“ပေတလူ”(စ/ဆုံး)
————
ကိုမွေးတော့၊အိမ်မှာသူအမေတစ်ယောက်ထည်း၊၊ဆီးသွားရင်းမွေးတော့၊ကပျဉ်
အောက်ကရေထဲသို့ထွက်ကျသွားသည်။
အိမ်နားနီးချင်းများကောင်းလို့”ပေတလူ”အသက်ရှင်ခွင့်ရခဲ့၏။
ပေတလူက သူ့ကိုယ်သူ
မွေးကံမကောင်းဖူးဟု၊
အထင်ရောက်နေခဲ့သူဖြစ်ပါ၏။
ထင်လောက်စရာ၊အကြောင်းများရှိခဲ့ပါ
၏။သူ၏မွေးရပ်မြေက၊မြစ်ကမ်းနဖူး
က၊ရွာသိမ်ရွာငယ်ကလေး။အဖေအမေတို့ကတံငါသည်။
နေရသည့် အိမ်ကလေးများက၊ ကုန်းမြင့်မြင့်ပေါ်ရာနေရာများတွင်၊
တောင်တစ်အိမ်၊မြောက်တစ်အိမ်ဆောက်လို့ထားပါသည်။ဖိုးဖွားစဉ်ဆက်၊ငါး
ဖားရှာဖွေရောင်းချသည့်၊တံငါအလုပ်ဖြင့်အသက်မွေးမှုလုပ်ကိုင်စားသောက်
ရ၏။ပေတလူ၏အဖအမေတေို့အိ မ်
ထောင်ကျကြတော့၊အဖိုးက၊တဲသာသာအိမ်က
လေးတစ်အိမ်ဆောက်ပေးပြီး၊လက်ဖွဲ့
အဖြစ်လှေငယ်တစ်စင်းအမွေပေးလိုက်သည်။
ပြောရရင်တော့၊လှေလှော်တတ်သူအတွက်လူနှစ်ယောက်ကိုသယ်ပြီး၊ပင်လယ်
ကူးလို့ရယုံသာဖြစ်သည်။လှေနှင့်အတူလက်ဖွဲ့အဆစ်အဖြစ်၊
လှော်တက်နှစ်ချောင်းနှင့်ငါးဖမ်းပိုက်ကွန်တစ်စုံကိုပါပေးလိုက်သေးသည်။
သည်ထက်ပိုပြီးလိုချင်ပါလည်း၊သူတို့မှာပေးစရာမရှိတော့ပါ။
လုပ်စားဖို့လုပ်ခင်းကတော့ကျယ်ပြန့်
လွန်းသည်၊ရွာဘေးကမြစ်ချောင်းတစ်သွယ်နှင့်ရေပင်လယ်ကျယ်သမျှ၊လုပ်စားခွင့်ရခဲ့ပါသည်။
မပိုင်ဝက်မွေးဆိုသလိုပင်၊မိမိကိုယ်ပိုင်
ဝိရိယအား၊ဥာဏ်အားရှိသူသာ၊ထမင်း
ကောင်းကောင်းစားနိုင်မည့်အလုပ်ဖြစ်သည်။
လှေအလှော်ကောင်းပေမဲ့၊မုန်တိုင်းက
ထန်၊လှိုင်းကပြန်သဖြင့်၊အားမတန်မာန်
မတင်းနိုင်သော၊ရေခင်းပိုင်သူတို့၏၊
လုပ်ကွက်ဖြစ်သည်။
တံငါဖြစ်လို့၊တောရွာမှာမွေးလို့၊သိမ်ငယ်
သည်လို့မဆိုလိုပါ၊အခြားနေရာများ
လောက်အစစအရာရာဖွံဖြိုးတိုးတက်မှု
နည်းပါးခြင်းကြောင့်၊အားရကျေနပ်ဖွယ်ဘဝအခြေမစခဲ့ဖူးလို့”ပေတလူ.”ဆိုလို
ချင်ပါသည်။
ပေတစ်လူ ငယ်စဉ်က၊ညနေစောင်းလျှင်
အဖေအပြန် အားအမေနှင့်အတူမျှော်ရသည်။
ပင်လယ်တွင်းက၊လေနုအေးက
တဖြူးဖြူးဖြင့်တိုက်သလိုလိုနဲ့၊ညှင်ညှင်
သာသာတိုက်နေသည်က၊သာယာလှပါသည်။
ဒါပေမဲ့လေကြမ်းတိုက်လို့လာလျှင်အဖေ့အား၊စိုးရိမ်ရသည်။ထိုအချိန်ပင်လယ်
လှိုင်းကြီးများဘောင်ပင်ခတ်ပြီး၊ဗေဒါဒိုက်တို့ကမ်းပေါ်လွင့်ပျံ၍ရောက်လာကြသည်။
အမေ့ပါးစပ်မှဘုရားတပြီး၊ပေတလူအား
တင်းတင်းဖက်လို့ထားသည်။
လှိုင်းလုံးကြီးများ၏အကြားမှ၊အဖေ၏လှေကလေးဘွားကနဲပေါ်လာမှ၊သားအမိနှစ်ယောက်သားသက်မချနိုင်ကြသည်။
သက်စွန့်ဆံဖြားငါးဖမ်းသမားတို့၏ဘဝပါ။အသက်အားအရင်းတည်ပြီး၊ထမင်းအတွက်ရှာဖွေစားသောက်ရသူများပါ။
အဖေရောက်လာမှ၊ငြိမ်းနေသောမီးအိမ်
ကလေးအားပြန်ပြီးထွန်းရသည်။
သေလုလုမီးခဲကလေးအား၊မီးပြန်မွှေး
ပြီး၊ညစာချက်ရသည်။
ဥာဉ့်နက်ပေမဲ့၊လရောင်အောက်တွင်၊
မိသားစုထမင်းဝိုင်းကလေးက၊မိန်လှသည်။ဘာနှင့်စားရစားရပျော်မိသည်။ ရာသီဥတု သာသည့်အခါများကြုံလျှင်တော့၊သောင်ပြင်ပေါ်တွင်ဖျာကြမ်းခင်းပြီး၊ကြောချခါ၊အမေကတေးချင်းဆို
ပြီး၊အဖေကလက်ခုပ်တီးပေးသည်။
ထိုအချိန်အမေ့ရင်ခွင်မှာမှေးပြီး၊ပေတလူပျော်ခဲ့ပါသည်။
မိဘအရိပ်တွင်ခိုဝင်ပြီးနေခဲ့ရသော၊
ပေတလူ၏ဘဝက၊မချမ်းသာဟုဆိုသော်
လည်း၊တစ်ခါတစ်ခါတော့သာယာလို့နေပါသည်။
ပေတလူ၏မိဘများက၊
အများကလေးတွေလို၊ပေတလူအားအစိုးရကျောင်းများသို့ပို့ပြီး၊ကျောင်းမထားနိုင်ခဲ့ပါ။
မလှမ်းမကမ်းက၊တောင်တန်း
လေးပေါ်ရှိဘုန်းတော်ကြီးကျောင်းတွင်
ကျောင်းအိပ်ကျောင်းစားထားရပြီး၊
ပညာသင်ယူစေပါသည်။
ဖင်ဘဲဆွေးဆွေးကျောင်းဘဲဆွေးဆွေး
ကျောင်းမှာရှိနေသမျှစာသင်ပေးသဖြင့်၊ပေတလူစာဖတ်တတ်သည်။ဆရာတော်ကခေတ်မှီသဖြင့်၊အတန်းမအောင်သော်လည်း၊အများနည်းတူအတန်းပညာများတတ်ခဲ့သည်။ဆရာတော်၏ကျောင်းတွင်၊ဘယ်လောက်ကြာအောင်နေမိသည်လည်းမသိတော့၊အခုတော့လူပျိုဖြစ်လို့လာပါပြီ။
အစိုးရကျောင်းများမှ၊ကျောင်းဆင်းပြန်
လာသောသူငယ်ချင်းများအားစောင့် ကြိုရင်း၊
အိမ်နားနီးချင်း၊သက်တူရွယ်တူ၊”မိမွှေး”နှင့်
သူငယ်ချင်းဖြစ်ခဲ့ကြသည်။
ကျောင်းအားသောနေ့၊မိမွှေးနှင့်အတူ
တောင်ပေါ်တက်ပြီးတောပန်းလေးများအား၊အတူခူးခဲ့ကြသလို၊အဖေပင်လယ်တွင်းသို့မဆင်းသည့်ရက်များတွင်၊အဖေ့၏လှေကလေးအားယူပြီး၊မြစ်ရိုးတစ်လျှောက်ငါးခိုင်းထောက်ကြသည်။ညနေဖက်ကိုင်းထောက်ထားပြီး၊မနက်စောစောငါးကိုင်းများအားဖော်ရသည်။ကိုင်းတွေမှာငါးတွေအများကြီးမိလျှင်၊နှစ်ယောက်သားပျော်လိုက်သည်ဖြစ်ခြင်း။ တစ်ယောက်တစ်ဝက်စီခွဲပြီးအိမ်သို့သယ်သွားကြသည်။
ရောင်းဖို့မဟုတ်ပါ။အိမ်များတွင်ချက်စားကြရန်ဖြစ်သည်။
“ပေတလူ”နှင့်”မိမွှေး.အားကြည့်ပြီး၊လူ
တွေကပြောကြသည်။သည်နှစ်ယောက်
အရွယ်ရောက်လျှင်ယူကြမှာ…တဲ့။
တကယ်မဟုတ်သေးသော်လည်း၊
နှစ်ယောက်လုံးထိုစကားအားကြားကြ
တော့၊ပြုံးလို့နေကြသည်။
သူတို့နှစ်ယောက်၏၊အနေအထိုင်အသွား
အလာအား။မိမွှေး၏မိဘများကမကန့်ကွက်ပါ။
သူတို့မိဘများကငါးဝယ်ပြီးငါးခြောက်လုပ်သည့်လုပ်ငန်းအား၊ပိုင်ဆိုင်ကြသည်။ပေတလူတို့ထက်တော့အဆင့်အတန်းပိုမှာပေါ့။
သည်တော့လည်းမိမွှေးတို့အလုပ်အားဝိုင်းကူလုပ်ပေးရာမှစ၍ ၊
“ပေတလူ”ငါးခြောက်လုပ်ငန်းအားတီးမိ
ခေါက်မိရှိလာခဲ့သည်။
ကောင်းမကောင်းကြည့်တတ်၊ရောင်းတတ်ဝယ်တတ်ဖြစ်လို့လာပါသည်။ကုန်သည်ဖြစ်ဖို့တော့လိုပါသေးသည်။
ဘာဘဲဖြစ်ဖြစ်”မိမွှေး”အားကျောင်းပို့
ကျောင်းကြိုအလုပ်အားလုပ်ရင်း၊
ပေတလူဘဝ ပျော်နေခဲ့ရပါသည်။
မနေ့ညနေက၊ဆရာတော်တုံးခေါက်ပြီးအချက်ပေးခေါ်သဖြင့်၊ဆရာတော်၏
ကျောင်းတွင်ညဘက်သွားအိပ်ပြီး၊ဆရာတော်
အားစောင့်ပေးခဲ့ရသည်။
အမှတ်မထင် ထိုနေ့ညပင်လယ်တွင်
မုန်းတိုင်းပြင်းထန်စွာတိုက်သည်။
မိုးကြီးသလားမမေးပါနဲ့၊ကျောင်းခေါင်မိုးများလွင့်ပါသွားပြီးနားခိုရာမရှိ။တစ်ညလုံးဆရာတော်နှင့်အတူ၊ကျောင်းတိုင်ကြီးများအားဖက်ပြီးတွယ်နေရသည်။ချမ်းသလားလို့မမေးနဲ့။မေးချင်းရိုက်လို့နေပါသည်။
နံနက်၉နာရီလောက်ရောက်မှ၊မိုးလည်းစဲ
လေလည်းငြိမ်သွားခဲ့သည်။ရွာဘက်သို့လှမ်းမျှော်ကြည့်မိတော့၊ရေပြင်ဖွေးဖွေးနှင့်ရွာတဲကလေးများ၊လှိုင်းလုံးကြီးများအောက်သို့ရောက်သွားခဲ့ပြီ။
နေ့မြင်ညပျောက်ဘဝပါလား။
လေဒဏ်လှိုင်းဒဏ်အားတရွာလုံးနီးပါး
ခံရသည်။”ပေတလူ”၏မိဘဘိုးဘွားများအားလုံး၊မုန်တိုင်းနောက်သို့ပါသွားခဲ့ကြပြီ။ရွာသူရွာသားတစ်ဝက်လောက်၊နှတ်ဆက်ချိန်မရ၊ထွက်ခွာသွားကြပြီ။
ပေတလူ ဆရာတော်ကြီးအားဖက်ပြီး
နေ့စဉ်ရက်ဆက်ငိုနေယုံမှအပ ဘာမျှမ
လုပ်တတ်ခဲ့ပါ။
#ဆရာတော်ကြီးကမိန့်သည်၊ထိုကဲ့သို့
ကတ်ဘေးမှကင်းဝေးလိုလျှင်သူတပါးအကျိုးပျက်စီးအောင်ဘယ်တော့မှမလုပ်မိစေနဲ့…တဲ့။
ဆိုလိုတာက၊ငါးပါးသီလလုံအောင်ထိမ်း
ပါ…တဲ့။
နေ့တိုင်းငါးပါးသီလဆိုနေရမှာလား…ဆို
တော့၊
#လူတွေအယူအဆမှားနေကြတာ
လေကွာ၊
မင်း…သူတပါးအသက်ကို၊သတ်နေတဲ့
အချိန်မှာအကုသိုလ်ဖြစ်နေမှာအမှန်ဘဲ။
အေး…သူအသက်ကိုမသတ်တဲ့အချိန်တိုင်းမှာ၊မင်းသီလရှိနေမယ်၊ကုသိုလ်တွေရနေမယ်။ရှင်းပါတယ်…သူအသက်သတ်
ရင်၊အကုသိုလ်ဖြစ်မယ်။မသတ်ဘဲနေသမျှ ကုသိုလ်တွေရနေမှာပေါ့။
အခြားအခြားသောသီလများလည်း၊ထိုနည်းပါဘဲ။အနှစ်ချုပ်ကတော့တပါးသူ
စိတ်ဆင်းရဲအောင်၊မပြောမဆိုမလုပ်
မကြံစည်လေနဲ့…အဲထာမကောင်းဖူး။
.ပေတလူ၊”ဒုက္ခတော့တွေ့ပါပြီ။
တံငါ၏သားတံငါလေးကို၊ဆရာတော်က
သူ့အသက်မသတ်မိစေနဲ့…ဆိုတော့၊
ဘာဘဲဖြစ်ဖြစ်လွတ်အောင်တော့ရုန်းထွက်ရမှာပေါ့လေ။
စဉ်းစားမိသမျှကြိုးစားပြီးရှောင်နိုင်သမျှ
ရှောင်ပါမည်။
ပေတလူ၊ငါးခြောက်ထမ်း၏။စုဆောင်းရသမျှ
ငွေဖြင့် စက်လှေလေးတစ်စီးဝယ်၏။
ငါးခြောက်ကုန်များထမ်းသည့်အလုပ်
အားလုပ်ပေးသကဲ့သို့၊လှေကလေးဖြင့်
ငါးခြောက်များသယ်ပို့ပြီး၊မိမိတစ်ဝမ်း
တစ်ခါးအတွက်၊အလုပ်လုပ်ကြည့်၏။
လူတောထဲဝင်ပါမှလူတွေအကြောင်း
ပိုလို့သိလာပါသည်။မြေနိမ့်ရာလှံစိုက်
ချင်ကြပါသည်။တစ်ကောင်ကြွက်တစ်မျက်နှာသာရှိသူမို့၊စီးစီးပိုးပိုးအပြောခံရ၏။မည်သို့ပင်မိမိကလျှော့ပေးသော်လည်း၊ငါးခြောက်တင်သည့်လှေချင်းအတူတူမိမိအားနိမ်ချင်ကြ၏။စျေးလျော့ပေး
ချင်ကြသည်။
အထူးသဖြင့်၊ရေနစ်လို့မသေဘဲ၊
ကံကောင်းစွာကျန်ခဲ့သော၊မိမိချစ်သူ
မိမွှေး”တို့မိသားစုကမိမိအားအဖက်မ
လုပ်ကြတော့ပါ။မိမိထက်သာသော၊တစ်ရွာသားအရက်သမားနှင့်မိမွှေးအားအတင်းပေးစားလိုက်တော့သည်။
သည်ကောင်အမည်က”ငတင်”၊လူလိမ်၊ဆိုသည်ကိုပေတလူးအတတ်သိပါသည်။ငါးခြောက်များအားလှေဖြင့်သွားရောက်သယ်ယူရာမှ၊”ငတင်”တို့ရွာသို့ရောက်ပြီး၊ငတင်အကြောင်းအားကောင်းကောင်းသိခဲ့ပါသည်။
ရှိစေတော့၊မိမိတစ်ယောက်ထည်း၊
အားငယ်ယုံမှအပ၊ဘာမျှမတတ်နိုင်ခဲ့ပါ။
မိမိ၏ဝမ်းစာနှင့်မိမိ၏ဘဝတက်လမ်း
အားမိမိကိုယ်တိုင်ကြိုးစားပြီးရှာရပေတော့မည်။
*** ****** ***
ပေတလူငယ်ငယ်တုံးက၊ပင်လယ်ကြီး
အားတအားချစ်သည်။ကမ်းစပ်ထိလှိုင်းလုံးကြီးများရွေ့လာသည်ကိုကြည့်ပြီး
ပျော်ခဲ့သည်။
ရေပြင်ပေါ်တွင်ဂျွမ်းထိုး
ပြီးကစားနေသောဇင်ယော်ငှက်ကလေး
များအားကြည့်ပြီးကြည်နူးခဲ့သည်။
ပေတလူတို့အတွက်ပင်လယ်ကြီးက၊
စားစရာများကိုပေးသည့်အတွက်၊
ပင်လယ်ကြီးအားချစ်သည်။
အခုတော့ပေတလူပင်လယ်ကြီးကိုမုန်း
သည်။ဘယ်လောက်ကြီးကြီးမုန်းသလဲ
ဆိုရင်ပင်လယ်ကြီးလောက်မုန်းပါသည်။
ပင်လယ်ကြီးက၊ပေတလူရဲ့မိဘဆွေမျိုးအားလုံးအားခေါ်သွားပြီး၊ပေတလူရဲ့
ဘဝကိုဖျက်ဆီးလိုက်သည်။
ဒါကြောင့်ဘယ်အကြောင်းနှင့်ကြုံကြုံ
ပင်လယ်ဘက်သို့မသွားတာကြာပါပြီ။
ပင်လယ်ထဲသို့ပေတလူသွားရမည်ကို
ကြောက်ပါသည်။
ပေတလူအလုပ်ပြတ်နေသည်မှာကြာ
ပေပြီ။အလုပ်ပြတ်တော့၊ဆံအိုးထဲတွင်
ဆံပြတ်ပြီ။သူများလိုပင်လယ်တွင်းဆင်း
ပြီးငါးမဖမ်းချင်တော့၊ဆရာတော်က၊အသက်ရှည်ရှည်နေချင်ရင်၊ပါဏာတိပါတ
ကံကိုရှောင်သင့်သည်…တဲ့။
သည်နေ့ရသည့်အလုပ်က၊ပင်လယ်ကမ်း
စပ်ကငါးခြောက်လှမ်းစင်မှာ၊ငါးခြောက်လိပ်တင်ရမယ်တဲ့။ရှောင်ချင်ပါ၏။
ရှောင်လို့မလွတ်။ပင်လယ်ခရီးသွားရ
ပြန်သည်။
လှိုင်းလေငြိမ်သက်၍၊လေတဖြူးဖြူး
သာတိုက်ခတ်နေသည်။နံနက်စောစော
မို့၊မှုန်ဝါးဝါးမြင်နေရသော်လည်း၊သာယာပါသည်။
ဗေဒါဒိုက်ကလေးများက၊
ဟိုတစ်စုသည်တစ်စု၊လွင့်မြောလို့နေသည်။ဗေဒါများနှင့်တွယ်ငြိနေသည့်၊ပုံးနှစ်
လုံးပါလား၊နိမ်ချီမြင့်ချီနှင့်။အနားရောက်
သွားတော့၊အဝတ်စ၊အကွက်ကြားလေးလိုတွေ့မြင်ရသည်။
ဟင်…သည်မြင်ကွင်းမျိုးအားမကြည့်ချင်ပေမဲ့မြင်နေရပြန်ပြီ။လူသေအလောင်း
ထင်ပါရဲ့။သို့သော်လည်းမမှီမကမ်း
လှော်တက်ဦးဖြင့်လှမ်းထောက်ကြည်မိသည်။လှုပ်သလိုလိုတွေ့နေရသည်။
စိတ်ထင်လိုဖြစ်မယ်နှစ်ကြိမ်သုံးကြိမ်
ထောက်ကြည့်မိသည်။
ဟုတ်ပါရဲ့၊တကယ်လှုပ်နေတာဘဲ။
လှေအားကပ်၍ အနားသွားကြည့်သည်။
ကလေးလေးမျက်စိပွင့်နေသေးသည်။
ကိုယ်အားစမ်းကြည့်တော့ကိုယ်ငွေ့ရှိသ
ဖြင့်လှေကိုရပ်ပြီး၊လှေပေါ်ဆွဲတင်လိုက်သည်။ထိုအခါမှကလေး၏နှတ်မှ၊အမေ…..ဆိုပြီးငိုသံသဲ့သဲ့ထွက်လာသည်။
ကံကောင်းသည့်ကလေးသူနှင့်ဆုံရပြီ
လှေဦးအားနောက်ပြန်လှည့်ပြီးအိမ်သို့ပြန်ခဲ့ရသည်။
အိမ်သို့ရောက်တော့၊ကလေးလေးအား
အသာပွေ့ချီပြီးအိပ်ယာထဲတွင်စောင်
ဖြင့်ထွေးထားရသည်။ရေတောင်းသဖြင့်
ရေအနည်းငယ်တိုက်ပြီး၊သူခမျာအိပ်
ပျော်သွားရှာသည်။
ဘယ်ကနေဘယ်လောက်ကြာအောင်
မျောခဲ့လေသလဲမသိ။ပုံးကလေး နှစ်
လုံးအားဖက်ပြီးပင်လယ်ဝသို့ရောက်လာခဲ့ပါသည်။ဝတ်ထားသည့်အဝတ်အစား
များကသေသေသပ်သပ်တော့ရှိပါသည်။
သုံးနှစ်သားအရွယ်ယောက်ျားကလေး။
အရပ်ကလူများဝိုင်းအုံပြီးသူ့အား
လာကြည့်သည်ကိုပင်၊သူကမသိ။တစ်
နေ့နှင့်တစ်ညတိတိအိပ်လို့ပျော်နေခဲ့သည်။
“ပေတလူ”အတွက်တာဝန်တစ်ခုတော့ပိုလာသည်။ကလေးလေးနိုးလာတော့
ကလေးထိမ်းရပြီ။စားဖို့တော့မပူရ၊
သည်ကိစ္စမျိုးအတွက်အရပ်ကကူညီကြသည်။အိမ်တိုင်းအိမ်တိုင်းမှ၊ကောင်းနိုး
ရာရာများအားလာရောက်ပေးကြသည်။
လိုသည်ထက်ပိုပြီးပြည့်လျှံနေပါသည်။
ကလေးလေး၏ကုသိုလ်ပါဘဲ။
လူထူးဆန်းကလေးပါဘဲ၊ပုံးနှစ်လုံးအားချိုင်းကြားညှပ်ပြီး၊ပြုတ်မထွက်အောင်
ပြုလုပ်ပေးလိုက်သောမိဘများတော်သည်လို့ပြောရပါမည်။
ကလေးလေးအိပ်ယာမှနိုးလာတော့၊
စကားပြောကြည့်သည်။ပြန်ပြောဖော်မရပါ။အစာကျွေးကြည့်သည်၊နည်းနည်း
တော့စားသည်။အမေအမေဟု၊တစ်ခါတစ်ခါအသံထွက်လာသည်။
အစာစားဝင်အောင်အစာအမျိုးမျိုး
ပြောင်းပြီးကျွေးလို့ကြည့်တော့မှ
ပိုမိုစားတတ်လာပါသည်။ထမင်းထက်မုန့်ပိုပြီးစားတတ်သည်၊၊ကောင်းသောမုန့်၊မကောင်းသောမုန့်အတော်ပင်ခွဲခြားလို့သိပါသည်။ပေတလူပင်သူလိုသိမသိသ
ဖြင့်သူ့အားအရှုံးပေးရသည်။
ဘယ်အရပ်ကရောက်လာသည့်ကလေး
ပေလဲ။မိဘမဲ့သောပေတလူ။သူ့၏မိဘ
များထံပြန်ပို့ပေးနိုင်ရန်ကြိုးစားပါအုံးမည်။မိဘရှိသူတွေမိဘနှင့်နေနိုင်ကြပါစေ။
ပေတလူ၊ အားလပ်သောနေရက်များတွင်၊ကလေးလေးအားခေါ်ပြီး၊လမ်းလျှောက်ထွက်သ
ည်။ဘုန်းတော်ကြီးကျောင်းရှိရာ၊တောင်
ကုန်းကြီးပေါ်မှ၊ပင်လယ်ရေပြင်ကြီးအား
မျှော်ကြည့်ရာ၊ကလေးလေးကပင်လယ်
ပြင်ကြီးမျှော်ကြည့်ပြီး” အဖေ…အဖေ”
ဟုအသံထွက်လာသည်။
တစ်နေ့ကလည်း၊အိမ်ဝတွင်ချထားသော
အလုံပိတ်ငါးခြောက်ထုပ်ကြီးများအား
ကြည့်ပြီး၊”ငါးခြောက်…ငါးခြောက်”ဟု
အသံထွက်လို့လာသည်။သူဘယ်လိုသိပါလိမ့်။
တစ်စတစ်စဖြင့်၊စကားစပြီးပြောလာသည်။သူ့အမည်ကဆန်နီတဲ့။
နံရံပေါ်တွင်ချိတ်ထားသော၊ကုန်တိုက်ပုံ
ကြီးများအားကြည့်ပြီး၊မော်ဒယ်ပုံကို
တွေ့တော့၊
“အမေ…အမေ”
ရှိတယ်လို့ပြောတတ်လို့လာသည်။
အခုတော့ငါးနှစ်သားတောင်ရှိလာပြီ။
ပေတလူအားညအခါတွတ်တီတွတ်တာ
စကားများပြောပြလာနိုင်ပြီ။
ကားပုံအားတွေ့တော့၊ သားတို့မှာရှိတယ်
လို့ပြောတတ်လာပြီ။
သူ့အကြောင်းအားဆရာတော်အား
လျှောက်ကြည့်တော့၊
သည်ကလေးတောကမဟုတ်။မြို့သား
ဖြစ်လိမ့်မယ်။ငါးခြောက်လိပ်ကိုမြင်ယုံ
နှင့်ငါးခြောက်မှန်းသိတော့၊စျေးဆိုင်သို့မဟုတ်ငါးခြောက်ပွဲရုံတစ်ခုခုနှင့်ှ့က်သွယ်မှု
ရှိလိမ့်မယ်။
သည်တော့ငါးခြောက်ပွဲရုံတွေအများဆုံးရှိတဲ့ရန်ကုန်မြိုက၊လမ်းမတော်မြို့နယ်
ကိုသွားပြီးရှာ၊သရက်တောကျောင်း
တိုက်မှာငါ့သူငယ်ချင်းဘုန်းကြီးရှိတယ်၊
မင်းရောက်ဖူးသားဘဲ။အဲသည်မှာတည်း
ပြီးရှာပေတော့။
သည်လိုနှင့်ပေတလူတစ်ယောက်၊
ကလေးလေးအားထမ်းပြီး၊ကလေးမိဘများအားရှာရန်ရန်ကုန်မြို့သို့ရောက်လာ၏။
ဆရာတော်နှင့်အတူရန်ကုန်မြို့သို့ရောက်ဖူးပါသည်ဆိုသော်လည်း၊သဘေ်ာဆိပ်
ကတက်ပြီး၊သရက်တောကျောင်းတိုက်
ရောက်ဖို့တောင်မျက်စိကလယ်တယ်တယ်။
ကြာတော့လည်းကလေးမိဘဆိုသူများ
အားရှာဖွေရင်းက၊လမ်းမတော်နှင့်
သရက်တောကျောင်း၊
သရက်တောကျောင်းနှင့်ငါးခြောက်ပွဲရုံ
များရှိရာလမ်းများသို့၊ခလေးအားလက်ဆွဲပြီးဘယ်နှစ်ပတ်မိသည်မသိ။
နေ့တိုင်းရောက်မိနေပါသည်။ကလေး
လေးလက်ညှိုးထိုးပြရာ၊သွားမိ.နေပါသည်။ကလေးမိဘများအားရှာလို့မတွေ့
သော်လည်း၊သည်နယ်မြေရောက်ကတဲက၊ကလေးလေးရွှင်ပြပုံက၊ဟုတ်နေသ
ယောင်ပါ။သူအိမ်နှင့်အနီးသို့ရောက်နေသလိုပြုံးရွှင်လို့နေပါသည်။
တရက်တော့မောမောဖြင့်ကီလီလမ်းက
သစ်ပင်ကြီးအောက်တွင်ထိုင်ပြီးရေသောက်နေစဉ်၊ဆာရီခြုံထားသောကုလားမတစ်ယောက်ကပြောသွားသည့်စကားအား
အမှတ်မထင်ကြားမိတော့၊
သောက်နေသောရေတောင်သီးလို့သွားသည်။
“ကလေးလေးက ဆန်နီ လေးနှင့်တူလိုက်ထာ” တဲ့။
သတိရလို့ထိုအမျိုးသမီးနောက်အမှီလိုက်ပေမဲ့လူကြားထဲတွင်ပျောက်လို့သွား
သည်။မတွေ့တော့ပါ။
အမောသာအဖတ်တင်ပါသည်။
တပါတ်လုံးလုံးထိုနေရာတွင်ထိုင်ပြီးစောင့်နေပြီး၊ပုံစံတူကုလားမများနောက်မှနောက်ယောင်ခံလိုက်ပြီး
ကြည့်၏။စောင့်နေသူမောပေမဲ့၊မတွေပါလားဗျာ။
ဆယ်ရက်လောက်ကြာမှ၊ထူးကြားသော
စကားသံအားကြားရပြန်သည်။
“ဆန်နီလေးသာရှိရင်သည်အရွယ်ဘဲနော်”…တဲ့။
သူ များကိုပြောသလိုနှင့်အမျိုးသမီးက
တစ်ယောက်ထည်းပြောလို့သွားသည်။
သည်တစ်ခါတော့”ပေတလူ”ကုလားမ
အားအပျောက်မခံတော့။ကုလားမနောက်သို့အပြေးလိုက်သည်။
သူလိုက်လာမှန်းသိသဖြင့်ကုလားမက၊
ရှေ့မှအပြေးတစ်ပိုင်းသွားသည်။
သူကကလေးထမ်းပြီးအမှီလိုက်သည်။
နောက်ဆုံးတော့၊နှစ်ထပ်တိုက်အိမ်ကြီး
တစ်လုံးထဲသို့ဝင်သွားသဖြင့်၊အိမ်ရှေ့မှ
ရပ်ပြီးစောင့်ကြည်နေရသည်။
ထိုအိမ်အားမော့ကြည့်ပြီး
ဆန်နီလေးက၊သူအပေါ်မှ
အတင်းဆင်းပြီး၊အိမ်ဝသို့လက်ညှိုးထိုး
ခါ၊ကုလားမဝင်သွားသောတံခါပေါက်မှ
အတင်းဝင်ပြီးလိုက်သွားသဖြင့်
ပေတလူလည်း၊ပြေးပြီးလိုက်ခဲ့ရသည်။
အိမ်ထဲရောက်သွားလို့ကြည့်လိုက်တော့
အလှူအိမ်။အားလုံးအမျှအတန်းဝေ
လို့၊သာဓုခေါ်နေတဲ့အချိန်။
မကြောက်မရွံဆန်နီလေးက လူစုရှေ့သို့ပြေးဝင်သွားပြီး၊ရှေ့ဆုံးကဘဖိုးအို၏လယ်ပင်းအားဖက်လိုက်သည်။
လူအားလုံးကြောင်ပြီးကြည့်နေကြရာက၊အမျိုးသမီးငယ်တစ်ဦးက၊
“ဟယ်သား…သားလေး၊ဆန်နီလေး”
လို့ခေါ် ပြီးအုပ်အော်သောင်းနင်းဖြစ်ခါ၊
ကလေးလေးအားတစ်ယောက်တစ်
လှည့်ဝိုင်းပြီးချီကြသည်။
ခေတ္တကြာမှ၊ကလေးနောက်မှပါလာ
သော” ပေတလူ”အားသတိထားမိခါ၊
နေရာပေးပြီးတစ်ယောက်တစ်ခွန်းဝိုင်း
ဝန်းမေးကြသည်။
ပေတလူကဖြစ်ကြောင်းကုန်စင်အား
ရှင်းပြလိုက်တော့မှ၊
အမယ်လေးသူတော်ကောင်းနှင့်တွေ့လို့ကံကောင်းလိုက်ထာ၊သားလေးရယ်ဆိုပြီးငိုကြပါသည်။
သူ၏အသကျကိုပထာနမထားဘဲ၊
သူ၏သားငယ်အသက်ကိုကယ်တင်သွား
သော၊ကလေးအဖေအားလည်း၊တပြီး
ငိုကြပါသည်။
ပေတလူအား၊အားလုံးက၊အထူးဧည်
သည်တော်အဖြစ်ဧည့်ခံကြ၏။
သို့သော်သူများအိမ်တွင်အကြာကြီးနေလို့မဖြစ်၊သုံးရက်လောက်အကြာတွင်ပြန်ခွင့်တောင်းသည်ခဲ့သည်။
အိမ်ရှင်အဘိုးက၊ကားဖြင့်တစ်နေရာသို့
ခေါ်သွားပြီး၊ပိတ်ထားသောဂိုဒေါင်ကြီး
အား၊အလုပ်သမားများခေါ်ပြီးရှင်းခိုင်း
သည်။ဆေးသုတ်ခိုင်းသည်။အလုပ်နား
ထားသော၊ငါးခြောက်ပွဲရုံအား၊
ငါးခြောက်အဝယ်ဒိုင်ပြုလုပ်ရန်၊ပေတလူအား၊တာဝန်ပေးလိုက်သည်။
ပေတလူရွာသို့မပြန်ရတော့ပါ။
အဘိုးသင်ပေးသော၊အရောင်းအဝယ်ပညာနှင့်မွေးရာပါတတ်ကျွမ်းခဲ့သောပညာများပေါင်းစပ်၍၊နှစ်များမကြာခင်၊ပေတလူ ထိုပွဲရုံ၏တာဝန်ခံဖြစ်သွားခဲ့ပါပြီ။
ကံတရားကားဆန်းကျယ်ပေစွ။
သည်အချိန်မျိုးတွင်၊သူ့အားနိပ်ကွတ်ခဲ့
သော၊”ငတင်”နှင့်”မိမွှေး”တို့လင်မယားသာ၊သူ့ပွဲရုံတွင်၊ငါးခြောက်များလာပြီးသွင်းကြမည်ဆိုပါလျှင်၊
ပစ်ပါယ်ခံ “.ပေတလူ”အားကြည့်ပြီး၊
မိမွှေးတစ်ယောက်နောင်တရနေမည်လားမသိတော့ပါ။
ကံတရားကား၊ထာဝရနိမ့်ပါးမနေတတ်ပါလေ။
စိတ်ကောင်းထားပြီး၊တက်လာမည့်ကံရေစီးမှာ
ခရီးနှင်တတ်ကြပါစေ။
ဆရာမောင်သာလိ
၂၅.၁၂ .၂၀၂၄