ကိတ်မုန့်နှစ်ချပ်(စ/ဆုံး)
—————-
မြို့သစ်ထူထောင်ခါစဖြစ်သည်။
ကွင်းခေါင်ခေါင်ကြီးထဲတွင် ဖျက်လာသော အိမ်တွေကို အပြိုင်တည်ဆောက်ကြရသည်။ ပေ ၄၀၊ ပေ ၆၀ ခြံကွက် လေးများထဲတွင် နေပူပူ မိုးရွာရွာ လူတွေ ဒုက္ခခံကာ ဘဝတွေကို ပြန်စကြရသည်။ သူတို့နှစ်ပေါင်း များစွာ နေထိုင်ခဲ့သည့် အိမ်မြေယာတွေကို ကျူးကျော်ဟုဆိုကာ ဖျက်ခိုင်းသည်။ အမိန့်နှင့်အာဏာကို မလွန် ဆန်နိုင်သောကြောင့် မြို့ကြီးနှင့် ၅ မိုင်ခန့် ဝေးကွာသော ကွင်းပြင်ကြီးထဲကိုသူတို့အားလုံး ရောက်လာကြသည်။
ဆရာမ ဒေါ်ခင်မြင့်သည် ထိုထိုသော ဒုက္ခသည်များကြားတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူက အိမ်ထောင်လည်းမရှိ။ အပျိုကြီးတစ်ဦးဖြစ်ကာ ကျောင်းဆရာမဘဝနှင့် ရပ်တည်နေရသူဖြစ်သည်။ မိဘများ တည်ဆောက်ပေးခဲ့သည့် အိမ်ကြီးကို ဖျက်လာရပြီး ယခင် အိမ်ကြီးအတိုင်း ပြန်မဖြစ်တော့သော်လေး အိမ် သေးသေးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရလိုက်သည်။ စုဆောင်းထားခဲ့သော ဆွဲကြိုးနှင့် လက်ကောက်တွေအပြင် နားကတ်နှစ်ဖက်ပါ ဘဝတစ်ခုပြန်လည်တည်ဆောက်ရာ၌ ပေးဆပ်လိုက်ရသည်။
မြို့သစ်တွင် ကျောင်းသစ်တစ်ကျောင်းကို ထူထောင်သဖြင့် ထိုထူထောင်သော အထက်တန်းကျောင်းတွင်ပင် သူလည်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရလိုက်သဖြင့် သူကတော့ ကံကောင်းသည်ဟု ယူဆသည်။ သူ့အိမ်နှင့်ကျောင်းမှာ နာရီဝက်လောက်လျှောက်လိုက်လျှင် ရောက်နိုင်သော နေရာတွင်ရှိသည်။
ပြဿနာတစ်ခုက နွေရောက်ပြီဆိုလျှင် မြို့သစ်၌ ရေရှားခြင်းဖြစ်သည်။ သူ့အနေဖြင့် ယခင်အိမ်တွင် အဝီစိတွင်း တူးထားသောကြောင့် ရေလိုလျှင် မော်တာလေးကောက်ဖွင့်လိုက်ရန် ဖြစ်သော်လည်း ယခုနေရာတွင်တော့ အဝီစိတွင်းလည်း တူးနိုင်သည့် အင်အားမရှိ။ ထို့ကြောင့် ရေထမ်းသမားကိုခေါ်ရ၊ ရေစည်လှည်း တွန်းသူကို မျှော်ရသည်။
လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် အကြိမ်ကြိမ်မှာထားကာမှ သူ့အိမ်ကို ရေစည်လှည်းတစ်လှည်း ရောက်လာသည်။
“ရေစည်လှည်းရောက်ပြီ … ဘယ်မှာထည့်ရမလဲခင်ဗျာ”
အိမ်နောက်ဖေးတွင် ထမင်းချက်နေသော ဒေါ်ခင်မြင့်သည် ဝမ်းသာအားရ ပြေးထွက်လာပြီး
“ရေစည်က အိမ်နောက်ဖေးမှာ” ဟု အော်လိုက်သည်။
သူက ရေစည်လှည်းတွန်းလာပြီး ရေထည့်ပေးမည့်သူကိုကြည့်လိုက်တော့ ၁၄ နှစ် အရွယ်လေး ဖြစ်နေသည်။
“ဟင် ကလေးပါလား … လူကြီးလည်း မပါဘူးလား”
“မပါဘူးဆရာမ”
“ကလေးက ဆရာမကို သိလား”
“သိတယ် သားတို့ကျောင်းကပဲ”
“ဪ ကျောင်းနေလား … ဘယ်အတန်းကလဲ”
“၇ တန်းကပါဆရာမ”
“ဪကွယ် … သားကရေသယ်နိုင်ပါ့မလား”
“သား ရေလိုက်ထည့်ပေးနေကျပါဆရာမ”
“ချော်လဲမယ်နော်သား … ခေါင်းရင်းက ပတ်ဝင်”
ကလေးက သူနိုင်လောက် ရေစည်ထဲမှ ရေကို သယ်ကာတိုင်ကီထဲကို ထည့်ပေး နေသည်။ ဒေါ်ခင်မြင့်က စိတ်မကောင်းစွာဖြင့် သူ့ကို ဝိုင်းကူမည်ပြုသော်လည်း
“ရပါတယ် ဆရာမရယ် … သားလုပ်နေကျပါ” ဟုဆိုကာ ကလေးက ရေတွေသယ်သည်။
ရေဖြည့်ပြီးသည့် အခါတွင် ဒေါ်ခင်မြင့်က
“သား တစ်စည် ဘယ်လောက်ပေးရမလဲကွယ်”
“တစ်စည် ၁၅ ကျပ်ပါ ဆရာမ”
“လာကွယ် ထိုင်ပါဦး … သားကိုကြည့်ရတာ ချွေးတွေလည်း ရွှဲနေပြီ”
ကလေးက အိမ်အတက်အဆင်း ဖိနပ်ချွတ်တွင် ထိုင်လိုက်သည်။ ဆရာမက အိမ်ထဲပြန်ဝင်သွားပြီး မကြာမီ ပန်းကန်လေးတစ်ချပ်နှင့် ရေဖန်ခွက်ကို ကိုင်လာသည်။ ပန်းကန်ထဲတွင် ကိတ်မုန့်နှစ်ချပ်။
“သား … ဒီမှာ မုန့်စားလိုက်ဦး … ဆရာမကို ဟိုဘက်အိမ်က ပေးထားတာ”
ကလေးက သူ့ကို အားနာစွာဖြင့် ကြည့်နေသည်။
“စားပါကွယ် ဆရာမက စေတနာနဲ့ ကျွေးတာပါ”
ကလေးက ဆရာမထံမှ ပန်းကန်ကို ယူလိုက်သည်။
“စားလေသား”
ကလေးက ကိတ်မုန့်တစ်ချပ်ကိုစားနေစဉ်
“သားက ဘယ်ရပ်ကွက်မှာ နေသလဲ”
“ဃကြီး ရပ်ကွက်မှာပါဆရာမ”
“အဝေးကြီးပဲ … ရေက ဘယ်ကခပ်လာတာလဲ”
“ဘုန်းကြီးကျောင်း ရေကန်ထဲကပါ”
“သားကိုယ်တိုင် ခပ်တာလား”
“အမေလည်း ကူခပ်ပေးတယ်။ အမေက ရေလှည်းတော့ လိုက်မတွန်းနိုင်ဘူး။ ခြေထောက်နာနေလို့။ ခါတိုင်း ဆိုရင် အမေနဲ့သားပဲ ရေလိုက်ထည့်တာ”
“သားအမေက ဘာဖြစ်လို့လဲ”
“ချော်လဲထားလို့”
“အဖေကဘာလုပ်လဲ”
“အဖေကသေပြီ”
“အိုကွယ် … ဘာဖြစ်လို့လဲ”
“အရက်သောက်နေတာပဲ … အဲဒါကြောင့်သေတာ”
ဒေါ်ခင်မြင့် ဘာမျှမပြောနိုင်တော့။ ကလေးကို ပိုက်ဆံ ၁၅ ကျပ်ပေးလိုက်ပြီး
“ရေစည်က သားတို့အပိုင်လား”
“မဟုတ်ဘူး … ငှားရတာ”
“တစ်ခါငှားရင် ဘယ်လောက်ပေးရသလဲ”
“နာရီနဲ့ … တစ်နာရီကို ၃ ကျပ်”
“အို ဒါဆိုရင် သားအချိန်တွေ ကုန်တော့မှာပဲ”
ကလေးက မုန့်တစ်ချပ်သာစားသည်။ ထို့ကြောင့် ဆရာမက
“စားလေသား နောက်တစ်ချပ် စားဦီး”
“ဆရာမ”
“ဘာလဲသား”
“ဒီတစ်ချပ်ကို သားယူသွားလို့ရသလား”
“စားလေသား ဘာဖြစ်လို့လဲ”
“အမေ့အတွက်ပါ”
“အိုကွယ် ယူသွားပါ ရပါတယ် … ဆရာမမှာလည်း နှစ်ချပ်ပဲရှိလို့ပါ”
ဆရာမက ကလေးကို မုန့်တစ်ချပ်အား သတင်းစာစက္ကူနှင့် ထုပ်ပေးလိုက်သည်။
“သားသွားတော့မယ်ဆရာမ” ဟု ပြောလိုက်သည်။ ထို့နောက် ရေစည်ကိုတွန်းကာ ထွက်သွားသည်။
ဤသို့ဖြင့် မေ့မေ့ပျောက်ပျောက်နှင့် နေလိုက်သည်မှာ နောက်ထပ်သုံးရက်ခန့်အကြာတွင်မှ ရေလိုလာသဖြင့် ၇ တန်းဘက်ကို ထွက်လာပြီး ရေလိုက်ထည့်သည့် ကလေးကိုရှာရသည်။ ဟိုတစ်နေ့က ထိုကလေး၏ အမည်ကို မမေးလိုက်သည့်အတွက် ရေလိုက်ထည့်တဲ့ ကလေးဟု လိုက်မေးမှ
“ဆရာမ … ရေလိုက်ထည့်တဲ့ မင်းအောင်က ကျောင်းထွက်သွားပြီ”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲတော့ မသိဘူး … ကျောင်းမလာ နှစ်ရက်ရှိပြီ … ဒီမနက်တော့ သူ့အမေက ကျောင်းလာထုတ်သွား တယ်လို့ ပြောတာပဲ”
ဒေါ်ခင်မြင့်က စိတ်မကောင်းစွာဖြင့် ကျောင်းအုပ်ဆရာကြီးထံ သွားမေးမိသည်။
“အင်း … ဆရာမရေ … အဆင်မပြေဘူးနဲ့ တူပါတယ်။ ရှိတာရောင်းပြီး ပြောင်းကြတော့မလို့တဲ့။ ကောင်လေးက အဖေလည်း ဆုံးသွားပြီဆိုတော့ ဒုက္ခရောက်ပုံရတယ်”
လူတိုင်း ဒုက္ခတွေ၊ သောကတွေ၊ ဝေဒနာတွေကို ရင်မှာပိုက်ထားရချိန်ဖြစ်သည်။ သူလဲ၍လည်း ကိုယ်မထူနိုင်၊ ကိုယ်လဲလျှင်လည်း မည်သူမျှ လာမထူနိုင်သည့် ခက်ခဲသော ဘဝတွေကို ရင်ဆိုင်နေရချိန်ဖြစ်သည်။ ဘဝတွေကို သူ့နည်း သူ့ဟန်တွေအတိုင်း ရုန်းကန်ကျော်ဖြတ်နေရချိန်တွင် မြို့သစ်လေးကလည်း တဖြည်းဖြည်း စည်ကားစပြုလာသည်။
နောက်ထပ် ၁၅ နှစ်ခန့်ကြာချိန်တွင် မြို့သစ်ဆိုသည့်နေရာတွင် တိုက်တွေရောက်လာသည်။ သို့သော် ဆရာမဒေါ်ခင်မြင့်ကား အိမ်လေးတစ်လုံးကို ရေနံပင် မသုတ်နိုင်သည့် အနေအထား ဖြစ်လာသည်။ ရေကလည်း လမ်းထဲတွင် ပိုက်နှင့်လိုက်ထည့်သည်။ တစ်စည်လျှင် ၅၀ ကျပ် ဖြစ်သွားသည်။ ရေထည့်ချိန် ရောက်တိုင်း သူက မောင်မင်းအောင်ကို သတိရနေသည်။
“ခုချိန်ဆိုရင် အဲဒီကလေးလည်း ဘာတွေဖြစ်နေပြီလဲ” ဟု တွေးနေမိသည်။
ဆရာမ ဒေါ်ခင်မြင့်သည့် အသက် ၆၀ ပြည့်ချိန်တွင် ပင်စင်ယူကာ အငြိမ်းစား ကျောင်းဆရာမကြီး ဖြစ်သွားသည်။ သူ့အတွက် အသက်ကြီးလာချိန်တွင် တစ်ယောက်တည်း နေထိုင်ရခက်ခဲလာသည်။ ကျန်းမာရေးကလည်း မကောင်းသဖြင့် ညောင်လေးပင်မြို့အနီးရှိ ရွာလေးတစ်ရွာတွင် နေထိုင်သော ညီမဖြစ်သူနှင့်အတူ သွားရောက်နေထိုင်သည်။
တောရွာလေးတွင် တူတွေ တူမတွေနှင့် ညီမဖြစ်သူအပြင် ခဲအိုနှင့်အတူ နေထိုင်ရသည်မှာ လိုလေသေးမရှိ ဖြစ်ပါသည်။ ညီမကလည်း အစ်မဖြစ်သူကို လိုလေသေးမရှိ စောင့်ရှောက်ရှာသည်။ အလုပ်တွေက နားပြီးမှ ဒေါ်ခင်မြင့်တွင် ရောဂါတွေ တစ်ခုပြီးတစ်ခုရောက်လာသည်။ ရင်ကျပ်သည်၊ ချောင်းဆိုးသည်၊ မောသည်။ နောက်ပိုင်း ဆေးခန်းတွင်ပြလိုက်မှာ အဆုတ်မကောင်းမှန်း သိရသည်။ ဆရာဝန်က ရန်ကုန်တွင်သွားပြပြီး စနစ်တကျ ကုသရန် အကြံပေးသည်။
“ညီမလေးရယ် … နေပါစေတော့”
“ဘယ်နှယ်နေရမှာလဲ မမရယ် … ရောဂါက နုတုန်းကုလိုက်ရင် ပျောက်သွားမှာပါတဲ့ … ညီမကတော့ ရန်ကုန်ကို သွားစေ့ချင်တယ်။ ရန်ကုန်မှာ အစ်ကို့ (သူ့ခင်ပွန်း) မိဘတွေလည်း ရှိတာပဲ။ သူတို့အိမ်မှာတည်းပြီးတော့ ကုရအောင်။ ညီမတို့ ပျောက်အောင်ကုပေးမယ်”
ဤသို့ဖြင့် ဒေါ်ခင်မြင့်တစ်ယောက် ရန်ကုန်ကို ရောက်လာရတော့သည်။
ရန်ကုန်ရောက်တော့လည်း မောင်လှဝင်း (ညီမယောက်ျား) ၏ စီစဉ်ပေးမှုဖြင့် အထူးကုဆရာဝန်ကြီး တစ်ယောက်ထံ ပြသခွင့်ရခဲ့သည်။ အားလုံး စစ်ဆေးပြီးသည့် အခါတွင် အဆုတ်ဖြတ်ထုတ်ကာ ကုသမှ ရမည် ဖြစ်ကြောင်း သိလိုက်ရသောကြောင့် စိတ်ထဲတွင်မကောင်းဖြစ်မိသည်။
“မောင်လှဝင်း”
“ဟုတ်ကဲ့မမ”
“ဘယ်လောက်တောင်ကုန်မလဲကွယ်”
“ဆေးရုံတက်တာရော ခွဲစိတ်တာရောဆိုရင် သိန်း ၅၀ ဝန်းကျင်လောက် ကုန်မယ်လို့ ပြောတယ်”
“ကုမနေပါနဲ့တော့ကွယ် … ပြန်ကြရအောင်”
“အို ဘယ်ဖြစ်မလဲ မမရယ် … ဒီရောက်မှတော့ ပျောက်အောင်ကုရတော့မှာပေါ့ … ဘာမှ မပူနဲ့မမ … ကျွန်တော့် မှာလည်း စုဆောင်းထားတာလေးတွေ ရှိတယ်”
“မင်းမှာ စုဆောင်းထားတာတွေက တူလေးတွေ တူမလေးတွေအတွက်ပါကွယ်။ ဒါပေမဲ့ သိန်း ၅၀ လောက်ဆိုတော့လည်းကွယ်”
“မမရယ် … အခြေအနေပေးတုန်း ကုလိုက်ရအောင် … မမ ဒီဝေဒနာကြီး ခံစားနေရတာ ကြာပြီပဲ”
ဤသို့ဖြင့် ခွဲစိတ်ကုသမှုကို လုပ်လိုက်ကြတော့သည်။ အောင်မြင်စွာလည်း ခွဲစိတ်ကုသနိုင်ခဲ့သည်။ ကျန်းမာ လာသော အချိန်တွင် နောက်ဆုံး ဆေးရုံက ဆင်းရမည့်အချိန်ကိုရောက်လာသည်။
“မောင်လှဝင်းရေ …”
“ဟုတ်ကဲ့မမ”
“ဆေးဖိုးတွေ ဆေးရုံစရိတ်တွေ ပေးပြီးပြီလား … ဘယ်လောက်များ ကျသွားသလဲကွယ်”
“မပေးရသေးဘူးမမ … ကျွန်တော့်ဆီကလည်း မတောင်းကြဘူး … သွားမေးတော့လည်း နောက်မှရှင်းမယ်တဲ့”
“မမဆီကိုလည်း ဘယ်သူမှ လာမတောင်းကြပါဘူးကွယ် … ဆေးရုံက ဆင်းရတော့မယ် ဆိုတော့ သွားမေးပါဦးကွယ်”
မောင်လှဝင်းက စုံစမ်းရန် ထွက်သွားသည်။ မကြာမီ စာရွက်စာတန်းတွေနှင့် ပြန်လာသည်။
“မမ … ဒီမှာ ကုန်ကျစရိတ်တွေအတွက် ပြေစာတွေ”
“စုစုပေါင်း ဘယ်လောက်ကျသလဲကွယ်”
“အားလုံး သိန်း ၆၀ လောက်ကျတယ်မမ”
“အေးကွယ် … မမ အိတ်ထဲမှာ ၁၀ သိန်းလောက်တော့ စုဆောင်းထားတာရှိတယ်”
“ဒီမှာ အားလုံးကို ရှင်းပြီးသွားပြီလို့ ကောင်တာက ပြောလိုက်တယ်မမ”
“ဘယ်သူကရှင်းသွားတာလဲကွယ်”
“မသိဘူး … ဒါပေမဲ့ စာတစ်စောင်တော့ မမကို ပေးသွားတယ်လို့ ပြောတာပဲ … ဒီမှာ”
ဒေါ်ခင်မြင့်က စာအိတ်လေးကိုဖွင့်ဖတ်လိုက်သည်
ဆရာမ
ကျွန်တော့်ကို သိမယ်မထင်ပါဘူး။ ဆရာမနဲ့ ဆုံရတာ တစ်ရက်တည်းပဲ။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ တစ်သက် မမေ့ခဲ့ပါဘူး။
ကျွန်တော့်နာမည် မောင်မင်းအောင်ပါ။ ဆရာမအိမ်မှာ ရေစည်လာထည့် ပေးဖူးတယ်။ အဲဒီနေ့က ဆရာမ ကျွန်တော့်ကို ကိတ်မုန့်နှစ်ချပ်ကျွေးခဲ့တယ်။ အဲဒီတစ်နေ့လုံး ကျွန်တော် ဘာမှ မစားရသေးဘူး။ ဆရာမကို ကျေးဇူး တင်လိုက်တာလေ။
ကျွန်တော့်အမေက ကျွန်တော့်က သွန်သင်ပါတယ်။ တစ်လုတ်စားဖူး သူ့ကျေးဇူး ဘယ်တော့မှ မမေ့ရဘူး ဆိုတာ။
ကျွန်တော်လည်း အမေနဲ့အတူ မန္တလေးကို ပြောင်းခဲ့ရတယ်။ အမေ့ဘကြီးတော်တဲ့ ဘုန်းတော်ကြီးက စောင့်ရှောက်လို့ ကျွန်တော် လူလားမြောက်ပြီး ဆရာဝန်ကြီးတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ဆရာမကို ခွဲစိတ်ပေးတာ ကျွန်တော်ပါ။ ဒါပေမဲ့ အဲဒီညမှာပဲ ကျွန်တော် နိုင်ငံခြားက ဆွေးနွေးပွဲတစ်ခုကို တက်ဖို့ ထွက်ခဲ့ရတယ်။
ဆရာမအတွက် အားလုံးသော ကုန်ကျစရိတ်တွေကို ကျွန်တော်ပေးခဲ့ပါတယ်။ ဆရာမကို ကိုယ်တိုင်ပြောချင် ပေမယ့် ကျွန်တော် မပြောနိုင်ခဲ့ပါဘူး။ ဆရာမ ညီမလေးထံက ဆရာမအကြောင်း အကုန်သိခွင့်ရလို့ ငါ့ကို ကိတ်မုန့်ကျွေးဖူးတဲ့ ဆရာမပါလားဆိုတာ သိလိုက်ရတာပါ။ အမေကလည်း အဲဒီနေ့က ကိတ်မုန့်စားရလို့ ဝမ်းတွေသာနေတယ်။
ကျေးဇူးကို ပြန်ဆပ်ခွင့်ရတွက်အတွက် ကျွန်တော် ဝမ်းသာမိတယ်။
မင်းအောင်
ဆရာမဒေါ်ခင်မြင့်သည် စာကိုဖတ်ရင်း မျက်ရည်တွေ တစ်တောက်တောက် ကျလာတော့သည်။
“အိုကွယ် … ကိတ်မုန့်လေးနှစ်ချပ် … ကိတ်မုန့်လေးနှစ်ချပ်” ဟု နှုတ်ကတွင်တွင် ရွတ်နေမိတော့သည်။
တင်ညွန့်
၃၀.၈.၂၀၂၂