``စေတနာနှင့်သာ ဖြေပါလေ’’
လယ်တွင်းသားစောချစ်
မနက်ခင်း မိုးလေး တစ်ပြိုက်ရွာပြီး နေပွင့်လာ၍ လောကတစ်ခွင် သစ်လွင်လန်းဆန်းနေသည်။ မုတ်သုံမိုးဦးကာလဖြစ်၍ ပင်ပျိုပင်အို အားလုံး စိမ်းစိုနေသည်။
ကြည်လင်သော မိုးရေပုလဲမိုးစက်ကလေးများ သစ်ရွက်တွင် ခိုတွဲနေသည်။ ထို မိုးစက်ကလေးများကို နေခြည်ပက်ဖျန်းသောအခါ ရောင်စဉ်တန်းကလေး များ ပြိုးပြိုးပြက်ပြက် တလက်လက်။
ကျောင်းသူ ကျောင်းသားများ ကျောင်းတံခါးမ ကြီးမှ ဝင်လာမစဲ တသဲသဲ။ ကျောင်းဝင်းတစ်ခုလုံး မှာလည်း ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမ တို့၏ ကျောင်းအစိမ်းရောင်သည် မိုးဦးသစ်ပင်များနှင့် အပြိုင် စိုလွင်နေသည်။
လုံချည်စိမ်းနှင့် အင်္ကျီဖြူ၊
ကျောင်း၏ အလှ။ မြို့၏အလှ။ နိုင်ငံ၏အလှ။
မင်္ဂလာပါ ဆရာကြီး
အေး ... အေး... မင်္ဂလာပါ တပည့်တို့
ကျောင်းဝင်းအတွင်းသို့ လှည့်ပတ်ကြည့်နေသော ကျွန်တော့်ကိုတွေ့သည့် ကျောင်းသူကျောင်းသား များက နှုတ်ဆက်ကြသည်။
အစဉ်အလာအရ နှုတ်ဆက်ခြင်းဖြစ်သလို တကယ့် မင်္ဂလာလည်းဖြစ်ပါ၏။
သူတို့၏ မျက်နှာကလေးများသည် နုပျိုလန်းဆန်း နေသည်။ နံနက်နေခြည်အောက်မှ ပန်းကလေးများ။
အချို့က ကျွန်တော်သိသော မျက်နှာကလေးတွေ၊ အချို့က ကျွန်တော်မသိသော မျက်နှာအသစ်ကလေး တွေ။
အရွယ်ကြီးလျက် အသစ်ဖြစ်သော မျက်နှာလေး များမှာ အလယ်တန်းကျောင်းများမှ (၈)တန်းအောင်ပြီး ကျွန်တော့်ကျောင်းသို့ပြောင်းလာကြသော ကလေး များ။ ကျွန်တော်တို့ရင်ခွင်သို့ ပြောင်းရွှေ့ခိုဝင်လာကြ သည့် သားသမီးအသစ်များ။
ကျောင်းဆရာဘဝကို ကျွန်တော် မြတ်နိုးစုံမက် ရသည့်အကြောင်းများတွင် ဤအချက်လည်းပါသည်။ တစ်နှစ် တစ်နှစ်မှာ အသစ် အသစ်သော ကလေးများ၏ နုပျိုလန်းဆန်းမှုကို တွေ့ရခြင်းဖြင့် ကျွန်တော်မှာ လည်း နှစ်စဉ် ပြန်သစ်ပြီး ပြန်လည်နုပျိုနေသလို ခံစားရသည်။
ကျွန်တော်တို့ ဆရာ၊ ဆရာမဆိုသည်မှာ တပည့် အားလုံးကို အသစ်အဟောင်းမရွေး ချစ်ခင်သည်။ ကိုယ့်ရင်ခွင်ရောက်လာလျှင် ကိုယ့်သားသမီးသာ ဖြစ်သည်။
မင်္ဂလာပါ ဆရာကြီး
ဪ ... ဟုတ်ကဲ့၊ မင်္ဂလာပါ ဆရာမ
ဆရာ၊ ဆရာမများလည်း ရောက်လာကြပြီ။
ခဏအတွင်းမှာပင် တစ်ကျောင်းလုံး စည်ကား မြိုင်ဆိုင်စွာနှင့် ကျက်သရေရှိလှသည်။
လာနေကြဆဲ၊ ကျောင်းဝင်းထဲသို့ ဝင်နေကြဆဲ အတန်းများဆီသို့ သွားနေကြဆဲ။
အချို့က ကိုယ်ပိုင်ကားနှင့်၊ အချို့က ကျောင်းကား နှင့် အချို့က စက်ဘီးနှင့်၊ အချို့ကခြေကျင်လျှောက်။
လာကြပုံ မတူဘဲ ဆင်းရဲချမ်းသာ အလွှာ ကွဲ သော်လည်း ဆရာဆိုသည်မှာ တပည့်အားလုံးကို ခွဲခြားခြင်းမရှိ။ အားလုံးကို ချစ်ခင်ရသည်။ တူညီ မျှတစွာ စေတနာ ထားရသည်။
ကျောင်းဝင်းတစ်ပတ် လှည့်ကြည့်ပြီး ကျွန်တော့် ရုံးခန်းထဲသို့ ဝင်ခဲ့သည်။
ခဏအတွင်းမှာပင် ကျောင်းအပ်သူများ၊ ရောက် လာကြသည်။ မိဘပါသောကလေးများ၊ မိဘမပါသော ကလေးများ၊ ထူးထူးခြားခြား သူ့ကျောင်းမှ လေးတန်း အောင်သော ကျောင်းသူကျောင်းသားလေးများကို ကိုယ်တိုင်ခေါ်ဆောင်ပြီး လာအပ်သော မူလတန်း ကျောင်းအုပ်ဆရာကြီးနှင့် သူ့တပည့်များ။ သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ ဆိုသည်ကို ကျေပွန်သော ဆရာဖြစ်သည်။ ကျွန်တော် လေးစားလိုက်မိပါ၏။
ကျောင်းဖွင့်၍ တစ်ပတ်ခန့် ကြာပြီဖြစ်သော်လည်း ကျောင်းအပ်သူများမှာ ရှိနေကြဆဲပင်ဖြစ်၏။ အချို့မှာ နယ်မြေကန့်သတ်ချက်ကိုကျော်လွန်၍ အားနာစွာနှင့် ငြင်းပယ်နေရသည်။
ကျောင်းတက်ရန်အတွက် ပထမခေါင်းလောင်း ထိုးသံကြားရသည်။
အပြင်ဘက်တွင် ဆူညံစွာ ဆော့ကစားနေကြ သော ကျောင်းသူကျောင်းသားများ သက်ဆိုင်ရာ အတန်းများသို့ ဝင်ကြပြီ။ သို့သော် အသံများ ကြားနေ ရဆဲ။ ကျွန်တော်လည်း ကျောင်းအပ်သူများနှင့် စာရင်းရှင်းနေရဆဲ။
ဒုတိယခေါင်းလောင်းထိုးသံ ကြားပြီးသောအခါ တစ်ကျောင်းလုံး ငြိမ်တိတ်သွားကြပြီ။ အံဩစရာနှင့် ကြည်နူးကျေနပ်စရာ။
စောစောကပင် ဆူညံနေသော မတစ်ထောင် သားသမီးများသည် ဤဝင်း၊ ဤအဆောက်အအုံများ အတွင်းမှာပင် ရှိနေကြပါလျက် ငြိမ်တိတ်သွားကြပြီ၊ ကျောင်းတက်ချိန်စည်းကမ်းအရဖြစ်သည်။ ထို့ကြောင့် လည်း အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက' ဟု ဆောင်ပုဒ် ပြုထားရခြင်းဖြစ်သည်။ ကျောင်း၌ လိုက်နာခဲ့ကြရသော ကျောင်းစည်းကမ်းကို အခြေ ပြုပြီး ကြီးသည်အထိ စည်းကမ်းရှိသွားကြလျှင် စည်းကမ်းရှိသော လူမျိုး၊ စည်းကမ်းရှိသော တိုင်းပြည် ဖြစ်လာပေမည်။
ကျောင်းဖွင့်စမို့ အတန်းပိုင်ဖြစ်သော ဆရာ၊ ဆရာမအချို့မှာ အတန်းမဝင်နိုင်ကြသေး။
ကျောင်းမှ တာဝန်ယူရောင်းချပေးရသော ပြဋ္ဌာန်းစာအုပ်၊ လေ့ကျင့်ခန်း ဗလာစာအုပ်များ တွက်ချက် ထုတ်ယူနေကြသည်။
ဆရာ မရောက်သေးသော အတန်းများကို သက်ဆိုင်ရာ အတန်းခေါင်းဆောင် (မော်နီတာ) များက အုပ်ထိန်းထားကြသည်။
ဆရာမ ... ဆရာမ
ရုံးစာရေးကြီးထံမှ စာအုပ်များကို စာရင်းနှင့် ထုတ်ယူရေတွက်နေသော ဆရာမ ဒေါ်မိမိခင်ကို ကျောင်းသားတစ်ယောက် လှမ်းခေါ်နေသည်။
ဟဲ့... မင်းထွန်း၊ ဘာဖြစ်လို့ ခေါ်နေတာလဲ၊ ငါဒီမှာ အလုပ်ရှုပ်နေတာ မတွေ့ဘူးလား
ဆရာမ မလာခင် ကျွန်တော်အတန်းကို ထိန်းထားတာ ကျောင်းသားနှစ်ယောက်က လူပါးဝလို့ ဆရာမ
ကိုးတန်း(ခ)မှ အတန်းပိုင်ဆရာမနှင့် သူ့အတန်း ခေါင်းဆောင်တို့ ပြောဆိုနေကြသည်ကို ကျွန်တော် နားစွင့်လိုက်မိသည်။
ဘာပြောတယ် ဘယ်လိုလူပါးဝတာလဲ
ကျောင်းတက်ပြီ စကားမပြောရဘူးဆိုတာကို နားမထောင်ဘူး၊ ဆရာမ၊ ကျွန်တော်က သွားပြော တော့ မင်းက ဆရာမဟုတ်ဘူးတဲ့
အံမယ် ... သူတို့က လူပါးဝလိုက်တာ
ဆရာမ ဒေါ်မိမိခင်က မကျေနပ်။
ငါ့ကို ဆရာမက အတန်းခေါင်းဆောင်အဖြစ် တာဝန်ပေးထားတာလို့ ကျွန်တော်ပြောတယ် ဆရာမ၊ မရဘူး၊ မင်းငါတို့ကို ဘာမှ ဆရာလုပ်ဖို့ မလိုဘူးတဲ့
အေး ... သိကြသေးတာပေါ့၊ ငါနဲ့ တွေ့မယ်၊ ရော့ ... ဒီစာအုပ်တွေ မင်းယူခဲ့
ဆရာမ ဒေါ်မိမိခင် ထွက်သွားပုံမှာ ဒေါသပါ သည်ကို ကျွန်တော်သတိထားလိုက်မိပါ၏။ သို့သော် ကျွန်တော် ခင်မင်လေးစားသော မိတ်ဆွေတစ်ယောက်က သူ့သားကို ကျောင်းအပ်ရန်ရောက်လာ၍ ကျွန်တော် အာရုံပြောင်းသွားသည်။
ကျွန်တော့် မိတ်ဆွေ၏သားမှာ ရှစ်တန်းအောင်ပြီး ကိုးတန်းတက်ရန်ဖြစ်သည်။ နယ်မြေခွဲတမ်းမှာလည်း အကျုံးဝင်သူဖြစ်သည်။ လိုအပ်သောစာရွက်စာတမ်းများလည်းပါသည်။ ကျွန်တော် လွယ်လွယ်ပင်ထောက်ခံ၍ စာရင်းသွင်းရန် စာရေးသို့ လွှဲပေးလိုက်သည်။
မိတ်ဆွေနှင့် အေးအေးဆေးဆေး စကားပြော နေကြစဉ် အရွယ်နှင့်မလိုက်အောင် မျက်မှန်ထူထူ တပ်ထားသည့် ပိန်ပိန်ပါးပါးကျောင်းသားတစ်ယောက် ဝင်လာပြီး ကျွန်တော့်စားပွဲရှေ့မှာ လက်ပိုက်၍ရပ်နေသည်။ မှုန်မှိုင်းနေသောမျက်နှာက တစ်စုံတစ်ခုကို မကျေနပ်သောပုံ။
သူ့ကို ကျွန်တော်သိပါသည်။ ရှစ်တန်းအောင်ပြီး ရောက်လာသော ကိုးတန်းကျောင်းသားအသစ်။ ရှစ်တန်းမှာ လေးဘာသာဂုဏ်ထူးနှင့် အောင်ခဲ့သူ ဖြစ်၍လည်းကောင်း၊ သူ၏ထူးခြားသော ပုံသဏ္ဌာန် ကြောင့်လည်းကောင်း ကျောင်းအပ်စဉ်ကတည်းက ကျွန်တော်ထူးထူးခြားခြား မှတ်ထားမိခဲ့သည်။
ပြောပါတပည့်၊ ဘာကိစ္စရှိလို့လဲ
ကျွန်တော် ကိုးတန်းဘီက ကျောင်းသားပါ
အေး ဟုတ်ပြီ၊ ပြော
သူက အတန်းထဲတွင် သူနှင့် မော်နီတာ ပြဿနာ ဖြစ်ရပုံမှတစ်ဆင့် အတန်းပိုင်ဆရာမက သူ့ကို ရိုက်ပုံ များကို ပြောပြတိုင်ကြားသည်။
ဆရာမကို ကျောင်းအုပ်ဆရာကြီးထံ ပြန်တိုင်သော ကျောင်းသားဖြစ်သည်။ သူ မတရားအရိုက်ခံရပုံကို တိုင်ကြားခြင်းဖြစ်သော်လည်း ငိုယို၍ ပြောကြားခြင်းမဟုတ်သလို ဒေါသနှင့်လည်းမဟုတ်၊ တည်တည်ငြိမ်ငြိမ်ရှိသည်။
အာဂကျောင်းသားဖြစ်မည်ဟု ကျွန်တော် သတိထားလိုက်သည်။
စောစောပိုင်းက ဒေါ်မိမိခင် ဒေါသတကြီး ထလိုက်သွားသည်ကို ပြန်သတိရမိသည်။
ကျောင်းလာအပ်သော ကျွန်တော့် မိတ်ဆွေမှာ ကျောင်းသားပြောသည်ကိုနားထောင်ပြီး အတော်ပင် စိတ်မချမ်းမသာ ဖြစ်သွားဟန်တူသည်။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါသည်။ ကျောင်းသား တိုင်ကြားပြောဆိုနေပုံမှာ အမှန်အတိုင်းဖြစ်မည်ဟု ကျွန်တော်ယူဆလိုက်ပါသည်။
သို့သော် သေချာအောင် မေးမြန်းစုံစမ်းရဦးမည်။
အေး . . . အေး၊ ဆရာကြီးသေသေချာချာမေးပါဦးမယ်၊ ငါ့တပည့် အခုတန်းထဲကို ပြန်သွားနိုင်ပြီ
ဟုတ်ကဲ့ ဆရာကြီး
ကျောင်းသား ပြန်ထွက်သွားပါသည်။
ကျွန်တော် သက်ပြင်းတစ်ချက် ချမိသည်။
ကျွန်တော့်မိတ်ဆွေကတော့ ကျောင်းအုပ်ချုပ်ရေး နှင့်ဆိုင်သောကိစ္စဖြစ်၍ ဘာမျှဝေဖန်ပြောကြား ခြင်းမရှိပါ။
ကျွန်တော့်မိတ်ဆွေပြန်သွားသည်နှင့် စောစောက အရိုက်ခံရသောကျောင်းသား ပြောင်းလာသည့် အလယ်တန်းကျောင်းအုပ်ဆရာကြီးထံသို့ တယ်လီဖုန်း လှမ်းဆက်လိုက်ပါသည်။ ထိုကျောင်းအုပ်မှာ ကျွန်တော်နှင့် ရင်းနှီးခင်မင်သူဖြစ်ပါသည်။ ထို ဆရာကြီးမှာ ကျောင်းအုပ်ဖြစ်သော်လည်း အရေးကြီးသောအတန်းများတွင် သူကိုယ်တိုင် သင်္ချာသင်သူ ဖြစ်သည်။
တစ်ဖက်မှ ကျောင်းအုပ်ကြီးက သူ့တပည့်သည် လူတော်ဖြစ်ရုံသာမက လူကောင်းလည်းဖြစ်ကြောင်း၊ မဟုတ်မမှန်သည်ကို လိမ်ညာ၍ မပြောတတ် ကြောင်း ထောက်ခံပြောဆိုပါသည်။
ကျွန်တော်လက်ခံပါသည်။ သို့သော် လူဆိုသည်မှာ မည်မျှရင့်ကျက်သူဖြစ်စေ သံယောဇဉ်ရှိကြောင်း၊ ထိုသံယောဇဉ်ကို အကြောင်းပြုပြီး စေတနာ အသာ အလျော့ ရှိတတ်ကြောင်းကို ကျွန်တော်သတိထား ပါသည်။ ယခုဖြစ်သည်မှာ ကျောင်းသားချင်း မဟုတ် တော့ပါ။ ဆရာမနှင့် ကျောင်းသားဖြစ်နေသည်။ မျက်မြင်သက်သေကို မေးကြည့်ချင်သည်။
ကျွန်တော် ပြုံးလိုက်မိသည်။ စိတ်ချရသော မျက်မြင်သက်သေကို စဉ်းစားမိသောကြောင့် ဖြစ်သည်။ ထိုအတန်းတွင် ကျွန်တော့်သမီးရှိသည်။
ညစာ စားပြီးတော့ သမီးစာမကြည့်ခင် ဧည့်ခန်း မှာ ကျွန်တော်နှင့် ဆုံမိကြသည်။
ကဲ... သမီး၊ မနက်က သမီးတို့အတန်းထဲမှာ ဆရာမ ဒေါ်မိမိခင်နဲ့ မောင်ကျော်အောင်ဆိုတဲ့ ကျောင်းသားနဲ့ ဘယ်လိုဖြစ်ကြတယ်ဆိုတာ ဖေဖေ့ကို ပြောပြစမ်းပါ။ ဒေါ်မိမိခင်နဲ့ သမီးနဲ့ ခင်မင်ရင်းနှီး တာကို ဖေဖေသိတယ်၊ ဒါပေမဲ့ ဘက်မလိုက်နဲ့ အမှန် အတိုင်းပြောပြ၊ သမီးပြောတာ မှန်မမှန်ဆိုတာကို လည်း ဖေဖေက စုံစမ်းဦးမှာ၊ ကဲ . . . သမီးသိသမျှ ပြောပြစမ်းပါဦး
ဟုတ်ကဲ့ ဖေဖေ၊ စဖြစ်တာက ဆရာမနဲ့မဟုတ်ပါဘူး၊ မော်နီတာ မင်းထွန်းနဲ့ ဖြစ်တာပါ၊ ဆရာမက သူမရှိတုန်း အတန်းကိုထိန်းဖို့၊ ပြောမရရင် ရိုက်ဆို ပြီး မင်းထွန်းကို ကြိမ်လုံးပေးခဲ့ပါတယ်
ဟုတ်ကဲ့လား သမီး
ရွယ်တူကျောင်းသား အချင်းချင်း ရိုက်ရန် အာဏာလွှဲ၍ ကြိမ်လုံးပေးသည်ကို ကျွန်တော် လက်ခံဖို့ အတော်ခက်သွားပါသည်။
ဟုတ်ပါတယ် ဖေဖေ၊ မင်းထွန်းက ကျော်အောင်နဲ့ မျိုးသန့်ဆိုတဲ့ ကျောင်းသားနှစ်ယောက်ကို စကား ပြောလို့ဆိုပြီး ခေါင်းကို ကြိမ်လုံးနဲ့ တစ်ချက်စီ ခေါက်ပါတယ်
သမီး မြင်လား
မြင်ပါတယ် ဖေဖေ၊ သမီးတို့ခုံနဲ့ အဲဒီကောင်လေး တွေခုံက ဘေးတိုက်ဖြစ်နေလို့မြင်ပါတယ်၊ ခေါက် တဲ့အသံကိုတောင် သမီးတို့နေရာက ကြားရတယ်
အင်း . . ပြောပါဦး
အဲဒီတော့ ကျော်အောင်ဆိုတဲ့ ကောင်လေးက မင်းဘာလို့ ငါတို့ ခေါင်းကိုရိုက်ရတာလဲလို့မေးတယ်။ မင်းတို့စကားပြောနေလို့တဲ့၊ မင်းထွန်းက ပြန်ပြော တယ်။ ငါတို့စကားပြောနေကြတာမဟုတ်ဘူးကွ သင်္ချာတွက်နေကြတာ၊ သူတွက်တာမှားလို့ ငါက ရှင်းပြနေတာတဲ့၊ ကျော်အောင်ကပြန်ပြောတယ်။ မလိုချင်ဘူး၊ ကျောင်းတက်ရင် စကားမပြောရဘူးလို့ ဆရာမက မှာထားတယ်။ ပြောရင်တော့ ခေါက်မှာပဲတဲ့ မင်းထွန်း ပြန်ပြောတယ်။ အဲဒီတော့ ကျော်အောင်က မင်း ဆရာ မဟုတ်ဘူး၊ ငါတို့ကို ခေါက်ခွင့်မရှိဘူး၊ နောက်တစ်ခါ လုပ်ရင် ငါမခံဘူးလို့ပြောတယ်။ ဒါနဲ့ မင်းထွန်းက ဒါဆရာမ ခိုင်းတာကွ မင်း တို့ကျောင်းသားသစ်တွေ လူပါးမဝနဲ့ဆိုပြီး ဆရာမ ဆီသွားတိုင်တယ်'
ကျော်အောင်က မင်းထွန်းကို ဘာပြန်လုပ် သေးလဲ
မလုပ်ပါဘူး ဖေဖေ
အဲဒီတော့ ဆရာမက ...
ဆရာမ လိုက်လာပြီး ကျော်အောင်ကို မတ်တတ် ရပ်ခိုင်းတယ်၊ မင်းတို့ ကျောင်းသားသစ်တွေ လူပါးမဝနဲ့၊ မင်းထွန်းက မော်နီတာ စကားပြောရင် ရိုက်ဖို့ ငါခိုင်းလို့ ရိုက်တာ...
မင်းက ဘာဖြစ်လို့ ဒီလောက်စွာနေရတာလဲတဲ့။ ကျော်အောင်ကိုမေးတယ်။ ကျော်အောင်က မဟုတ်ဘူး ဆရာမ၊ သူက ကျောင်းသားချင်းဖြစ်နေတော့ သူ ရိုက်တာကို ကျွန်တော်မခံနိုင်ဘူး၊ ရိုက်စရာရှိရင် ဆရာမ ရိုက်ပါ၊ ကျွန်တော်ခံနိုင်တယ်တဲ့။ အဲဒါနဲ့ ဆရာမက ဟင် ... ဒါဖြင့် ရိုက်တယ်ဟယ် ... ရိုက်တယ် ဆိုပြီး ကျော်အောင်ကို ကြိမ်လုံးနဲ့ ငါးချက် ဆက်ရိုက်တယ်၊ သမီးတို့ဖြင့် ဆရာမ ဒေါသကြီးနေတာ မြင်ရတော့ ကြောက်လိုက်တာ ဖေဖေရယ်၊ ဒါပေမဲ့ အဲဒီကောင်လေးက လုံးဝမငိုဘူး၊ လက်ပိုက်ပြီးခံတယ်၊ ဆရာမလည်း သူ့နေရာသွားထိုင်ရော ... အဲဒီကောင် လေး အခန်းထဲကထွက်သွားတယ်။ ခဏနေတော့ အတန်းထဲပြန်ဝင်လာပြီး သူ့နေရာမှာထိုင်တယ်၊ စာအုပ်ထုတ်ပြီး ရေးစရာရှိတာ ဆက်ရေးနေတယ်
သမီးပြောသည်ကိုနားထောင်ပြီး ကျွန်တော် စိတ်မကောင်း ဖြစ်မိသည်။
ဆရာဟာ တပည့်ကိုရိုက်ခွင့်ရှိတယ်ဆိုပေမယ့် ကောင်းစေချင်တဲ့စေတနာနဲ့ ကောင်းကျိုးတစ်ခုခု ရဖို့သာ ရိုက်သင့်တယ်၊ ဒေါသ အာဃာတနဲ့ ရိုက်ခွင့် မရှိဘူးကွ
ကျွန်တော့် ဆရာလည်းဖြစ်၊ ကျောင်းအုပ်ကြီး လည်းဖြစ်သော ဆရာဦးသိန်း ဆုံးမပြောကြားခဲ့ သောစကားများကို ကျွန်တော် ကြားယောင်နေမိ သည်။
နောက်တစ်နေ့မနက် ပထမဆုံးစာသင်ချိန်တွင် ဆရာမ ဒေါ်မိမိခင်နှင့် မောင်ကျော်အောင်တို့ ကျွန်တော့်ရုံးခန်းသို့ ရောက်ကြသည်။
ကျွန်တော်စိုးရိမ်မိသည်။ ကျွန်တော်က ဘယ်သူ့ကိုမှ မဖိတ်ခေါ်သေးခင် ပြဿနာက ကျွန်တော့်ဆီကို လာနေပြီကို ဆီးကြိုရတော့မည်။
ဆရာကြီး မနေ့က ဒီကျောင်းသားနဲ့ ကျွန်မနဲ့ ဖြစ်တဲ့ကိစ္စ ပြောချင်လို့ပါ
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
ဆရာမက ဘာမျှမပြောသေးခင် ပါးပေါ်မှာ မျက်ရည်များ စီးကျလာသည်။
မနေ့က သူ့ကိုရိုက်ပြီးကတည်းက ကျွန်မ တစ်နေ့လုံးစိတ်ဆင်းရဲနေပါတယ်၊ ညကျတော့လည်း သေသေချာချာစဉ်းစားလေ ကျွန်မ မှားသွားပြီဆိုတာ နားလည်လေမို့ ကျွန်မငိုမိပါတယ်၊ ကျွန်မသား လေးသာဒီလိုခံရရင် . . လို့တွေးမိတော့လည်း ကျွန်မ မောင်ကျော်အောင်ကို သိပ်သနားမိတယ်၊ ဒါကြောင့် မောင်ကျော်အောင်ရှေ့မှာပဲ ကျွန်မလွန်သွားတာကို ဆရာကြီးဆီပြောပြချင်လို့ သူ့ကိုပါခေါ်လာတာပါ"
ဪ . . . ကောင်းပါတယ် ဆရာမရယ်၊ ကျွန်တော် သိပ်ဝမ်းသာပါတယ်
မောင်ကျော်အောင်ကို လှမ်းကြည့်တော့ သူ့ မျက်နှာလေးက အေးဆေးတည်ငြိမ်နေပါသည်။
ကဲ ငါ့တပည့်ကလည်း ကျေနပ်ပါနော်၊ ဟုတ်လား
ကျွန်တော်လှမ်းပြောလိုက်တော့မှ သူ ခေါင်း ကလေး မော့လာပါသည်။
ကျွန်တော် ကျေနပ်ပါတယ်၊ ကျွန်တော့် ကြောင့် ဆရာကြီးရော ဆရာမပါ စိတ်အနှောင့်အယှက် ဖြစ်ရရင်လည်း ခွင့်လွှတ်ပါ
သူကနေရာမှထပြီး ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့် ထိုင်၍ ကျွန်တော့်ကို ကန်တော့ပါသည်။
အို . . သိပ်လိမ္မာတဲ့ ကလေးပါလားကွာ
ကျွန်တော့်ရင်ထဲမှာ ကြည်နူးရလွန်း၍ မျက်ရည် ရစ်ဝဲမိသည်ကို ထိန်းချုပ်နိုင်ရန် ဆုတွေပေးနေရ ပါသည်။
ဆရာမကိုလည်း ကန်တော့ပါတယ်
အို မကန်တော့ပါနဲ့ သားရယ်၊ ဆရာမကို
မကန်တော့ပါနဲ့
ဒေါ်မိမိခင် ရှိုက်ကြီးတငင် ငိုပါသည်။
သို့သော် ကလေးက ကန်တော့နေပါပြီ။
ကန်တော့ပါစေ ဆရာမရယ်၊ ဆရာမ သူတို့ကို မေတ္တာ၊ စေတနာထားပြီး ဆယ်တန်းအောင်တဲ့အထိ သင်ပေးရဦးမှာပါ . . .
ဒေါ်မိမိခင်က ကန်တော့နေသော ကျောင်းသား ကိုကြည့်ပြီး မျက်ရည်များကျနေဆဲ။
သူ့ရင်ထဲမှာတော့ မေတ္တာ၊ စေတနာနှင့် ဆုများ ပေးနေပါလိမ့်မည်။
လယ်တွင်းသားစောချစ်
#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ