တန်ဖိုး

 တန်ဖိုး

------

မနေ့က ဘဏ်မှ ဖုန်းဆက်သည်။ ငွေလာထုတ်ရန်ဖြစ်သည်။ ကိုယ့်ပိုက်ဆံနှင့်ကိုယ် အောက်ကျစွာ စောင့်စားရင်း သူတို့လာဆိုလာ၊ မလာနှင့်ဆိုမလာနှင့်ဘဝကို ပြန်ရောက်နေရသည်။ တွေးမိတိုင်း အရိုးနာသည် သူခိုးသာ ဆဲချင်တော့လေး။


မရှိချိန်တွင် ငွေ ၃ သိန်းဆိုသည်ကလည်း ရှေ့ဆက်ရမည့်ခရီးဖြစ်သည်။ ယခုတစ်လော ကုန်ထားတာ တွေက များသည်။ ထုတ်ထားသည့် ပင်စင်လေး ပြောင်လုနီးနီးဖြစ်သွားချိန်တွင် ငွေ ၃ သိန်းဆိုသည့် ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ထုတ်ခွင့်ရသည်မှာ သူတို့ကိုပင် ဦးချရမလိုလို။


နေ့ခင်းဖြစ်သောကြောင့် ဘတ်စ်ကားကလည်း ချောင်ပါသည်။ ကားပေါ်တက်တက်ချင်း စပယ်ယာနှင့် တိုးသည်။ ၂၀၀ တန်တစ်ရွက်ထုတ်ပေးသည်။ ထိုသူက မျက်နှာကြောတင်းတင်းနှင့် “သုံးရာ” ဟု ငေါက် လေ၏။ ကြောက်ကြောက်နှင့် လူမိုက်ရုပ်ကို နောက်ထပ် ၁၀၀ ထုတ်ပေးရပါသည်။


ထိုင်ခုံအလွတ်လေးတွင်ထိုင်ရင်း မာ့စ်တွေ တပ်သူနှင့် မတပ်သူတို့ကို နှိုင်းကြည့်သည်။ မတပ်သူ တွေကများသည်။ ကိုယ်နှင့်မှ နှစ်ယောက်သာ မာ့စ်ကို တပ်ထားသည်။


“သောက်ခွက်က နှစ်ပြားမတန်ဘူး”


အော်သံကြားလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိသည်။ 


ကောင်မလေးတစ်ယောက် ဒေါသနှင့်အော်ကာ ဆင်းမည့်နေရာ ရောက်နေသည်။ သူ့ကို မည်သူက စလိုက်သနည်း။ နောက်ကိုကြည့် လိုက်တော့လည်း လူငါးယောက်လောက်သာရှိသည်။


“ငါ့များပြောတာလား”


မဖြစ်နိုင် သူနှင့်ကျွန်တော်မသိ။ တစ်ယောက်ယောက်ကတော့ နောက်ပြောင်လိုက်တာ ဖြစ်မည်။


ကျွန်တော်က ပြုံးလိုက်မိသည်။


ကားကရပ်သည်။ တံခါးဖွင့်သည်။ ကောင်မလေးက


“ဒုံး … ဒုံး” ဟုခြေဆောင့်ကာ ဆင်းသွားသည်။ ပါးစပ်ကလည်း ထပ်ပြောသေးသည်။


“နှစ်ပြားမတန်တဲ့ကောင်”


ကျွန်တော်ပြုံးလိုက်ပြီး တွေးမိလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ဖြေလိုက်သည်။ ငါ့ကိုပြောတာ မဖြစ်နိုင်ဟုပင်။ ကျွန်တော့်မျက်ခွက်က အပြင်ပန်းကာလတန်ကြေးနှင့်ဆိုလျှင် ၁ သိန်း ၃ သောင်းတန်သည်။


ရှင်းပါအံ့


မကြာသေးမီက မျက်စိတွေကြည့်မကောင်းသဖြင့် မျက်စိသွားပြရသည်။ မျက်လုံးတွေက ကွန်ပျူတာ အကြည့်များ၍ထင်သည်။ အဝေးကိုကြည့်လည်းဝါး၊ အနီးကိုကြည့်လျှင် နှစ်ထပ်ဖြစ်နေသည်။ မျက်မှန်က တစ်ခုခုတော့ဖြစ်နေပြီထင်ကာ မျက်စိလာစစ်ခြင်းဖြစ်သည်။ လက်ထဲတွင်လည်း ပင်စင်ငွေလေးက ကိုင်ထားသဖြင့် ငွေယားလေးရှိနေသည်။


မျက်စိကို ကွန်ပျူတာနှင့်စစ်သည်။ ထို့နောက် ဆရာဝန်နှင့် စစ်သည်။ ဆရာဝန်က


“ပါဝါတွေလျော့ကုန်တာ” ဟုဆိုသည်။


ပါဝါမတိုး လျော့သည်ဟု ပြောလိုက်ခြင်းကပင် အားတက်စရာဖြစ်သွားသည်။

ပြန်မည်ဟုထမှ ဆရာဝန်ဒေါက်တာက


“ဦးတင်ညွန့်လား” ဟုမေးသည်။


ကျွန်တော်က ဟုတ်ကြောင်းပြောသည့်အခါတွင် သူက


“ကျွန်မက ဆရာ့စာဖတ်ပရိသတ်ပါ” ဟုဆိုသည်။


သူ့ကိုနှုတ်ဆက်ပြီး ပြန်ထွက်ကာ မျက်မှန်လုပ်ရမည့် နေရာတွင် ထိုင်နေစဉ် ဆေးခန်းအကူ သမီးလေးတစ်ယောက်က ရောက်လာပြီး ကျွန်တော့်ကို ပိုက်ဆံလာပေးသည်။


“ဘာလဲသမီး”


“ဆရာမကြီးက ဆရာ့ကို စမ်းသပ်ခ ပြန်ပေးခိုင်းလိုက်လို့ပါ”


“အို မဟုတ်တာ”


“ယူပါဆရာ … ဆရာမကြီးက ဆရာ့ကို စမ်းသပ်ခ မယူရဘူးဆိုလို့ပါ”


စမ်းသပ်ခ ၇၀၀၀ ကျပ်ကို ကောင်တာတွင် ကြိုသွင်းရပါသည်။ ယခု ဆရာမကြီးက ပြန်ပေးခိုင်းနေသည်။ ကျွန်တော် လက်ခံလိုက်ပါသည်။ 


“သာဓု … သာဓု … သာဓု ပါခင်ဗျာ”


ကျွန်တော် ယခုလုပ်ရမည့် မျက်မှန်မှာ သုံးမြင်ကွင်းဟုဆိုရမည်။ သုံးမြင်ကွင်းဆိုသည်မှာ အဝေးကြည့်၊ ကွန်ပျူတာကြည့်၊ စာကြည့် သုံးခုကို မှန်သားမျက်နှာတွင် တစ်ခါတည်းထည့်ပေးလိုက်မည်ဟုဆိုသည်။ သဘောကျကာ ဈေးမေးကြည့်တော့ မှန်နှင့် မျက်မှန်ကိုင်း အပါအဝင် ၁ သိန်း ၃ သောင်းကျမည်ဟု ဆိုသည်။ ကျွန်တော်ကလည်း လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသဖြင့် ငွေ ၁ သိန်း ၃ သောင်းတန် မျက်မှန်ကိုသာ ရွေးချယ်လိုက်ရသည်။


စောစောက ရယ်မိသည် ဆိုခြင်းမှာ “ငါ့မျက်နှာက တစ်သိန်း သုံးသောင်းလောက်တန်တာပဲ” ဆိုသည့် အတွေးကြောင့် ဖြစ်သည်။


“ပန်းဆိုးတန်း … ပန်းဆိုးတန်း … ဂိတ်ဆုံးပြီ”


ကျွန်တော်က လူတွေ ကုန်လောက်သည်အထိ စောင့်ပြီးမှ နေရာကထသည်။ ဆင်းမည့် ခြေနင်းခုံကို သေသေချာချာ ကြည့်လိုက်မှ အိုးရှင်းမှတ်တိုင်တွင် ခြေဆောင့်ကာဆင်းသွားသည့် သမီးလေး၏


“နှစ်ပြားမတန်သောသောက်ခွက်” ဆိုသည်ကို သဘောပေါက်လိုက်သည်။


ခြေနင်းခုံ နှစ်ဆင့်တွင် ထိုနှစ်ပြားမတန်သည့် သောက်ခွက်ကို အပြူးသားတွေ့လိုက်ရသည်။


ကျွန်တော်ကလည်း ပျော်ရွှင်စွာ ထိုနှစ်ပြားမတန်သည့် သောက်ခွက်ကိုနင်းကာ ဆင်းခဲ့ပါသည်။


“ဒုံး”


“ဒုံး”


ကားစပယ်ယာက တံခါးပိတ်ရန်ပြုပြီးမှ


“ဟာ ဘယ်ကောင် ပြဿနာရှာသွားပြန်ပြီလဲ မသိဘူး” ဟုဆိုလိုက်သည်။


တန်ဖိုးဆိုသည်မှာ သတ်မှတ်ချက်တစ်ခုသာဖြစ်သည်။


ကိုယ်က မည်မျှတန်သည်ဆိုသည် နှစ်ပြားမှ မတန်သည့် သောက်ခွက်ကြီးလည်း ဖြစ်ကောင်း ဖြစ်သွား နိုင်ပါသည်။


တန်ဖိုးဆိုသည်မှာ လူကသတ်မှတ်သည်။ ပြည်သူက သတ်မှတ်သည်။


တင်ညွန့်


၁၅.၆.၂၀၂၁