ကံမုန်းတဲ့ဒဏ် (စ/ဆုံး)

 ကံမုန်းတဲ့ဒဏ် (စ/ဆုံး)


————-


ပြောမကောင်း၊ဆိုမကောင်းနဲ့ ခေါင်းမာလွန်းတဲ့

သမီးကြောင့် ဦးလှနဲ့ဒေါ်နုတို့

စိတ်ညစ်ရတယ်။ သူတို့

အနေအေးသလောက်

သမီးဖြစ်သူမှာရိုင်းစိုင်း

လွန်းတာကြောင့် …


” လုံမရယ်… စကားကို

အေးအေးဆေးဆေး၊ ညင်ညင်သာသာ ပြောစမ်းပါကွဲ့။

လူကြီးမိဘတွေကို အောင့်ဆောင့်မပြောရဘူးလေ။

ရိုသေထိုက်သူတွေမို့လည်း ဘုရားနဲ့ တဂိုဏ်းတည်း

ထားခဲ့ကြတာမဟုတ်လား ။ ငါ့သမီးကျမှ

မလေးမစားနဲ့ကွယ် ။ အဘတို့ ရှက်တယ်”


မျက်စေ့မျက်နှာပျက်စွာနဲ့ ခေါင်းပေါင်းလေး ပေါင်းခါပေါင်းခါ

ဆုံးမတတ်သူ ဖခင်ကြီးစကားကို လှရီ အရေးမစိုက် ။

ရိုင်းချင်တိုင်းသာ ရိုင်းနေတော့တယ်။


” အို… အဘတို့လည်း ဒါပဲ ပြောနေတော့တာပါ့

… ကြာတော့ စိတ်တောင်ညစ်လာပြီ ”


ပြောရင်းက တဖက်လှည့်သွားတဲ့

သမီးဖြစ်သူကို ဒေါ်နု သဘောမကျ။ စိတ်တိုင်းမကျလို့

ဟက်ဟက်ပက်ပက်

စကားမပြောဖြစ်တာလည်း ကြာပြီ။ ဒီကနေ့တော့ မပြောလို့ မဖြစ်တော့ ။ ဟိုဖက်ရွာက ကိုလူအေး သားနဲ့ ချစ်ကြိုက်ရာက သူတို့သားနဲ့ သဘောမတူဘူးပြောတဲ့ သားရှင်တဖြစ်လည်း၊

မတော်ရသေးတဲ့ ယောက္ခမနဲ့ စကားများ ကြသည်ဆိုပဲ။


” ရှက်လိုက်ထာအေ … မိလှရီ … ”


ဒေါ်နု အသံထွက်တော့တယ်။


” ညည်းကိုယ်ညည်း အဟုတ်ကြီး ထင်မနေနဲ့ …ကံကြီးထိုက်လိမ့်မယ်။ လူကြီး၊မိဘစကား ဆိုတာ နားထောင်သင့် ထောင်ရတယ်အေ့ ။ တို့ ဒီလို နေလာတာ … ညည်းကျမှ … ”


စိတ်ပျက်စရာသမီးကြောင့် မျက်နှာပျက်ရပေါင်း

များပြီ။

အခုလည်း …


” ညည်းနဲ့ ဖြစ်တဲ့ လူကိုလည်း ကြည့်ဦး ။ ခါတိုင်းလို

ရေခပ်ဖော်ရေခပ်ဖက်၊

ပွဲကြည့်ဖော်ပွဲကြည့်ဖက် မဟုတ်ဘူး။

တချိန်က ညည်းကို စာသင်ခဲ့တဲ့ ဆရာမ။ ကျေးဇူးတရားတွေ ထောက်ထား… ”


” ဟာ… တော်စမ်းပါ ၊

ဘာကျေးဇူးတရားလဲ။

အတန်းပိုင်မရှိချိန်

ခဏလေးဝင်ပြီး

ထိန်းတာ။ ဘာစာမှ မသင်ခဲ့ရဘူး။ ဘာကျေးဇူးမှ မရှိဘူး။

တော်ပြီ ။ သည်းခံချင်ရင် အမဘာသာ သည်းခံ ။ ကျုပ်ကတော့ မခံဘူး ။ သိအောင်တော့ ပြောရမှာပါ့ ။ ဘယ့်နှယ့်တော်… သူ့သားသူကျ ထိပ်တင်ပြီး သူများသမီးကျတော့ မြေလိုနင်းချင်တဲ့ဟာမကြီး ။ အဲ့လိုလူမျိုး ဆရာမ မကလို့၊ ဘာဖြစ်ဖြစ်

အရေးမစိုက်ဘူး”


” ဟယ် … ဒုက္ခပါပဲ ”


ဒေါ်နု ရင်မောပြီ။

သူ့သမီးကို ကံမုန်းမှာ

စိုးလှပါဘိ။


” အဲ့လို မပြောရဘူး။

ခက်တော့တာပဲ အေ”


အဘနဲ့အမလို့သူခေါ်တဲ့ အဖေနဲ့အမေ။ သူ့အတွက်နဲ့ ဘယ်လောက်တောင် စိတ်တွေဆင်းရဲနေရလဲ လှရီ မသိ။

တွေးလည်းမတွေးမိ။

မိဘမေတ္တာဆိုတာဝေးလို့ ဂရုစိုက်မှုကိုတောင်

အသိအမှတ်မပြုလေတော့…


” မိဘဆိုပြီး နေရာတကာ မချုပ်ချယ်ချင်စမ်းပါနဲ့၊

အမတို့တုန်းကလည်း

အမတို့ စိတ်တိုင်းကျ

နေခဲ့ကြတာပဲ မဟုတ်လား။ သူများကျမှ သားသမီး

ဆိုတဲ့အဖြစ်နဲ့ မတားမြစ်ချင်နဲ့ ။ မရဘူး ။ နေချင်သလိုနေမှာပဲ။

လာမပြောကြနဲ့”


မိဘတွေခမျာ ပါးစပ်အဟောင်းသားနဲ့ အံ့သြပြီးရင်းအံ့သြရင်း။


” ဖရုဿဝါစာ၊ ရုန့်ရင်း ကြမ်းတမ်းတဲ့စကားတွေကြောင့် လူမုန်းများနေတဲ့ ညည်းအတွက်

စိတ်မကောင်းဖြစ်လွန်းလို့ပါအေ … ဝဋ်လည်မှာ စိုးလို့ပါဟဲ့ ။ ငါ မွေးထားတဲ့သမီး

ဝဋ်လည်မှာ စိုးလို့ပါ အေ့ …”


ရင်တထုထုနဲ့ ဒေါ်နု ပြောကျန်ခဲ့တော့တယ်။

လှရီကတော့ ထုံးစံအတိုင်း …


” သွားမယ်။ ပြောချင်ရာပြောကျန်ခဲ့ကြတော့။ ဘာတွေလာလာ ပြောမှန်းကို မသိဘူး။ နားမထောင်ချင်ပါဘူး

ဆိုမှ…ဒါတွေပဲလာလာ ပြောနေကြတယ်။ တကယ်ပဲ ”


( ၂)


မိဘကတစ်ခွန်းပြောရင် နှစ်ခွန်းမကပြန်ပြောတတ် သူက သူ့ကိုယ်သူတော့ လူတွင်ကျယ်မ။ မိစွာတေးရယ်လို့ အပြောခံရတာကိုပင် ဂုဏ်ယူနေတတ်သူ။


” ငါ့ကို ဘာထင်နေလဲ

… အမြဲတမ်း ဘယ်သူ့ကိုမှ အလျှော့ပေးပြီး နေလာတာ မဟုတ်ဘူး။

သတ္တိရှိ လာထိကြည့်။

မီးပွင့်သွားစေရမယ် ”


အပြောအဆို အင်မတန်မှရိုင်းစိုင်းသူမို့ ရွာထဲမှလူအများစု၊ ဘယ်သူကမှ အဖက်မလုပ်ချင်ကြ။

သူငယ်ချင်းတွေဆိုတာကလည်း

မကောင်းတတ်လို့သာ ပြောကြတာများတယ်။

စိတ်ထဲပါလှတယ်

မဟုတ်။

သူ့အခက်အခဲကို သူများပြဿနာလုပ်

လွန်းလို့ရှောင်ကြတာ များတယ်။


ဘယ်သူတွေဘယ်လို ရှောင်ရှောင် မမူ ဆိုတဲ့ တစ်ယောက်ကတော့

မြှောက်ပင့်စားတတ်

တယ်။


” လှရီ ရေ … လှရီ ”

” ဟေ့ ”


” လာဟေ့ …သွားမယ် ”

” အေးး ”


” လှတာ အေ… လှတယ် ဟဲ့ ။ ငါ့သူငယ်ချင်း ”

” ညည်းမပြောလည်း

သိပြီးသား ဟားဟား”


မိဘတွေကို ဘယ်သွားမယ်၊

ညာသွားမယ် ပြောမနေအား။ မမူရဲ့

မြှောက်ပင့်စကားမှာ

ဘဝင်လေဟပ်၊ အပြေးလိုက်သွား

တော့တယ်။


” ဘယ်ကောင်မ သတ္တိရှိလဲ ။ သတ္တိရှိတဲ့

ကောင်မ ထွက်ခဲ့… ဇ မရှိဘဲနဲ့တော့ ငါ့ကို လာမလုပ်နဲ့။ ချချင်ရင် လာ ”


မမူ ဈေးဝယ်သွားတာ လိုက်ပေးရာက ဈေးသည်အလေးခိုးတဲ့ အကြောင်းနဲ့ရန်တွေဖြစ်တယ်။

သူ့ကိစ္စမဟုတ်ပေမဲ့

ဈေးသည်ကို ရန်တွေ့၊ ဆူဆူညံညံပွဲဖြစ်တာကြောင့် လူတွေ ဝိုင်းအုံလာတော့တယ်။


(၃)


” သား… အမေကတော့

သူနဲ့သားကို ဘယ်လိုမှ သဘောမတူနိုင်ဘူး။ သူက ရိုင်းလွန်းတယ်။

အမေတို့နဲ့ဖြစ်မှာ မဟုတ်ဘူး … ခုလည်း ဈေးထဲမှာ ရန်ဖြစ်နေလေရဲ့”


ဈေးခြင်းတောင်းကိုချ

စိတ်ပျက်စွာပြောနေတဲ့

မိခင်စကားကြောင့်

လှရီ ရည်းစား၊

မြင့်မောင်တစ်ယောက် မျက်နှာငယ်ရတယ်။

သူကလည်းသူပဲ ။ ဒီလောက် တာတေလန်

ဆိုးပါတယ် ဆိုသူကိုမှ

ချစ်နေမိတယ်။ ဘယ်သူဖျက်လို့မှ မပျက်ချင်သူ။


” ဟင်းး”


ရိုင်းတာလေးကလွဲ ပြောစရာမရှိတဲ့

တစ်ဦးတည်းသော

သမီး၊ လှသွေးကြွယ်တဲ့ အရွယ်၊

ဆံပင်နှစ်ဖက်ခွဲစည်းလေးနဲ့

လှချင်တိုင်းလှနေတဲ့

သူမကို သူ မစွန့်လွှတ်နိုင်။ ငယ်ကတည်းက ဟိုဖက်ရွာဒီဖက်ရွာ ဘာပွဲရှိရှိ တွေ့နေကျ။

အောင်သွယ်တော် မမူက သူတို့ကြား အခရာ။


” ဟဲ့… နင် လက်နှေးနေရင် သူများနောက် ပါသွားမယ်နော်။ အဲ့ကျမှ ငါမပြောဘူး

မလုပ်နဲ့ ”


ဒီတစ်ယောက်တည်းကိုသာ ချစ်နေမိတော့ မပတ်သက်နဲ့ ပြောလည်း ပတ်သက်ချင်သူ။ အမေနဲ့ ချစ်သူကြား

စိတ်ညစ်ရာက မြင့်မောင် အရက်စွဲတော့တယ်။


(၄)


” သားမိုက်… မအေ ဒီလောက်တားနေတဲ့ကြားက ရအောင် ယူသွားတယ်။ ခွေးဖြစ်မဲ့ကောင်… ”


သားရှင်ဆိုတဲ့အသိနဲ့

ကိုလူအေးတို့ ဇနီးမောင်နှံမှာ သားမင်္ဂလာပွဲ တင့်တောင့်တင့်တယ်

နွဲပေးချင်သော်လည်း

ချွေးမဖြစ်သူကို သဘောမကျလို့၊

တောင်းရမ်းတာတွေ လုပ်မပေး။ တခါ ဦးလှတို့ ဘက်ကလည်း အိမ်ပေါ်အတက်မခံ။


” အမိုက်မ… နေပေ့စေ

ဦး။ ပစ်ကိုထားမယ် ။

ဘယ်လို နေနေ အိမ်ပေါ် ပြန်မလာစေနဲ့ ”


မပြေးသော်လည်း ကံရာရှိ။ ဝဋ်က စပြီ ။


(၅)


တစ်ရက်တစ်ရက်နဲ့

အိမ်ကထွက်လာတုန်းကပါလာခဲ့တဲ့ ရွှေတိုငွေစတွေလည်း ကုန်။ စားမဲ့သောက်မဲ့ ပါးစပ်ပေါက်တွေကတိုး။ အလုပ်မရှိ၊အကိုင်မရှိနဲ့

အရက်သမား လုံးလုံးဖြစ်နေတဲ့ ခင်ပွန်းသည်က နှိပ်စက်။ လှရီ ဝဋ် လည်လေပြီ။


” အမလေး !! လုပ်ကြပါဦး…

ကယ်ကြပါဦး တော့… ဟီးး အီးး ”


” မငိုနဲ့ ကောင်မ… နားငြီးတယ် ။ သွား ပိုက်ဆံရှာချေ။ အရက်ဖိုး မရရင် ပြန်မလာနဲ့ ”


ယဉ်ကျေးပါတယ် ဆိုတဲ့သူက ဘယ်လိုဖြစ်တယ်မသိ။

လှရီနဲ့ ညားပြီးကတည်းက မိုက်ရိုင်းလာတော့တယ်။ ကံကြွေး ဆိုလေမလား။


” သွားလေ သွား ။ မျက်စေ့အောက်မှာ မနေနဲ့ ။ ကလေးတွေခေါ်သွား ။ ငွေ ရှာခဲ့”


အမေ့အပေါ် ဆိုးခဲ့လေသမျှ ၊ အဖေ့အပေါ် ဆိုးခဲ့လေသမျှ လှရီ စိတ်ဆင်းရဲကြီး ဆင်းရဲရတော့တယ်။

ကလေးတွေလက်ဆွဲ

ငွေရှာထွက်ရတယ်။

ဈေးရောင်းကောင်းတဲ့

နေ့ အဆင်ပြေသလို ရှိပေမဲ့ ၊ အဲ့လိုနေ့ကလည်း ဆယ်ရက်တစ်ရက်သာ။


” အင်း… မမူ ဆီ ငွေလေးဘာလေး သွားလှည့်ဦးမှပဲ။ သူ့ကိုငါ အရင်က ကျွေးခဲ့မွေးခဲ့တာ သူငါ့ကိုပစ်ထားမှာတော့ မဟုတ်လောက်ပါဘူး”


တချိန်က သူမဆီက ရသမျှအကုန်ယူ၊ မြှောက်စားပင့်စားခဲ့တဲ့

မမူ ဆီကို မျှော်လင့်ချက်တွေနဲ့ သွားပေမယ့်လည်း အတွေ့မခံတော့။

ချေးမှာငှါးမှာစိုးတာနဲ့

ရှောင်နေတော့တယ်။


” မမူရယ်… ညည်းကလည်း သိသာလိုက်တာအေ။

ငါ အဆင်ပြေနေတုန်းကတော့ ဒီလို မဟုတ်ပါဘူး ။ ငါ့ကို ခင်တဲ့သူက ညည်းအပြင် နှစ်ယောက် မရှိဘူး… အခုကျတော့ သိသာလိုက်တာဟဲ့ ”


ဘာပြောပြော မမူ အရေးမစိုက်တော့ပြီ။

သူမလက်ထဲက မထွက်ရပြီးရော …


” ညည်း ယောက္ခမတွေ ဆီ တောင်းပန်ပြီး သွားတောင်းပါ့လား။ ဒါမှမဟုတ်လည်း …”


လှရီ မျက်ရည်ကျလေပြီ။

သူဘယ်လိုတောင်းပန်တောင်းပန် ခွင့်လွှတ်ကြမှာ မဟုတ်မှန်း သိတော့ ပိုရင်နာပြီပေါ့။


” ညည်းမို့ ပြောရက်တယ် မမူရယ်

သူတို့နဲ့ ငါ ဒီလောက် အဆင်မပြေတာ သိရက်နဲ့… ”


သွားစရာနေရာ မရှိတော့တဲ့ လှရီ

မျက်ရည်တွေနဲ့ မိဘတွေကို သတိရမိပြန်တယ်။


မလိမ္မာတဲ့သမီးအတွက်

စိတ်သောကရောက်ရာက တပိန်ပိန်တလိန်လိန်နဲ့

သေသွားရရှာတဲ့ မိခင်။

တစ်ယောက်တည်းကျန်ခဲ့တဲ့ ဖခင်က ညဘက်ကြီး မမြင်မစမ်းနဲ့ မီးခွက်မှောက်ကျရာက

အိမ်မီးလောင်ပြာကျ။

ဘဝက အဖြစ်ဆိုးလေပြီ။


” အေးပါ အေ… ရပါတယ် ဟဲ့ ။ ညည်း မကူညီချင်လည်း နေပါ၊ နောက် ငါ… မလာတော့ပါဘူး”


ကလေးတွေလက်ဆွဲ

တုံ့နှေးတဲ့ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ လှရီကို

မမူ မသနား။ ပြောပင်

ပြောနေလိုက်သေးတော့တယ်။


” ခံပေါ့… ကိုယ့်ထိုက်နဲ့

ကိုယ့်ကံ ၊ ခံ … ” ။ ။


#သိမ့်ဝတ်မှုံပြည့်စုံမိုး

၁၄၊ ၅၊ ၂၄


( ဖြစ်ရပ်မှန်တစ်ခုကို

အခြေပြု ရေးဖွဲ့ပါသည်။

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည