မင်းနှင့်ပြည်သူ
------------------
တိုင်းပြည်တစ်ပြည်တွင် အလွန်ရက်စက်ယုတ်မာသော မင်းတစ်ပါးအုပ်ချုပ်သည်။ တိုင်းပြည်ကို ပုန်ကန်လျှင် သေဒဏ်။ မင်းကိုဝေဖန်လျှင် သေဒဏ်။ အုပ်ချုပ်မှုကို မကောင်းပြောလျှင်သေဒဏ်။ သေဒဏ်ကလွဲပြီး အခြား ပြစ်ဒဏ်မရှိသဖြင့်လည်း တိုင်းသူပြည်သားတို့သည် ကြောက်ရွံ့ခြင်းဖြင့် ထိုတိုင်းပြည်တွင် နေထိုင်ကြရလေ သည်။
ပြည်သူတို့သည် မိမိတို့ဆင်းရဲဒုက္ခ ခံစားရမှုအပေါင်းကို တောထဲတွင်သွားပြီး ဖြေဖျောက်ကြကုန်သည်။ တောထဲတွင် ရသေ့ကြီးတစ်ပါးရှိသည်။ ထိုရသေ့ကြီးသည် ပြည်သူတို့ ခံစားနေရသည့် ဒုက္ခအပေါင်းကို ဖြေသိမ့် ပေးနေသည်။ ညစဉ် ရသေ့ကြီး၏ ကျောင်းသင်္ခန်းအနီးရှိ ကွင်းပြင်တွင် ပြည်သူတို့စုဝေးကာ
“အို … အရှင်မြတ် ကျွန်ုပ်တို့အား ဒုက္ခဆင်းရဲတွင်းမှ ကယ်တင်တော်မူပါ” ဟူ၍ တောင်းဆိုကြကုန်သည်။
ရသေ့ကြီးက
“အို ဒကာတို့ … သင်တို့သည် ဒုက္ခအပေါင်းကို ခံစားနေရခြင်းဆိုသည်ထက် သည်းခံခြင်းပါရမီ သင်တို့ထံတွင် မည်မျှရှိကြောင်း စမ်းသပ်နေသည်ဟု ပြောင်းတွေးလော့။ သည်းခံစိတ်မွေးနိုင်သူသည် နတ်ပြည်ရောက်မည်” ဟုဆိုလေသည်။
ပြည်သူတို့က
“အရှင်မြတ် ကျွန်ုပ်တို့သည် ငတ်မွတ်ဆာလောင်မှုတွေ ဖြစ်ကုန်ပြီ” ဟူ၍ဆိုကြလျှင်
“ဒကာတို့ ဗိုက်ဆာခြင်းသည် ဝိညာဉ်ကို သန့်စင်စေသည်။ ဘုရင်ကသင်တို့ထံမှ ဆန်စပါးများကို သိမ်းပိုက်သွား ခြင်းသည် သင်တို့အား တပ်မက်မှု ကာမဂုဏ်တွင် မပျော်ရွှင်နိုင်အောင် ကယ်တင်လိုက်ခြင်းသာဖြစ်သည်။ ထမင်းတစ်နပ်လျော့စားလျှင် အသိဉာဏ်တစ်ဆင့်တိုးသည်ဟူ၍ မှတ်ယူကြရမည်” ဟုဆိုလေသည်။
ပြည်သူတို့က
“အရှင် … ကျွန်ုပ်တို့သည် အမှန်တရားကို ရှာဖွေနေကြသူများဖြစ်ပါသည်။ အမှန်တရားကို လမ်းပြပါလော့” ဟူ၍ ဆိုကြလျှင် ရသေ့က
“ဒကာတို့ အကြောင်းပြချက်ရှာခြင်းသည် အဝိဇ္ဇာပိတ်ဖုံးခြင်းဖြစ်သည်။ ဘာကြောင့်လဲဟူ၍ မေးခွန်ထုတ်ခြင်း သည် သံသယဖြစ်ခြင်းကို တိုးပွားစေသည်။ မမေးနှင့် ယုံကြည်ရန်သာလိုသည်။ စဉ်းစားသူ၊ သံသယများသူ များသည် နိဗ္ဗာန်နှင့်ဝေးလိမ့်မည်။ တိုင်းပြည်အုပ်ချုပ်သူတို့ လုပ်သမျှသည် သင်တို့နားမလည်နိုင်သော နက်နဲသည့် စေတနာများဟူ၍ မှတ်ယူရန်လိုသည်” ဟုဆိုသည်။
“အရှင် … ယမန်နေ့က ကျွန်ုပ်တို့ဘေးအိမ်မှ လူငယ်တစ်ယောက်ကို ဖမ်းဆီးရိုက်နှက်ကြပါသည်။ ပြည်သူတို့ အနှိပ်စက်ခံနေရသည်ကို လျစ်လျူရှုနေမည်လော” ဟု ဆိုသည်။
ရသေ့က
“ဘေးအိမ်ကလူ အရိုက်ခံရတာ သူ့ကံနဲ့သူပဲ၊ ဒကာတို့ သွားကူညီလိုက်ရင် သူ့ဝဋ်ကြွေးကို ဒကာတို့ ပခုံးပေါ် ခွဲယူလိုက်သလို ဖြစ်သွားလိမ့်မယ်။ ကိုယ့်အိမ်တံခါးကိုပိတ်ပြီး တရားသာမှတ်နေကြလော့။ မတာရားတာ မြင်လျှင် မျက်စိမှိတ်ထားလိုက်ပါ။ ကြားရင် နားပိတ်ထားလိုက်ပါ။ ပါးစပ်ကဘာမျှ မပြောဘဲနေနိုင်အောင် ကြိုးစားတာ အဆင့်အမြင့်ဆုံး တရားကျင့်ခြင်းပဲ။ အပြင်လောကအသံတွေဟာ အနိစ္စတွေလို့ သတ်မှတ်ပြီး ဂရုမစိုက်ကြနဲ့” ဟုဆိုသည်။
ပြည်သူတို့က
“အရှင် ကျွန်ုပ်အိမ် မီးရှို့ခံလိုက်ရသည်” ဟုပြောလျှင် ရသေ့ကြီးက
“ဒကာ အဲဒီမီးဟာ ပြင်ပမီးသာဖြစ်တယ်။ ဒကာတို့ စိတ်ထဲက ဒေါသမီး မတောက်ဖို့ အရေးကြီးတယ်။ အိမ်က ပြာဖြစ်ကောင်းဖြစ်သွားမယ်။ အတွင်းစိတ်က ငြိမ်းချမ်းသွားလိမ့်မယ်။ အဲဒီမီးဟာ ငါ့ရဲ့ အကုသိုလ်တွေကို လောက်မြိုက်ပေးလိုက်တာလို့ မှတ်ယူနိုင်ရမယ်” ဟုဆိုသည်။
“အရှင် တပည့်တော်တို့ ဆင်းရဲဒုက္ခကို ဒီအတိုင်းကြည့်နေတော့မှာလား” ဟုမေးလျှောက်လျှင်
“ဒကာတို့ ယခုခံစားနေရတဲ့ ဆင်းရဲဒုက္ခဆိုတာ ဘုရင်ကြောင့် မဟုတ်ဘူး။ ဒကာတို့ရဲ့ အတိတ်က ဝဋ်ကြွေး ကြောင့်ပဲ။ ယခု ဘုရင်ကနှိပ်စက်တယ်ဆိုတာ ဒကာတို့ရဲ့ ဝဋ်ကြွေးကို ကုန်အောင် လာလုပ်ပေးနေတာကြောင့် ကျေးဇူးရှင်လို့တောင် ဆိုရမယ်။ ဝဋ်ကြွေးတွေကို ကုန်အောင်မဆပ်နိုင်ဘဲ သူ့ကို ဆန့်ကျင်တော်လှန်ရင် နောင်ဘဝမှာ ဒီ့ထက်ဆိုးတဲ့ ဝဋ်တွေထပ်လာဦးမှာပဲ” ဟုဆိုသည်။
“အရှင် ပြည်သူတွေက သည်းမခံနိုင်တော့ပါ။ ဆန့်ကျင်တော်လှန်ပုန်ကန်ချင်နေကြပါသည်” ဟု လျှောက်လျှင် ရသေ့က
“ဒကာတို့ … တော်လှန်ပုန်ကန်တယ်ဆိုတာ ဒေါသမှာ အခြေခံတာ၊ ဒေါသဟာ ငရဲမျိုးစေ့ပဲ။ ဘုရင်က ဘယ်လောက်ပဲ မတရားလုပ်လုပ် ဒကာတို့က မေတ္တာပဲထားရမယ်။ တိုက်ခိုက်တာဟာ ယဉ်ကျေးတဲ့သူတွေရဲ့ အလုပ်မဟုတ်ဘူး။ ငြိမ်သက်ခြင်းဟာ အောင်နိုင်ခြင်းပဲ” ဟု ဆိုသည်။
“အရှင် တပည့်တော်တို့မှ လွတ်မြောက်ရာ၊ ကယ်တင်ရာမရှိတော့ပြီလော” ဟုလျှောက်ကြလျှင်
“ဒကာတို့ ဤလောကကြီးသည် ခဏတာခိုနားသည့် ဇရပ်မျှသာဖြစ်သည်။ ထမင်းငတ်တာ၊ အနှိပ်စက် ခံရတာ တွေကို ပူပင်ရမှာ မဟုတ်ဘူး။ တကယ် ပူပင်ရမှာက နောင်ဘဝမှာ ကျမယ့် ငရဲပဲ။ ခုဘဝမှ မတရားတွေကို မမြင် ချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ကာ တရားမှတ်နေခြင်းဟာ နိဗ္ဗာန်လမ်းပဲ” ဟုဆိုသည်။
“တပည့်တော်တို့ ဘယ်ပုံဘယ်နည်းနဲ့ နေထိုင်စားသောက်ကြရမှာလဲ အရှင်” ဟု ပြည်သူတွေက ဝိုင်းပြောကြ သည်။
ရသေ့ကြီးက
“ရှိတာလေးနဲ့ ရောင့်ရဲကြစမ်းပါ ဒကာတို့။ ဘုရင်က အခွန်အဖြစ် အကုန်သိမ်းသွားတာဟာ ဒကာတို့ကို လောဘနည်းသွားအောင် လုပ်ပေးတာလို့မှတ်ကြ။ ပစ္စည်းဥစ္စာဆိုတာ ဝန်ထုပ်ဝန်ပိုးပဲ။ ဆင်းရဲလေလေ ပေါ့ပါး လေလေ၊ တရားမှတ်လို့ကောင်းလေလေပဲ” ဟုဆိုသည်။
ပြည်သူတို့သည် ရသေ့ကြီးတရားကိုနာပြီး ဖြေဆည်ရာကို ရှာနေကြသည်။
ညဉ့်နက်ပြီ
လူတွေ မိမိတို့နေထိုင်ရာ တဲစုများဆီသို့ ပြန်ကြသည်။
ရသေ့ကြီးတဲလည်း လူတွေရှင်းသည်နှင့် မီးမှိတ်သွားသည်။
ရသေ့ကြီးသည် တဲနောက်မှထွက်သည်။ ထို့နောက် တောအုပ်ထဲကိုဝင်သည်။ တောအုပ်ထဲတွင် မင်းချင်း တစ်ယောက်က ရသေ့ကြီးကို ဆီးကြိုသည်။ ထို့နောက် ရသေ့ကြီးနှင့် မင်းချင်းသည် မြင်းကိုယ်စီနှင့် တောလမ်းအတိုင်း နန်းတော်ဆီသို့ မြင်းကို ဒုန်းစိုင်းသွားကြသည်။
နန်းတော်ထဲရောက်လာသည်။
ရသေ့ကြီးသည် သူဝတ်ဆင်ထားသည့် ရသေ့သင်္ကန်းများကို ချွတ်လိုက်သည်။ ထို့နောက် ဘုရင့်ဝတ်စုံများ ဝတ်ဆင်လိုက်သည်။
ရသေ့နှင့် ဘုရင်သည် တစ်ဦးတည်းဖြစ်ကြောင်းကို မင်းချင်းကလွဲပြီး မည်သူမျှမသိ။ ဘုရင်ဆိုသည်ကိုလည်း ပြည်သူတွေက မြင်နိုင်ရန် ခက်ခဲသည်ဖြစ်ရာ သူတို့စိတ်ထဲတွင် ဘုရင်က ရက်စက်ပြီး ရသေ့က သူတို့ကို စိတ်ဖြေသိမ့်မှု ပေးနိုင်သည့် သူတော်စင်ဟူ၍သာ မှတ်ယူကြလေသည်။
(အိန္ဒိယပုံပြင်တစ်ပုဒ်ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၅.၂.၂၀၂၆