လူနှင့်ခွေး
--------------
အဘိုးအိုတစ်ယောက် တုတ်ကောက်လေး တတောက်တောက်နှင့် လမ်းလျှောက်လာသည်။
သူရောက်လာသော ရပ်ကွက်မှာ တိတ်ဆိတ်ငြိမ်းချမ်းပြီး ချမ်းသာသူတွေသာ နေထိုင်နိုင်သည့် ရပ်ကွက်မျိုးဖြစ် သည်။
သူက လမ်းထိပ်မှဆိုင်းဘုတ်လေးကို ဖတ်လိုက်သည်။
“အေးမြသာယာလမ်း”
သူက လမ်းထဲကိုကြည့်လိုက်သည်။ လမ်းထဲတွင် ရေတမာပင်တွေကို အတန်းလိုက်စိုက်ထားသည်မှာ ကြည့်၍ပင် လှနေတော့သည်။
သူက ဘေးတစ်ဖက်တစ်ချက်ရှိ တိုက်အိမ်တွေကို လိုက်ကြည့်ပြီး လမ်းကိုအေးဆေးစွာ လျှောက်လာသည်။
“ဝုတ် … ဝုတ် … ဝုတ်”
ခြံတစ်ခြံထဲမှ ခွေးတစ်ကောင်က သူ့ကို စူးစူးဝါးဝါးထိုးဟောင်သည်။
“ဝေါင်း … ဝေါင်း … ဝေါင်း”
နောက်ခွေးတစ်ကောင်ကလည်း ခြံတံခါးကို တွန်းထိုးပြီး သူ့ကိုဟောင်နေသည်။
အဘိုးအိုက ခွေးတွေနှင့်ဝေးရာကို အမြန်လျှောက်လိုက်သည်။
ခြံထဲက ခွေးတစ်ကောင်က ပြေးထွက်လာပြီး သူ့ကို လိုက်ဆွဲသည်။
“အို … အို … ဘယ်နှယ့် … ဟဲ့ … ဟဲ့ခွေး”
သူက လက်ထဲရှိ တုတ်ကောက်နှင့် ခွေးကိုခြောက်သည်။ ခွေးကတန့်သွားသော်လည်း သူ့ကို စူးစူးဝါးဝါး ထိုးဟောင်သည်။ နောက်ခွေးတစ်ကောင်က ထပ်ပြေးလာသည်။ သူတို့အင်အားကောင်းသွားသဖြင့် အဘိုးအိုကို ဝင်ဆွဲသည်။ အဘိုးအို၏ ဘောင်းဘီစုတ်ပြဲသွားသည်။ သူက ခွေးတစ်ကောင်ကို တုတ်နှင့် မောင်းနေစဉ်မှာပင် နောက်တစ်ကောင်က ခြေသလုံးကို ဝင်ဆွဲသည်။
အဘိုးအိုက ခြောက်လှန့်၍ မဖြစ်နိုင်မှန်းသိသွားသည်။ သူက တုတ်ကောက်ကို မြဲစွာကိုင်ပြီးနောက် ခွေးတစ်ကောင်၏ ခေါင်းကလွှဲကာ ရိုက်လိုက်သည်။ ချက်ကောင်းကို ထိသွားသဖြင့် ခွေးက ငယ်သံပါအောင် အော်ပြီး ပြေးသည်။ နောက်ခွေးတစ်ကောင်ကလည်း ပြေးသွားသည့်ခွေးနောက်ကိုလိုက်ကာ ခြံထဲ ဝင်ပြေး သည်။
အဘိုးအိုသည် သူ့ခြေသလုံးမှ ခွေးဆွဲသွားသည့် ဒဏ်ရာကိုကြည့်လိုက်ပြီးနောက် ခွေးတွေ ပြေးဝင်သွားသည့် ခြံဆီသို့ ထော့နင်းထော့နင်းနှင့် ပြန်သွားသည်။
သူက ခြံစည်းရိုး အုတ်တိုင်ရှိ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ ခြံတံခါးက ခွေးတစ်ကောင် ဝင်လောက်အောင် ဟနေသည်။ သူက လူခေါ်ခေါင်းလောင်း ခလုတ်ကိုဆက်နှိပ်သည်။ လူတစ်ယောက်မျှ ထွက်မလာသဖြင့် ခြံတံခါးတွင် တပ်ဆင်ထားသော ခေါင်းလောင်းလေးကို သွားလှုပ်သည်။
ခြံထဲမှ ခွေးတွေကထပ်ဟောင်သည်။ မကြာခင် လူတစ်ယောက်က ထွက်လာသည်။
“ဘာကိစ္စရှိလို့လဲ”
သူက ခြံတံခါးတစ်ဖက်မှရပ်ပြီး အဘိုးအိုကို မေးလိုက်ခြင်းဖြစ်သည်။
“ဒီမှာ မောင်ရင်တို့အိမ်ကခွေးနှစ်ကောင် ငါ့ကို ကိုက်သွားလို့”
“ကျွန်တော့်အိမ်ကခွေးတွေက ခြံထဲမှာပဲ။ ဦးက ခြံထဲကိုဝင်လို့ကိုက်တာပေါ့။ အဝမှာ ရေးထားတယ်လေ ခွေးကိုက်တတ်သည်လို့”
“ဒီမှာ စကားကိုမျှတအောင်ပြောစေချင်တယ်။ မောင်ရင်တို့ ခွေးတွေက လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ ငါ့ကို ထွက်ကိုက်ပြီး ခြံထဲဝင်ပြေးတာ။ ဒီမှာ ခြံတံခါးဟနေတယ်”
“ကျွန်တော့်ခွေးတွေက လမ်းပေါ်က လူတွေကို ထွက်ဆွဲတာမျိုးမရှိဘူး”
“ဒီမှာလေ ဘောင်းဘီလည်း စုတ်သွားတယ်။ ခွေးကိုက်လိုက်တဲ့ဒဏ်ရာ ဒီမှာ သွေးထွက်နေတယ် မြင်လား”
“ဦးလေးကို ကျွန်တော်တို့အိမ်ကခွေးကိုက်တာပါလို့ ဘယ်လိုသက်သေပြမလဲ”
“မင်းတို့ခြံထဲကို ဝင်ပြေးသွားတဲ့ခွေးတွေကို မင်းတို့ခွေး မဟုတ်ပါဘူးလို့ ငြင်းချင်နေတာလား။ ဟိုမှာ … ဟိုခွေးနှစ်ကောင်ပဲ ငါ့ကို ကိုက်သွားတာ”
“ဦးလေးကို ကျွန်တော်ပြောတယ်နော် … ခြံထဲဝင်မလာဘဲနဲ့တော့ ကျွန်တော့်အိမ်ကခွေးတွေက မကိုက်ဘူး။ ခင်ဗျားတစ်ခုခု ဝင်ပြီး အလစ်သုတ်တာကြောင့် ကျွန်တော့်ခွေးတွေကိုက်တာ”
“မောင်ရင် … လူကြီးလူကောင်းဆိုရင် လူကြီးလူကောင်းစကားပြောပါ။ ငါက ဟိုဘက်လမ်းမှာနေတာ။ သူခိုး မဟုတ်ဘူး။ ခုဟာက မင်းတို့ခွေးကကိုက်တာကို ငါအကြောင်းလာကြားတာ”
“ကိုင်း … ထားပါဗျာ … ဘာလဲ ခင်ဗျားက အလျော်လိုချင်လို့ အကြံအဖန်လာလုပ်နေတာလား”
“ကောင်းပြီ … မင်းကို လူကြီးလူကောင်းတစ်ယောက်မှတ်နေတာ … တကယ်တော့ မင်းက တော်တော် အောက်တန်းကျတာပဲ။ မင်းဆီက ဘာမှ လျော်ကြေးမလိုဘူး။ မင်းခွေးတွေအတွက် မင်းတောင်းပန်တာပဲ လိုချင်တယ်”
“အလိုဗျာ … ခွေးအစား လူကတောင်းပန်ရမတဲ့လား … မတောင်းပန်နိုင်ပါဘူး”
“မောင်ရင်ဟာ တောင်းပန်ခြင်းဆိုတဲ့ သဘောတရားကိုပါ နားမလည်တဲ့ အပေါစားလူတစ်ယောက် ဆိုတာ ပိုပြီး ထင်ရှားသွားပြီ။ ကဲ … ငါနောက်ဆုံးပြောမယ်။ မင်းဆီက ဘာလျော်ကြေးမှ မလိုချင်ဘူး။ ငါ့ကို တောင်းပန်ပါ။ နောက် ခွေးတွေကို လွှတ်မထားတော့ပါဘူးလို့ ဝန်ခံပါ”
“မတောင်းပန်နိုင်ဘူး … ကျုပ်ဘဝမှာ ဘယ်သူ့ကိုမှ အောက်ကျခံပြီး တောင်းပန်တာမျိုး မရှိဘူး”
“အေး … ခုတော့ မင်းတောင်းပန်မှရမယ်”
“မတောင်းပန်နိုင်ဘူးဗျာ … ခင်ဗျား ဘာလုပ်မလဲ။ အဘိုးကြီး ထွက်သွား … နောက်တစ်ခါ ကျုပ်ခွေးတွေကို လွှတ်လိုက်မှ အဆိုး မဆိုနဲ့”
“မင်း မတောင်းပန်နိုင်ဘူးပေါ့”
“မတောင်းပန်နိုင်ဘူး”
“ကောင်းပြီလေ”
အဘိုးအိုက နောက်ပြန်လှည့်ပြီး သူလာရာလမ်းအတိုင်း ပြန်ထွက်သွားသည်။
နောက်တစ်နေ့
မနေ့ကအချိန်တွင် အဘိုးအိုသည် ခွေးကိုက်သည့်အိမ်ကို ထပ်ရောက်လာသည်။ လူခေါ်ခေါင်းလောင်းကို နှိပ်သည်။ တံခါးရှိ ခေါင်းလောင်းကိုခေါက်သည်။
“ကလင် … ကလင် … ကလင်”
လူတစ်ယောက်ထွက်လာသည်။ အဘိုးအိုနှင့်စကားပြောသည်။ ထိုလူက အိမ်ထဲဝင်သွားသည်။ ခွေးတွေက ခြံထဲမှနေပြီး အဘိုးအိုကို စူးစူးဝါးဝါးဟောင်သည်။ မနေ့က အဘိုးအိုနှင့် စကားများသူ ထွက်လာသည်။
“မင်းငါ့ကို တောင်းပန်ပါ”
“မတောင်းပန်နိုင်ဘူး”
သူတို့စကားအကြီးအကျယ်များသည်။ ခွေးတွေက ခြံထဲတွင် သောင်းကျန်းသည်။ အဘိုးအို ပြန်ထွက်သွားသည်။
နောက်တစ်နေ့
နောက်တစ်နေ့
အဘိုးအိုသည် နေ့စဉ်ဆက်တိုက်လာပြီး တောင်းပန်ခိုင်းသည်။ ခြံရှင်ကလည်း မတောင်းပန်နိုင်ကြောင်း ပြောသည်။ နောက်ပိုင်းထွက်မတွေ့။ ခြံစောင့်နှင့် စကားဆက်များကြသည်။
အဘိုးအိုသည် ထိုခြံရှေ့ကို မလာတော့။
သို့သော် အဘိုးအိုလာချိန်ရောက်တိုင်း ခွေးတွေက ထိန်းမနိုင်သိမ်းမရဖြစ်အောင် ထိုးဟောင်နေတော့သည်။ ခွေးတွေက အခြေအနေဆိုးလာသည်။ နေ့ဘက်သာမက ညဘက်တွင်ပါ အငြိမ်မနေကြတော့။ ပိုပြီး ထူးဆန်းသည်မှာ ညဉ့်နက်သန်းခေါင်အချိန်တွင် ခြံတံခါးမှ ခေါင်းလောင်းကို မည်သူက လာတီးခတ်နေမှန်း မသိခြင်းပင်။
“ကလင် … ကလင် … ကလင်”
အိမ်ရှင်နှင့် အိမ်သားများ ခြံအပြင်ထွက်ကြည့်ကြသည်။ မည်သူ့ကိုမျှမတွေ့။ ခွေးတွေကတော့ ဟောင်ပြီးရင်း ဟောင်သည်။ အိမ်ရှင်တွေလည်း အိပ်ရေးတွေပျက်ကာ စိတ်ညစ်လာသည်။
တစ်နေ့
ထိုနေ့တွင် မိုးတွေအုံ့နေသည်။ လေတိုက်သဖြင့် သစ်ပင်တွေက တဟီးဟီးအော်သလိုဖြစ်နေသည်။
“ကလင် … ကလင် … ကလင်”
ခြံဝတွင် ခေါင်းလောင်းသံကြားရသဖြင့် ခွေးတွေက စူးစူးဝါးဝါးဟောင်ကုန်ကြပြန်သည်။
အိမ်ရှင်က ပေါက်ကွဲနေသည်။ ခြံစောင့်ကို ခြံဝသို့သွားကြည့်ခိုင်းသည်။ မိုးဖွဲဖွဲလေးရွာနေသည့်ကြားက ခြံစောင့်က ခြံဝကိုပြေးကြည့်သည်။ တံခါးဖွင့်ကြည့်သည်။ မည်သူ့ကိုမျှ မတွေ့။ သူက အိမ်ထဲကိုပြန်ပြေးကာ မည်သူကိုမျှ မတွေ့ကြောင်း သူ့အိမ်ကြီးရှင်တွေကိုပြောသည်။
အိမ်ရှင်ကလည်း စိတ်မငြိမ်စွာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခွေးတွေကို အော်ငေါက်နေသည်။ ခွေးတွေကလည်း ခြံတံခါးကိုကြည့်ပြီး ဟောင်နေသည်။
“တိတ်စမ်း … တိတ်တိတ်နေစမ်း”
သူ့ခွေးတွေကို ထိန်းမရဖြစ်နေသည်။ ခွေးတွေကလည်း မိုးရွာထဲထွက်ပြေးလိုက်၊ ခြံဝကိုရောက်လိုက်၊ နောက်ပြန်လှည့်လာကာဟောင်လိုက်နှင့် အဆက်မပြတ်လုပ်နေသည်။
အိမ်ကြီးရှင်က သည်းခံနိုင်စိတ်တွေပျောက်ကုန်ဟန်တူသည်။ သူက အိမ်ထဲကို ဝင်သွားသည်။ သူ့လက်ထဲတွင် သေနတ်တစ်လက်ပါလာသည်။ သူက ခွေးနှစ်ကောင်ကို အော်ဟစ်ကာ တိတ်ခိုင်းသည်။
“တိတ်စမ်း … တိတ်လိုက်စမ်း”
ထိုအချိန်တွင် ခြံဝမှ
“ကလင် … ကလင် … ကလင်” ဆိုသည့် အသံကို ထပ်ကြားသည်။
ခွေးတွေကိုထိန်းမရတော့။
“တိတ်စမ်း … တိတ်စမ်း”
သူကခွေးတွေကို အော်လိုက်သည်။ သို့သော် ခွေးတွေက ဆက်ပြီး အဆက်မပြတ်ဟောင်နေသည်။
“ဒိုင်း”
“ဒိုင်း”
အားလုံး တိတ်ဆိတ်သွားသည်။
ထိုနေ့ကစပြီး ခေါင်းလောင်းသံလည်း မကြားရတော့။
ခွေးဟောင်သံတွေလည်း မကြားရတော့။
တင်ညွန့်
၁၃.၂.၂၀၂၆