ဘုရားပေးသော ဒုက္ခ

 ဘုရားပေးသောဒုက္ခ

---------------------

လူငယ်တစ်ဦးသည် ညအိပ်ခါနီးတွင် ဘုရားသခင်ထံဆုတောင်းလေသည်


“အရှင်ဘုရား တပည့်တော်ကို မတရားမှုများအား တော်လှန်တိုက်ခိုက်ပြီး အောင်နိုင်ခွင့်များ ပေးသနား တော်မူပါဘုရား”


ထိုအချိန်တွင် အခန်းထဲ၌ လင်းခနဲဖြစ်သွားသည်


“ငါ့သား သင်သည် မတရားမှုများကို အမှန်တကယ် တော်လှန်တိုက်ခိုက်လိုပါသလား”


“မှန်ပါအရှင်”


“ငါ့ကို ယုံကြည်သလား”


“ယုံကြည်ပါတယ်အရှင်”


“ငါခိုင်းတဲ့အတိုင်း လုပ်မလား”


“လုပ်ပါ့မယ်အရှင်”


“ကောင်းပြီ မနက်ဖြန်ကစပြီး သင့်အိမ်ရှေ့ရှိ ကျောက်တုံးကြီးကို ရအောင်တွန်းရွှေ့ပါလော့”


အသံရှင်ကပျောက်သွားသည်။ အလင်းကလည်း မှောင်သွားသည်။ လူငယ်က ထိုညတွင် အတွေးများနှင့် အိပ်လိုက်သည်။


သူ့အိမ်ရှေ့တွင် လူတစ်ရပ်နီးပါး ကျောက်တုံးကြီးတစ်တုံးရှိသည်။ ထိုကျောက်တုံးကြီးသည် ထုထည် လည်းကြီးမားကာ နှစ်ပေါင်းများစွာ သူ့အိမ်ရှေ့တွင် ရှိနေသည့် ကျောက်တုံးကြီးဖြစ်သည်။


နောက်တစ်နေ့ကစပြီး လူငယ်သည် ထိုကျောက်တုံးကြီးကို အားနှင့် တွန်းလေ၏။ ခြေနှင့် တွန်းလေ၏။ လက်နှင့် တွန်းလေ၏။ ကိုယ်နှင့်တွန်းလေ၏။ ဦးခေါင်းနှင့်တွန်းလေ၏။


ဘုရားသခင်ကို ယုံကြည်စိတ်ဖြင့် နေ့စဉ်ထိုကျောက်တုံးကြီးကို တွန်းသော်လည်း ကျောက်တုံးကြီးက တစ်လက်မမျှ မရွေ့။


ထိုအချိန်တွင် မာရ်နတ်ကရောက်လာသည်


“အသင်လူသား ဘာလုပ်နေသနည်း”


“မတရားမှုများကို တော်လှန်ရန်အတွက် ဘုရားသခင်က မိန့်တော်မူထားသည့်အတိုင်း ကျောက်တုံးကို နေ့စဉ် တွန်းနေခြင်းဖြစ်သည်”


“မည်မျှ ကြာပြီနည်း”


“၈ လခန့်ရှိပြီ”


“မိုက်လိုက်တဲ့လူသား ကျောက်တုံးကို တွန်းရုံဖြင့် သင့်တော်လှန်ရေး အောင်မြင်ပါ့မလား … ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲနေသလိုဖြစ်မှာပေါ့။ သင့်ကို ဘုရားက ဒုက္ခပေးသွားပြီ”


လူငယ်သည် ထိုညတွင် ဘုရားအား သံသယစိတ်ဖြင့် တမ်းတလေသည်


“ဘုရားသခင် ကျွန်တော်မျိုးသည် မတရားမှုကို တော်လှန်တိုက်ခိုက်ချင်သူ ဖြစ်ပါသည်။ ကျောက်တုံး ကြီးကို နေ့စဉ်တွန်းနေရခြင်းမှာ အဓိပ္ပာယ်မရှိဟု မြင်လာပါသည်။ တပည့်တော် တိုက်ခိုက်တော်လှန်ချင် ပါပြီ”


“ငါ့သား လွန်ခဲ့သည့်ကာလနှင့် သင်၏ယခုအနေအထား တူသေးရဲ့လား”


“ဘာကိုပြောပါသနည်းအရှင်”


“သင့်လက်မောင်းတွေကို ကြည့်လိုက်စမ်း … သင့်ခြေသလုံးတွေကို ကြည့်လိုက်စမ်း … သင့်ကျောနှင့် သင့် ရင်အုပ်တွေကိုကြည့်လိုက်စမ်း ကြွက်သားတွေ အမြောင်းမြောင်းနှင့် အားရစရာကောင်းပါဘိ။ ငါ့သား သင်သည် မတရားမှုကို တော်လှန်ရန်အတွက် ကာယအား၊ ဉာဏအား၊ စိတ်စွမ်းအား အားလုံးကြံ့ခိုင် သန်စွမ်းမှဖြစ်ပေလိမ့်မည်။ ငါ့သား သင့်မှာ ကျောက်တုံးကြီးကို မရွှေ့နိုင်သော်လည်း မတရားမှုများကို တွန်းထုတ်ကန်ကြောက်ပစ်နိုင်သော စိတ်ခွန်အားတွေပြည့်စုံနေပြီ။ ယနေ့စ၍ သင့်အလိုအတိုင်း တော်လှန်ပါလော့”


(A Measure of True Strength ကို မြန်မာမှု ပြုပါသည်)


တင်ညွန့်


၆.၁၀.၂၀၂၁