မကျန်းမာသောကိုယ့်ခန္ဓာနှင့် စိတ်ဆင်းရဲမှု့တို့ကိုရင်မှာပိုက်၍ ခြံစောင့်အလုပ်ကလည်း

ဆက်လုပ်ဖို့ရာ အဆင်မပြေတော့ပေ။

နောက်ဆုံး ရပ်ကွက်အတွင်း သို့ဆွမ်းခံကြွသော

ဦးဇင်း တစ်ပါးမှ သူ့ကျောင်းတွင်လာရောက်နေထိုင်

နိူင်ကြောင်း၊ ကျောင်း ဝေ ရာ ဝ စ္စ အချို့ကို ကူညီနိူင်သလောက်လေးသာ ကူညီလုပ်ကိုင်ပေးရင်းနေနိူင်ကြောင်း ပြောသဖြင့် ထိုဘုန်းတော်ကြီးကျောင်းတွင်ခိုကိုးခဲ့ရသည်။


တရှောင်ရှောင်ဖြစ်နေတဲ့ ကျန်းမာရေးက အဆုတ်ရောဂါဟုသာအကြမ်းမျဥ်းသတ်မှတ်နိူင်ခဲ့သည်။

အတိအကျစစ်ဆေးကုသပြီး အမည်မတပ်နိူင်ခဲ့ပေ။

ဆေးမြီးတိုဖြင့်သာ အသက်ဆက်ခဲ့ရသည်။

ဘုန်းကြီးကျောင်းမှာနေတယ်ဆိုတာကလည်း

မနက်ဆိုစောစောထ ၊ ဆွမ်းကွမ်း ဝေ ရာ ဝ စ္စ တွေကို

လုပ်ပေးရသည်။

တခါတလေ တစ်ညလုံးချောင်းဆိုးထား၍ကျောတွေရင်တွေအောင့်နေသည်မို့ အိပ်ယာမထနိူင်ပေ။

သို့ပေမယ့် မိမိကို သ ဒ်ဓါ ကြည်ဖြူအောင် ကြိုးစားပြီးထရသည်။

အသက်အရွယ်အရလည်း ခြောက်ဆယ်နားကိုကပ်လာပြီမို့ ငယ်စဥ်ကမှားခဲ့သောအမှား၏

နောက်ဆက်တွဲဆိုးကျိုးတွေကို ဦးအေးလွင်ခံစားနေလေပြီ။

အထီးကျန်မှု့က အခံစားရဆုံးဖြစ်ပြီး မမြဝေနှင့် မိသားစုလေးရှိရာကိုအရမ်းပြန်ချင်နေမိပါသည်။

မထင်မှတ်ပဲ နေထိုင်ရာဘုန်းကြီးကျောင်းရှိ

အလှူတစ်ခု၌ မိတ်ဆွေဟောင်းတစ်ယောက်နှင့်ပြန်လည်ဆုံတွေ့ခဲ့သည်။

သမီးငယ်ခင်မွန်၏ ဖုန်းနံပတ်ကိုရလိုက်သည်။

မိမိ၏ ခလုတ်ဖုန်းအစုတ်လေးဖြင့် သမီးထံဆက်သွယ်မိခဲ့သည်။


ဦးအေးလွင်စိတ်ထဲ သမီးဖြစ်သူကအော်ငေါက်လိုက်လေမလား။

ထပ်ပြီးမဆက်သွယ်ဖို့ခါးခါးသီးသီးပြောလေမလား။

တွေးလိုက်မိတာနဲ့ခြားနားစွာ ကောင်းကောင်းမွန်မွန်လက်ခံစကားပြောပြီး ပြန်လာလိုကပြန်လာနိူင်ရန်

ငွေအချို့ကိုလှမ်းပို့ပေးသည်မို့ အခုတော့

နှစ်ပေါင်းများစွာ ပြန်မရောက်ခဲ့သည့်ခြံဝိုင်းလေး၏ရှေ့တွင် ဦးအေးလွင်သည်ခြေစုံရပ်လျှက်ပြန်လည်ရောက်ရှိလာခဲ့လေပြီ။


@@@@@@@@@@@@@@@@@@@@


ဦးအေးလွင် ကို မမြဝေနှင့်တကွ သမီးခင်မွန်အပါအဝင်သားသမီးမြေးတွေက ကောင်းမွန်စွာဆက်ဆံကြပါသည်။

မမြဝေကတော့ ရပ်ဝေးမြေမှရောက်လာသော

မောင်နှသားချင်းသဖွယ်ဆက်ဆံပါသည်။

ကျန်းမာရေးချို့ယွင်းနေသောမိမိအား သင့်တော်သောကျန်းမာရေးစောင့်ရှောက်မှု့၊ ကုသမှု့တို့ကို အကုန်အကျခံပြီး ဂရုတစိုက်ရှိပေးပါသည်။

မိမိက စွန့်ပစ်ခဲ့သည့် မိသားစုလေးပေမယ့်

မိမိကို ပြန်လည်လက်ခံ၍ဂရုတစိုက်ရှိပေး၍အတိုင်းမသိပျော်ရွှင်မိသည်။

ခုနှစ် ၊ သ က္က ရာဇ် တို့အားနောက်ပြန်လှည့်လို့ရပါလျှင် ခင်ပွန်းကောင်းပီသသော၊ဖခင်ကောင်းပီသသောဘဝတစ်ခုအဖြစ်ပြန်လည်ကြိုးစားမိမှာအမှန်ပင်ဖြစ်သည်။


အဟာရဖြစ်သောအစားအသောက်တို့ကို စားချိန်တန်စား၊ လိုအပ်သောဆေးဝါးကုသမှု့တို့ကိုခံယူခဲ့ရပြီမို့

တစ်လခန့်ကြာသောအခါ ဦးအေးလွင်မှာအတော်လေးကျန်းမာစပြုလာခဲ့လေပြီ။

ပိတ်ရက်များတွင် သမီးကြီးနှင့်သားအလတ်တို့မိသားစုများ လာရောက် လည်ပတ်ကြသည်။

ထို့သို့သောရက်များတွင် မိသားစုဘဝလေးသည်

ကြည်နူးချမ်းမြေ့စရာအတိဖြစ်သည်။


သမီးခင်မွန်သည် အလုပ်ကပြန်လာသည့်အခါတိုင်း

နေကောင်းရဲ့လား…ဟူသောစကားဖြင့်နူတ်ဆက်သည်။

အပိုအလိုစကားများမပြော။

လိုအပ်သောစကားအချို့ကိုသာပြောပြီးဘာသိဘာသာနေတတ်သည်။

သူမ၏မိခင် မမြဝေနှင့်တော့ ရယ်လိုက်မောလိုက်

ကြည်ကြည်နူးနူးရှိသည်။

သားသမီးသုံးဦးတွင် သမီးအငယ်မလေးခင်မွန်သည်

ဦးအေးလွင်၏ အချစ်ဆုံးသမီးလေးဖြစ်သည်။

ဦးအေးလွင် တစ်ယောက်အိမ်ထောင်ရေးစည်းမဖောက်ခင် အချိန်တစ်ခုက အလုပ်မှပြန်လာတိုင်း

သမီးခင်မွန်အတွက် မုန့်လေးတစ်ခုတော့အမြဲပါလာခဲ့တတ်သူပါ။

သမီးခင်မွန်ကိုဘယ်တော့မှမျက်ရည်မကျစေခဲ့သူ။

သမီးလိုချင်တာဆိုရင်နှစ်ခါပင်ပူဆာစရာမလိုအောင်အချစ်ပိုခဲ့ရသူ။

နောက်ပိုင်းအိမ်ထောင်ရေးဖောက်ပြန်မှု့တွေဖြစ်လာသည့်အခါမှာတော့ သမီးကိုလည်း မငဲ့ညှာခဲ့တော့။

သမီးခင်မွန်စိတ်ဆင်းရဲနေပါလား..ဆိုပြီးလည်းထည့်မတွက်ခဲ့သူပင်။

အခုတော့ သမီးခင်မွန်ကို နီးနီးကပ်ကပ်မေတ္တာမပြရဲတော့ပေ။

သို့ပေမယ့်..ဦးအေးလွင် တစ်ယောက် သမီးခင်မွန်ကိုအရိပ်တကြည့်ကြည့်လိုက်ကြည့်ရင်း ပျောက်ဆုံးခဲ့သောချစ်ခြင်းမေတ္တာတွေက ယိုစီးလာခဲ့တော့သည်။


ဒီနေ့တော့..သမီးခင်မွန်က ပြန်လာလာချင်း မိမိအားကြည့်၍ သမီးပြောစရာရှိသည်ဟုဆိုလာသည်။

သမီးခင်မွန် ဘာများပြောလိုပါလိမ့်..ဟု တွေးရင်း

အိမ်ရှေ့ခန်းလေးမှာစောင့်နေမိသည်။

ခင်မွန်က အဝတ်အစားလဲပြီးသည်နှင့် အိမ်အတွင်းခန်းမှ ပြန်ထွက်လာသည်။

မမြဝေလည်း သမီးခင်မွန်နှင့်အတူထွက်လာသည်။

မမြဝေမျက်နှာမှာအနည်းငယ်ပျက်ယွင်းနေသယောင်ခံစားမိသည်။


“”တခြားတော့မဟုတ်ပါဘူး အဖေ။

အဖေရောက်နေတာလည်းတစ်လကျော်နေပြီ။

ဆေးရုံဆေးခန်းပြထားလို့ ရောဂါလည်းသက်သာနေပြီ။စွဲ သောက်ရမယ့်ဆေးတွေကိုမှန်မှန်သောက်ရင်

ရောဂါကအရှင်းသက်သာသွားမှာပါ။

ဆေးအတွက်လည်းမပူပါနဲ့ အဖေ။

တစ်လစာတစ်လစာကိုမပျက်အောင်ဝယ်ပေးမှာပါ။

လစဥ်သုံးဖို့ အဖေ့ကိုတစ်သိန်းခွဲထောက်ပံ့ပေးပါ့မယ်။

အဖေပြန်ချင်ရင်ပြန်လို့ရပြီလို့ ပြောချင်တာပါအဖေ..””


ဦးအေးလွင်၏ရင်အစုံသည် စို့နင့်သွားရသည်။

ပြန်ချင်ရင်ပြန်လို့ရပြီ…တဲ့လားကွယ်။

စွန့်ခွာထားပစ်ခဲ့တဲ့ ရိပ်မြုံတစ်ခုကို ဖခင်တစ်ယောက်အနေနဲ့ ခဏမျှသာပဲခိုလှုံခွင့်ပြုလိုက်တဲ့သဘောလား။

အမှားတွေကျူးလွန်ခဲ့ဘူးသူဆိုပေမယ့် နွေးနွေးထွေးထွေးမေတ္တာရိပ်လေးတစ်ခုမှာ

လောဘတချို့နဲ့ ဆက်နေခွင့်ရချင်မိပါသေးသည်။


“”ခင်မွန်က အလုပ်ကိစ္စနဲ့ သဘက်ခါခရီးထွက်ရမှာမို့

မထွက်ခင်လေး အဖေပြန်မယ်ဆိုရင် ကားဂိတ်ကိုလိုက်ပို့ပေးချင်လို့ပါအဖေ..””


ဦးအေးလွင် ငိုချပစ်ချင်လောက်အောင်ခံစားနေရသည်။

ဒါပေမယ့်အတတ်နိူင်ဆုံးစိတ်ကိုထိန်းရင်းသမီးခင်မွန်ကိုပြုံး၍ပြန်ပြောလိုက်သည်။


“”အဖေ မနက်ဖြန်မနက်ပဲ အဖေနေခဲ့တဲ့ ဘုန်းကြီးကျောင်းကိုပြန်ပါတော့မယ်။

မကျန်းမာတဲ့ဖေကြီးကိုအခုလိုဂရုတစိုက်ခေါ်ပြီးဆေးဝါးကုသပေးတဲ့အဖေ့သမီးငယ်လေးအသက်ရှည်အနာမဲ့လို့ဘုန်းကြီးပါစေကွယ်။

မတောင့်မတမကြောင့်မကြပဲနေနိူင်စားနိူင်ပါစေ။

စီးပွားလဒ်လာဘတွေ ဒီရေအလားတိုးတက်ကြီးပါပါစေ…သာဓု…သာဓုသာဓုကွယ်..””


“”မနက်ပြန်ချင်တာလား ။

အဲဒါဆိုအဖေအတွက်လိုအပ်တာတွေအခုပဲခင်မွန်ပြေးဝယ်လိုက်ပါ့မယ်…””


ပိုက်ဆံအိတ်ကိုဂျိုင်းကြားညုပ်၍ထွက်သွားသော

သမီးခင်မွန်၏ကျောပြင်ကိုငေးကြည့်ရင်းပါးပြင်ပေါ်မှာစီးကျလာပြီဖြစ်တဲ့မျက်ရည်စတို့ကို လက်ဖမိုးဖြင့်ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပါတော့သည်။

ဒီမျက်ရည်တွေကိုကျစေခဲ့သူဟာ

မိမိကိုယ်တိုင်သာဖြစ်နေသည်

မဟုတ်ပါလားလေ။

ဒီထက်ပိုပြီးလောဘတက်နေဖို့ လိုလို့လားကွယ်။


ပြီးပါပြီ။


#ယွန်းနှင်းဆီခိုင်


 


#လိူင်သာယာအရှေ့ပိုင်းမြိုနယ်မဂ္ဂဇင်းတွင်

#ဖော်ပြခံရပြီးသောဝတ္ထုတို

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည