ဖုတ်ထုတ်ပွဲ(စ/ဆုံး)
ဖုတ်ထုတ်ပွဲ(စ/ဆုံး)
————–
“ဆရာ … ရွာထဲက ဦးကြည်အောင် ဆုံးပြီတဲ့”
“ဟေ ဟုတ်လား”
ဆရာလေး ကိုအေးမင်းက ကျွန်တော့်ကို လာပြောခြင်းဖြစ်သည်။
“လယ်တဲမှာလား”
“မဟုတ်ဘူး ဆရာသူ့အိမ်မှာပဲ”
ဦးကြည်အောင် မမာတာကြပြီ။ သို့သော် ဤရွာကလူတွေ မမာမကျန်းဖြစ်တာက အံ့ဩစရာကောင်းသည်။ ချက်ချင်းတုန်၊ ချက်ချင်းဖျား၊ ချက်ချင်းပြန်ကောင်းတတ်ကြသည်။ ဦးကြည်အောင်လည်း လယ်ထဲကို သွားလိုက် ပြန်လိုက်နှင့် အနွေးထည်လေးဝတ်ကာ မကျန်းမာနေရာမှ ယခုဆုံးပြီဟု ကြားလိုက်ရသဖြင့် နာရေးသွားမေးရဦးမည်။
ညနေ ကျောင်းလွှတ်မှသာ ရွာလယ်ရှိ ဦကြည်အောင်အိမ်ကို ရောက်လာသည်။ အသုဘအိမ် ဆိုသော်လည်း လူတစ်ယောက်မျှ မတွေ့ရ။ ဇဝေဇဝါနှင့် အိမ်ထဲကို ဝင်လိုက်သည့်အခါတွင် ဦးကြည်အောင်၏ ဇနီးဖြစ်သူ ဖွားနှင်းက အိမ်ထဲမှ ထွက်လာသည်။
“အဒေါ် … ဦးလေးသတင်းကြားလို့ လာခဲ့တာ”
“ဆရာ လာပါရှင် …. ကြွပါ”
ကျွန်တော်က အိမ်ပေါ်ကို တက်လိုက်သည်။ ဘုရားစင်အောက်တွင် ဦးကြည်အောင်ကို လှဲလျက်တွေ့လိုက်ရ သည်။
“ဟင် … ဒေါ်လေး ကျွန်တော်ကြားတာက …”
“သေပြီလို့ မဟုတ်လား … သူ မသေပါဘူး”
“မသိပါဘူး ဆရာလေး ကိုအေးမင်းကလာပြောလို့”
“ဟုတ်တယ်ဆရာရေ … မနက်ကတော့ သေတာ … သေပြီဆိုပြီး အလောင်းကို ရေချိုးမယ်လို့လုပ်မှ သတိပြန်ရလာလို့ အားလုံး အံ့အားသင့်ကုန်ကြတာ။ ဘယ်လိုဖြစ်မှန်းမသိပါဘူး”
“ဦးလေးကို သေပြီလို့ ဘယ်သူကပြောတာလဲ”
“အသက်မှ မရှူတော့တာ အားလုံးက သေပြီလို့ ထင်တာပဲပေါ့”
အလွန်ထူးဆန်းသော အဖြစ်အပျက်ပင်။ ကျွန်တော်လည်း အသုဘသတင်းမေးက လူနာသတင်းမေးဖြစ်ကာ ပြန်လာရသည်။
နောက်တစ်နေ့ သတင်းကြားရပြန်သည်
“ဦးကြည်အောင်ဆုံးပြီ”
သို့သော် နေ့ခင်းကျတော့ သတင်းရပြန်သည်
“အသက်ပြန်ဝင်လာပြန်ပြီ”
ဤသို့ ရှင်လိုက် သေလိုက် အကြိမ်ကြိမ်ဖြစ်သောအခါ လူတွေလည်း အံ့အားသင့်ကာ နောက်ဆုံးတွင် ကောက်ချက်ချလိုက်ကြသည်။
“ဖုတ်ဝင်နေတာ”
ဦးကြည်အောင် ဖုတ်ဝင်နေကြောင်း အခိုင်အမာပြောသူမှာ သူ့ဇနီးဖွားနှင်းဖြစ်သည်။
“သတိရလည်း ဘာမှ ကျွေးလို့မရဘူး။ ဒါပေမဲ့ မီးဖိုးချောင်ထဲ ချွတ် ချွတ် ချွတ်နဲ့ညဉ့်နက်လို့ အသံကြားရင် သွားကြည့်လိုက်။ ကြောင်အိမ်ထဲက ရှိတာတွေကို ပြောင်အောင် ခိုးစားနေတာ။ လူမြင်ကွင်းမှာဆိုရင် ဘာကျွေး ကျွေး မစားဘူး။ အဲဒီလို ညလူခြေတိတ်မှ ခိုးစားတာ” ဟုပြောသဖြင့် ဖုတ်ဝင်သည်ဆိုသော သတင်းကို အခိုင်အမာ လက်ခံလိုက်ကြသည်။
“ကျုပ်တို့မှာလေ သူ့ကို ကျွေးချင်တာ ကြောင်အိမ်ထဲ ထည့်ထားရတယ်။ ဆန်ပြုတ်လေး တစ်ဇွန်းတောင် မသောက်နိုင်တဲ့သူက ကြက်တစ်ကောင်လုံး ပြုတ်ထားတာများ အရိုးတောင်မကျန်ဘူး”
သေချာပြီ၊ ဦးကြည်အောင် ဖုတ်ဝင်နေသည် ဆိုခြင်းမှာ။
သေပြီဆိုတော့လည်း အသက်မရှူ။ ရှင်ပြန်တော့လည်း ငေါင်တောင်တောင်၊ ကြောင်တောင်တောင်။ သို့သော် အိပ်ရာကတော့ မထ။
အသက်မရှူတော့သဖြင့် သေပြီဟု ယူဆ၍လည်းမရပြန်။ ငေါက်ခနဲ ကောက်ထကာ အသက်ပြန်ဝင်ချင် ပြန်ဝင် လာတတ်သောသူ့ကို အိမ်သားတွေက နောက်ဆုံးတွင် ပယောဂဆရာဗလပျံလက်ထဲ အပ်လိုက်ကြရ လေတော့သည်။
ဆရာဗလပျံကား ဤနယ်တွင် နာမည်ကြီးပယောဂဆရာ။
ဖုတ်ထုတ်ပွဲတဲ့။ ကျွန်တော်သည် အယုံအကြည်မရှိသော်လည်း ဗဟုသုတအဖြစ် သွားကြည့်သည်။
တစ်ရွာလုံး နီးပါး ဦးကြည်အောင် အိမ်ဝင်းထဲတွင် စိတ်ဝင်စားစွာ လာကြည့်ကြသည်။
ပယောဂဆရာ ဗလပျံကလည်း ခေါင်းပေါင်းလေးနှင့် တုတ်ကောက်လေးကို ဆကာ ဆကာ အိမ်ထဲကို ဝင်လာသည်။ သူ့နောက်က တပည့်ကျော် ဖိုးသီးက လွယ်အိတ်နှင့် ကွမ်းအစ်ကိုကိုင်ကာ လိုက်လာသည်။
နေ့လယ်ခင်းအချိန်တွင် ဦးကြည်အောင်သည် အိပ်ရာထဲတွင် ပက်လက်ကလေး ဖြစ်နေသည်။
ဆရာဗလပျံက သူ့နှုတ်ခမ်းမွှေးကို သလိုက်ပြီး ကွမ်းတစ်ယာကို ဟန်ကျပန်ကျ ယာကာ ပါးစပ်ထဲ ထိုးထည့် လိုက်သည်။ ထို့နောက် ဦးကြည်အောင် နဖူးပေါ် လက်တင်ပြီး စမ်းကြည့်သည်။
“ကြည်အောင်”
လူနာက မလှုပ်။
“ကျုပ်ခေါ်နေတာ ကြားလား”
လူနာကငြိမ်နေသည်။
“မနှင်းလာစမ်းပါဦး”
“ဆရာဗလပျံကခေါ်သဖြင့် ဒေါ်နှင်းက သူ့ရှေ့တွင် ဒူးတုတ်ထိုင်လိုက်သည်။
“စားစရာ ဘာရှိသလဲဗျ”
“ဆရာထမင်းမစားရသေးဘူးလား”
“ရှိတာ သွားယူခဲ့ဗျာ”
“မနက်က ငါးခူကြော်ထားတာတွေတော့ ရှိတယ်”
“သွားယူလေ”
ဖွားနှင်းက အိမ်နောက်ဖေးမှ ငါးခူကြော် ပန်းကန်ကို သွားယူလာသည်။ ငါးခူကြီး သုံးကောင်ကို ကော့နေအော် ကြော်ထားသည်။
ဗလပျံက ငါးခူကြော်တစ်ကောင်ကို ယူလိုက်သည်။ ထို့နောက် ဦးကြည်အောင် နှာခေါင်းဝကို သွားတေ့လိုက် သည်။ ချက်ချင် မျက်လုံးနှစ်လုံး ဖွင့်ကြည့်သည်။
“ဟဲ … ဟဲ … ဘာရမလဲ … မူယာမာယာတွေ များမနေနဲ့ ထစမ်းပါ ကြည်အောင်ရာ”
လူမမာက ချက်ချင်း မျက်လုံး ပြန်မှိတ်သွားသည်။
“ဟုတ်ပြီ … ဟုတ်ပြီ … ငါလုပ်သင့်တာ လုပ်တော့မယ်။ မင်း အေးအေးဆေးဆေး ထွက်သွားမလား၊ ငါနှင် ထုတ်ရမလား ကြိုက်တာရွေး”
ဦးကြည်အောင်က တုတ်တုတ်မျှ မလှုပ်။
“ကောင်းပြီလေ … မနှင်း”
“ရှင်”
“ငါ့ကို ကွမ်းရွက် သုံးရွက်၊ ကြက်ဟင်းခါး သုံးရွက်၊ ခံတက်ရွက် သုံးရွက်၊ မအူရွက် သုံးရွက်၊ မြေစာမြက် သုံးညွန့်၊ ရဲယိုရွက် သုံးရွက်၊ ရုံးပတီရွက် သုံးရွက်နဲ့ ဝါးရွက် သုံးရွက် သွားခူခဲ့စမ်း”
“ဆရာရယ် ဆရာပြောတာများလွန်းတော့ မမှတ်မိဘူးရှင့်”
“ဟုတ်သားပဲ … စာရွက်တစ်ရွက်ပေးစမ်း”
ဆရာဗလပျံက စာရွက်ပေါ်တွင် သူလိုချင်သည့် အရွက်များကို ခဲတံတစ်ချောင်းဖြင့် ရေးပေးလိုက်သည်။
ကျွန်တော်တို့လည်း စိတ်ဝင်စားစွာဖြင့် ကြည့်နေကြသည်။ လူမမာကား မလှုပ်။
သူတောင်းဆိုသော အရွက်များသည် ရွာ၌ ရှားပါးသော အရွက်များ မဟုတ်သဖြင့် မကြာမီ ရှာသူတွေ ပြန်ရောက်လာကာ သူ့ရှေ့တွင် ပုံထားလိုက်ကြသည်။
ဆရာဗလပျံက တစ်မျိုးကို သုံးရွက်စီယူကာ
“ကိုင်း … ဟောဒီ အလောင်းကို … ဪ … သေမှ မသေသေးတော့ အလောင်းလို့ ပြောလို့ မရသေးဘူးပေါ့နော်။ အချိန်မရွေး အသက်ပြန်ဝင်နေတဲ့ ဟောဒီ အတ္တဘောကြီးကို လာမကြစမ်းပါဦး”
လူတွေက ဦးကြည်အောင်ကို ဝိုင်းမကြသည်။ တစ်ဖက်တွင် အသာလေးချထားစဉ် ဆရာဗလပျံက ဖျာကို လိပ်ပြီး သူ့အစီအရင် အရွက်သုံးရွက်စီကို မှောက်လျက်သား ခင်းလိုက်ပြီးမှ ဖျာကို ပြန်ဖုံးလိုက်သည်။ ပြီးမှ ဦးကြည်အောင်ကို ဖျာပေါ် ပြန်တင်စေသည်။ ဆရာဗလပျံက
“ကိုကြည်အောင်ကို ဖုတ်ဝင်နေတာ သေချာသပေါ့။ ဒီဖုတ်ကို အချိန်မီထုတ်လိုက်တော့ သူလည်း လွတ်ရာ ကျွတ်လမ်းကို အမြန်ရောက်၊ အိမ်သူအိမ်သားတွေလည်း ဒုက္ခမရောက်တော့ဘူးပေါ့။ နို့မို့ဆိုရင် ဒီဖုတ်က ထွက်နိုး ထွက်နိုးနဲ့ နှစ်ပေါင်းများစွာ ဒီလိုပဲ ဒုက္ခပေးနေမှာ။ ကျုပ်ဒီလို ဖုတ်တွေကို အများကြီးတွေ့ဖူးပါတယ်။ အလွန်မူယာမာယာများ တာကလား။ ကိုင်း ကာယကံရှင် မနှင်းကို မေးရဦးမယ်။ ခင်ဗျား လင်ရဲ့ ဖုတ်ကို ထွက်စေချင်သလား”
“ဒီအတိုင်းကြီးကတော့ ကျုပ်တို့လည်း ကြောက်သတော့။ သေတယ်ဆိုလည်းသေ။ ရှင်တယ်ဆိုလည်း ရှင်ပေါ့။ ခုတော့ သေသလိုလို ရှင်သလိုလို၊ တော်ကြာ အသက်ပြန်ဝင်လိုက်၊ တော်ကြာ အသက်ပြန်ထွက်လိုက်နဲ့ ကြောက်သတော့”
“ကျုပ်မေးတာကို ရှင်းရှင်းဖြေဗျ … ခင်ဗျားလင်ထဲမှာ ဝင်နေတဲ့ ဖုတ်ကိုထုတ်လိုက်ရင် သေသွားမှာ။ သေတာကို ကြိုက်သလား၊ ရှင်ပြီးတော့ ဒီအတိုင်းနေတာကိုကြိုက်သလား ရှင်းရှင်းပြော”
“သေတယ်ဆိုလည်း သေပါစေတော်”
“ကောင်းပြီလေ … ဖုတ်ကိုထုတ်တာ အားလုံးကလည်း ဆန္ဒရှိတယ်ဆိုတာ ထင်ရှားအောင် အားလုံး ဝိုင်း ထုတ်မယ်။ ကိုင်း လူတိုင်း သရဏဂုံသုံးပါးတော့ ရမှာပေါ့။ ကျုပ်ကတိုင်ပေးမယ် အားလုံး … ဒီမှာရှိတဲ့ လူအားလုံး လိုက်ဆိုကြရအောင်”
အိမ်ပေါ် အိမ်အောက် လူအားလုံးကို ဆရာဗလပျံက တိုင်ပေးသည်
“ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ”
“ဓမ်မံ သရဏံ ဂစ်ဆာမိ”
“သံဃံသရဏံ ဂစ်ဆာမိ”
ဆရာဗလပျံက သုံးကြိမ်တိုင်ပေးသည်။
ဝင်းခြံကြီးတစ်ခုလုံး သရဏဂုံသုံးပါးအသံက ဟိန်းထွက်သွားသည်။ သူ့လက်တစ်ဖက်က ဦးကြည်အောင် ရင်ဘတ်ကို ဖိထားသည်။ သုံးကြိမ် အပြည့်တွင် လူနာက တစ်ချက် လူးလွန့်ပြီး အကြောဆွဲကာ ငြိမ်သွားသည်။
“ကိုင်း သေပြီဗျာ … အသက်ပြန်မရှင်နိုင်တော့ပါဘူး။ ကျုပ်လည်း သွားပြီ။ စိတ်ချလက်ချသာ ယုံလိုက်တော့။ ကျုပ်အစီအရင်တွေတန်ခိုးကြောင့် ကြည်အောင် အသက်ထွက်သွားပါပြီဗျား” ဟုဆိုကာ ထသွားသည်။
သူ့နောက်ကတပည့်ကျော်ဖိုးသီးက လွယ်အိတ်နှင့်ကွမ်းအစ်ကိုကိုင်ကာ အပြေးလေးလိုက်သွားသည်။
ကျွန်တော်တို့လည်း မယုံရဲ ယုံရဲဖြစ်နေသည်။
အလောင်းဟုသတ်မှတ်ကာ ရေလည်းမချိုးပေးရဲသေး။ ဖွားနှင်းကိုယ်တိုင်က
“တစ်ညလောက်တော့ စောင့်ကြည့်ပါရစေဦးကွယ်။ တော်ကြာ မသေဘဲ မြှုပ်လိုက်သလို ဖြစ်သွားမှာ စိုးရိမ်လို့ပါ” ဟု တောင်းပန်သည်။
ထိုညတွင် ဦးကြည်အောင်သည် ခါတိုင်းလိုထပြီး ခိုးလည်းမစားတော့ပေ။
ထို့ကြောင့် နံနက်ခင်းတွင် သေကြောင်းအတည်ပြုကြသည်။
အတည်မပြု၍လည်းမဖြစ်။ သေပြီဆိုမှ နံလိုက်သည့်ပုပ်စော်။ ရွာပြင်ကို ချက်ချင်း အလောင်းထုတ်ကာ သင်္ချိုင်းတွင် သွားထားရသည်။
ဦးကြည်အောင် တကယ်သေပြီ။
တင်ညွန့်
၁၂.၂.၂၀၂၄