အမေနှင့်တွေ့ခဲ့သောည

 အမေနှင့်တွေ့ခဲ့သောည

----------------------

အမေနှင့် ကျွန်တော် ညကစကားပြောနေသည်။


အမေက ကျွန်တော့်ကိုမေးခွန်းထုတ်သည်။


“လောကကြီးထဲ ရောက်လာတာ ယူဖို့သက်သက်လား။ ပေးဖို့သက်သက်လား။ အပေးအယူမျှဖို့လား”


“ကျွန်တော်ကတော့ လောကကြီးထဲရောက်လာတာ ယူဖို့အတွက်ရော … ပေးဖို့အတွက်ရောထင်ပါတယ်။ ပေးရမယ့်တာဝန်ကို‌ ကျေပွန်မှ ယူပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဟာ အဓိပ္ပာယ်ရှိမယ်လို့ထင်ပါတယ်”


“ဘာဖြစ်ဖြစ်ပေါ့ကွယ် ကိုယ်ယူသလောက်ပေးတော့ပေးရမယ်ဆိုတဲ့ မာနတော့ ထားသင့်တယ်”


“အမေ ကိုယ်ယူသလောက် မပေးတဲ့လူတွေကြောင့် … အယူချည်းသက်သက်လူတွေကြောင့် လောကကြီးက တစ်ဖက်စောင်းနင်းဖြစ်နေရတာ”


အမေက ပြုံးလိုက်သည်။ အမေ့အပြုံးတွေကလှနေသည်။ အမေ့ဆံပင်တွေက ဖြူဖွေးနေသည်။ အမေ့ လက်တွေက သေးသွယ်ပြီးပိန်လှီကာ အကြောတွေပြိုင်းပြိုင်းထနေသည်ကို မြင်နေရသည်။ သို့သော် အမေက သန်မာလွန်းလှသည်။


“အမေ … အမေအသက် ၈၀ ကျော်ပြီနော် သန်မာတုန်းပဲ။ ဒီအချိန်အထိ အမေ့အတွေးအမြင်တွေက ဘာဖြစ်လို့ မပြောင်းလဲဘဲ ခိုင်မာနေရတာလဲဗျာ” ဟု ကျွန်တော်ကမေးလိုက်သည်။


အမေကရုတ်တရက်ထသွားပြီး အခန်းထဲကို ဝင်သွားသည်။ အခန်းထဲက ပြန်ထွက်လာသည့် အခါတွင် အမေ့လက်ထဲတွင် ဖဲအဝါစလေးနှင့် ထုပ်ထားသည့် အထုပ်လေးတစ်ထုပ်ကို ကိုင်လာသည်။


အမေက ကျွန်တော့်ဘေးတွင် ပြန်ထိုင်လိုက်သည်။


အမေက အဝါရောင်ဖဲစဖြင့် ပတ်ထားသည့်အရာကို ဖြေထုတ်လိုက်သည်။ အထဲတွင် လက်ဝါးပေါ် တင်နိုင်သည့် ဟောင်းနွမ်းနေသော သားရေသေတ္တာလေးကို တွေ့လိုက်ရသည်။


“အမေ အဲဒါဘာလဲဟင်”


အမေက သေတ္တာလေးအပေါ်က အဖုံးကို ဖွင့်လိုက်သည်။ အထဲတွင် သံလိုက်အိမ်မြှောင်လေးကို တွေ့လိုက်ရ သည်။


“သား ဒါဘာလဲ သိလား”


“သံလိုက်အိမ်မြှောင်လေ အမေ”


“ဘယ်သူ့ဟာလဲသိလား”


“မသိဘူးအမေ”


“သားအဘိုး … အမေ့အဖေရဲ့ ပစ္စည်းလေးပေါ့ကွယ်။ ဒီသံလိုက်အိမ်မြှောင်လေးဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီသိလား”


အမေက ပြောပြောဆိုဆိုနှင့် သားရေသေတ္တာထဲက သံလိုက်အိမ်မြှောင်ကိုထုတ်ကာ ကျောဘက်ကို ပြသည်။ ၁၉၂၁ ဟူ၍ရေးထားသည်။


“နှစ်ပေါင်း ၁၀၀ ကျော်နေပြီအမေ”


“ဟုတ်တယ် နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ ဒါပေမဲ့သားရေ အဲဒီ သံလိုက်အိမ်မြှောင်ကိုကြည့်လိုက်စမ်း။ အမြဲတမ်း မြောက်အရပ်ကို ပြနေတယ်။ ဒီသံလိုက်အိမ်မြှောင်ကို အမေက အိမ်ခန်းထဲက ဗီရိုထဲမှာ သိမ်းထားတာ။ သူ့ကို ဘယ်နေရာမှာ ဘယ်လောက်ကြာကြာ သိမ်းထားသည်ဖြစ်စေ သူ့လက်တံက မြောက်အရပ်ကိုသာပြနေတာ ပဲကွယ်။ သူ့မြားတံကို မြောက်အရပ်မပြနဲ့ဆိုပြီး အခြားဘက်ပြအောင် အတင်းလှည့်လိုက်လို့မရဘူး။ အိမ်မြှောင် ကြေးကိုယ်ထည်လေးက နှစ်ကြာလို့ ဟောင်းချင်ဟောင်းမယ်၊ မှန်တွေက မှုန်ဝါးချင်မှုန်ဝါးသွားမယ် သူ့အတွင်း ထဲက သံလိုက်ဓာတ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ဘယ်တော့မှ ဘက်မပြောင်းနိုင်ဘူးကွယ်”


“မှန်တာပေါ့အမေရယ် … အိမ်မြှောင်ရဲ့ ညွှန်ပြနိုင်စွမ်းကို ဘယ်သူမှ တားဆီးလို့မရနိုင်ပါဘူး။ သူရှိနေတာ ဘယ်လောက်ပဲနှစ်ကြာသည်ဖြစ်စေ လမ်းပျောက်နေသူတွေအတွက် လမ်းညွှန်ဖြစ်နေဦးမှာပဲအမေ”


“အဲဒါပဲပေါ့ကွယ် … သံလိုက်အိမ်မြှောင်ကို ဘယ်နေရာမှာ သိမ်းထားသည်ဖြစ်စေ၊ ဖုံးကွယ်ထားသည်ဖြစ်စေ၊ ပိတ်လှောင်ထားသည်ဖြစ်စေ သူ့လက်တံတွေကတော့ သူပြရမယ့်မြောက်အရပ်ကိုပဲ တာဝန်ကျေကျေ ပြနေ မှာပဲ။ လောကမှာလည်း ဒီအတိုင်းပဲသား။ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအမြင်တွေကို မှန်ကန်တဲ့ဘက်ကို တစ်ဖက်တည်းပြနိုင်၊ လမ်းညွှန်နိုင်အောင်ကြိုးစားနေပါသား။ သားဘဝဟာ ဘယ်တော့မှ ညှိုးနွမ်းသွားမှာမဟုတ်ဘူး။ အမှန်တရားရှိရာဘက်ကို မမှိတ်မသုံတည့်တည့်သာကြည့်ပါသား”


အမေက ပြောပြောဆိုဆိုနှင့် ဝါဂွမ်းမျှင်လေးတစ်မျှင်ကို သူ့လည်ပင်းတွင်ပတ်ထားသော မာဖလာမှ ဆွဲထုတ် လိုက်သည်။  


“သားရေ ဒီဝါဂွမ်းမျှင်စလေးက ဘယ်လောက်တောင်ပျော့ပျောင်းနုညံ့သလဲကွယ်။ အဲဒီဝါဂွမ်းစလေးကို ဖိကြည့် စမ်းပါ။ ပြားသွားသလား။ ချေမွကြည့်စမ်းကွယ်”


အမေက ကျွန်တော့်လက်ထဲကို ဝါဂွမ်းစလေးထည့်ပေးကာ ပြောလိုက်သည်။ ကျွန်တော်က ဝါဂွမ်းစလေးကို လုံးခြေလိုက်သည်။ လက်ကိုပြန်ဖြေလိုက်သည့်အခါတွင် မူလအတိုင်းရှိနေသည်။


“သား အမေက ဝါဂွမ်းစလေးလိုလည်းကျင့်တယ်။ ကြိုက်သလောက်ချေမွပါစေ ကြေမွမသွားဘူး။ တူနဲ့လာထုလည်း ထုသူပဲ လက်နာပြီး တူလည်း ကျိုးကောင်းကျိုးမယ်။ အမေကတော့ ဘာမှမဖြစ်ဘူး။ အမေက မကြေမွနိုင်တဲ့သတ္တိကို အမြဲမွေးတယ်။ သားကိုလည်း နုညံ့သလောက် ချေမွလို့မရနိုင်လောက်တဲ့ သတ္တိမျိုး ရှိစေချင်တယ်”


“သားနားလည်ပါပြီအမေရယ်”


“သံလိုက်အိမ်မြှောင်လိုနေ၊ ဝါဂွမ်းစလေးလိုကျင့်ကြားလား။ ဘယ်တော့မှ မညှိုးသွားဘူး”


ကြက်တွေတွန်သံကြားရသည်။


ကျွန်တော်လန့်နိုးသွားသည်။


ကျွန်တော်အိပ်မက် မက်နေသည်။


တင်ညွန့်


၆.၁.၂၀၂၆