သော့နှစ်ချောင်း
---------------
ကျွန်တော့်ကျောင်းတွင် အိမ်သာအခက်အခဲရှိသည်။ အိမ်သာတွေက ခေတ်အဆက်ဆက်သုံးခဲ့သည့်အပြင် ညစ်ပတ်နေသည်။ ဆရာ၊ ဆရာမတွေက ဆရာအိမ်သာတစ်လုံး သီးသန့်ဆောက်ပေးရန် တောင်းဆိုကြသည်။ ကျွန်တော်ကတော့ “သီးသန့်” ဆိုသည့် စကားကို မုန်းသဖြင့် အင်းမလုပ်၊ အဲမလုပ်နေခဲ့သည်။
အိမ်သာဆောက်ရန် အမြန်ဆုံးနည်းမှာ ရပ်မိရပ်ဘတွေနှင့်တိုင်ပင်လုပ်ဆောင်ရန်သာရှိသည်။ ဌာနဆိုင်ရာ အဆင့်ဆင့် တင်ပြလျှင်လည်း စိတ်ပျက်စရာကောင်းလောက်အောင်ကြာတတ်သည်။ ထို့ကြောင့် ရပ်မိရပ်ဘ တွေနှင့် တိုင်ပင်ပြီး ကျောင်းကို လှူနိုင်မည်ထင်ရသော ပုဂ္ဂိုလ်များကို ကျောင်းသို့ ဖိတ်ရသည်။
ကျောင်းအတွက် အမှန်တကယ်လိုအပ်နေသည်က အိမ်သာဖြစ်သည်။ အိမ်သာကို ကျွန်တော်က ဆရာ၊ ကျောင်းသားခွဲခြားပြီး မဆောက်ချင်ပါ။ ကျောင်းဝင်းကကျဉ်းသည်။ လေးခန်းတွဲ နှစ်လုံးဆောက်မည်။ မိန်းကလေး ယောက်ျားလေးခွဲမည်။ အရေးကြီးသည်မှာ ရေလောင်းအိမ်သာဖြစ်ရေး၊ သန့်ရှင်းရေးဖြစ်သည်။ အိမ်သာနှစ်လုံးကြားတွင် ရေလှောင်ကန် အုတ်ကန်တစ်ကန်ကိုထားမည်။ ကျွန်တော်က ကျွန်တော် ဆောက်ချင်သည့်ပုံစံကို လူကြီးများ (ရပ်မိရပ်ဘ) များကို တင်ပြသည်။
ကျွန်တော့်အိမ်သာစီမံကိန်းကို ဆေးလိပ်ခုံထောင်ထားသော သူဌေးတစ်ဦးက ခေါင်းတညိတ်ညိတ်လုပ်ရင်း
“စုစုပေါင်းဘယ်လောက်ကုန်မယ်လို့ ဆရာမှန်းထားသလဲ” ဟုမေးလိုက်တော့သည်။ ကျွန်တော်က
“၁၃ သိန်း လောက်ကုန်မယ်ထင်ပါတယ်”
ထိုသူဌေးကြီးက
“ကျွန်တော် တစ်ယောက်တည်း အဲဒီ ၁၃ သိန်း ကိုလှူမယ်ဗျာ”
ကျွန်တော့်မှာ အံ့အားသင့်သွားသဖြင့် ဘာပြန်ပြောရမှန်းမသိ။ လူကြီးအတော်များများကလည်း အံ့အား သင့်နေကြသည်။ ထိုသူဌေးကြီးကား အပေါက်ဆိုးသည်၊ လှူဒါန်းလေ့သိပ်မရှိသဖြင့် လုံးဝထင်မထားသူဖြစ်လေ သည်။ သို့သော် သူက ၁၃ သိန်း စလုံး (ထိုခေတ်တန်ဖိုး) လှူမည်ပြောသဖြင့် အံ့အားသင့်သွားခဲ့ရသည်။
“ဆရာ ... ကျေးဇူးပြုပြီး ကျွန်တော့်အိမ်မှာ အဲဒီပိုက်ဆံကို လာယူပါလား”
“ဟာ ... ရတာပေါ့ လာယူပါ့မယ် ... ကျွန်တော့်အဖွဲ့နဲ့ လာယူပါ့မယ်”
“ဆရာက တခြားဟာ ဆောက်မယ်ဆိုရင် ကျွန်တော် စိတ်မဝင်စားဘူး ... အိမ်သာကို ဆရာကျောင်းသား မခွဲခြားဘဲ သန့်ရှင်းအောင်ဆောက်ပေးမယ်ဆိုတာတော့ စိတ်ဝင်စားတယ် ... ကျွန်တော် ပြန်ဦးမယ် ... အလုပ်တွေ ရှိသေးလို့”
ကျွန်တော်က အိမ်သာအတွက် အဖွဲ့နှင့်ဆက်ဆွေးနွေးသည်။ ငွေလိုက်ပြီး အလှူခံစရာ မလိုတော့သဖြင့်လည်း အားလုံး ဝမ်းသာနေကြသည်။
ကျွန်တော်တို့ ကျောင်းကော်မတီ အဖွဲ့ဝင် သုံးဦးနှင့်အတူ သူဌေးကြီးနေသည့်အိမ်ကို ညနေကျောင်းဆင်း ချိန်တွင် ရောက်သွားကြသည်။
သူဌေးကြီးက သူ့အခန်းထဲတွင် စာရင်းများဖြင့် အလုပ်တွေရှုပ်နေသည်။ ကျွန်တော်တို့ရောက်လာသည့် အခါတွင် ထိုင်ခိုင်းပြီး ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံသည်။ ထို့နောက် ခေါင်းလောင်းလေးကို တီးလိုက်ရာ ကောင်မလေးတစ်ယောက် ဝင်လာသည်။
“ဟဲ့ နင့်မမကို သွားခေါ်ချေ”
ကောင်မလေးက ခါးလေးကိုင်းကာ ပြန်ထွက်သွားသည်။ ခဏကြာသော် ပြန်ရောက်လာသည်။
“မမကြီးက အလုပ်သမားတွေကို ပိုက်ဆံရှင်းနေလို့ ခဏစောင့်ပါတဲ့”
သူဌေးကြီးက
“အားနာလိုက်တာဆရာတို့ရေ ... ဒီအချိန်က အလုပ်သမားတွေ ငွေရှင်းချိန်မို့ပါ”
“ရပါတယ်ဗျာ”
ကျွန်တော်တို့ နောက်ထပ် နာရီဝက်ခန့် စောင့်လိုက်ရသည်။ ရွှေဆွဲကြိုးတွေ အဝင်းသားနှင့် သူဌေးကတော်ကြီး ရောက်လာသည်။
“စောင့်ခိုင်းထားရတာ အားနာပါတယ်ရှင်” ဟု ဖော်ရွေစွာပြောသည်။ သူဌေးကြီးက
“မြင့်ရေ ကိုကို ပြောထားတဲ့ကိစ္စလေ”
“ဪ ဟုတ်သားပဲ ... ပေးလိုက်လေကိုကို”
သူဌေးကတော်ကြီးက သူ့လည်ပင်းမှ ကြိုးတစ်ကွင်းကို ဖြုတ်လိုက်သည်။ ထို့နောက် မီးခံသေတ္တာဆီသို့သွား သည်။ သူလည်ပင်းက ဖြုတ်လိုက်သောကြိုးတွင် မီးခံသေတ္တာသော့ တစ်ချောင်းပါလာသည်။ သူက မီးခံသေတ္တာကို သူ့သော့ဖြင့် လှည့်ဖွင့်လိုက်သည်။
ထိုအချိန်တွင် သူဌေးကြီးကသူ့အိတ်ကတ်ထဲက သော့တစ်ချောင်းကိုထုတ်လိုက်သည်။ သူလည်း မီးခံသေတ္တာ ဆီသို့သွားကာ နောက်ထပ်သော့တစ်ပေါက်ထဲသို့ သော့တံကိုထည့်ပြီးလှည့်လိုက်သည်။ ပြီးမှ ငွေများကို ထုတ်သည်။ ထို့နောက် တစ်ယောက်ချင်း သော့ကိုလှည့်ကာ ပြန်ပိတ်သည်။ သူဌေးကတော်ကြီးက
“ကျွန်မကို ခွင့်ပြုပါဦးရှင် အလုပ်လေး ရှိသေးလို့ပါဟုဆိုကာ နှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားသည်။
သူဌေးကြီးက ကျွန်တော်တို့ကို ငွေ ၁၃ သိန်းပေးသည်။
ကျွန်တော်ကလည်း မနေနိုင်မထိုင်နိုင် သူဌေးကြီးအား မေးမိသည်
“ဦး ... မီးခံသေတ္တာကြီးက ကောင်းလိုက်တာနော် ... သော့နှစ်ချက်တောင်ဖွင့်ရတယ်”
သူက ကျွန်တော့်အား မျက်မှန်ကိုကျော်ပြီးကြည့်သည်။ ထို့နောက်
“ဆရာဘာကို မေးချင်တာလဲ ... ကျွန်တော်သိသလိုပဲ”
ကျွန်တော်က စပ်စုမိသည်မှာ မှားများသွားပြီလားဟု အားနာသွားသည်။ သူဌေးကြီးက ပြုံးကာ
“ဆရာ ... ကျွန်တော်တို့လင်မယားနှစ်ယောက် တစ်ယောက်သော့တစ်ချောင်းကိုင်ထားတာ အကြောင်းရှိတယ် ဆရာ ... ကျွန်တော်တို့က ဝင်ငွေကိုလည်း နှစ်ယောက်ဆုံမှ မီးခံသေတ္တာထဲကို ထည့်ကြတယ် ... ထွက်ငွေကိုလည်း နှစ်ယောက်ဆုံမှ ထုတ်နိုင်အောင် ကြိုးစားကြတယ် ... တစ်ယောက်နဲ့ တစ်ယောက် မယုံလို့ မဟုတ်ဘူးဗျ ... မင်းမသိဘဲ ငါဘာမှမလုပ်ဘူး ... ငါမသိဘဲ မင်းလည်း ဘာမှမလုပ်နဲ့ဆိုတာကို နှစ်ယောက်စလုံး ခိုင်မာအောင် လုပ်ကြတာ။ အိမ်ထောင်တစ်ခုမှာ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာ ယောက်ျားတစ်ယောက် တည်းနဲ့ ဆိုင်တာမဟုတ်သလို၊ မိန်းမတစ်ယောက်တည်းနဲ့လည်း ဆိုင်တာမဟုတ်ဘူးလို့ ကျွန်တော် ခံယူတယ်။ ကျွန်တော်တို့ လှူနိုင်တယ်ဆိုတာလည်း သော့နှစ်ချောင်း ကျေးဇူးပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ဘာလှူလှူ အကျိုးရှိအောင်လှူဖို့ ကြိုးစားကြတယ်ဆရာ ... သော့နှစ်ချောင်းကို တစ်ချောင်းစီကိုင်ထားတာ အမြင်မှာတော့ ခွဲထားသလို ဖြစ်နေပေမယ့် ... မီးခံသေတ္တာကြီးတစ်လုံးဟာ တို့နှစ်ယောက်ပေါင်းမှ ဖွင့်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ကတော့ ဂုဏ်ယူတာ”
“ဦး ... ရယ် ... ကျေးဇူးတင်ပါတယ် ... လှူတဲ့အတွက်ရော ... လှူတဲ့အမြင်ရော ... လှူနိုင်အောင် ဘယ်လို စုဆောင်းရတယ်ဆိုတဲ့အမြင်ကိုပါ ဦးက ကျွန်တော့်ကို ပြသွားတဲ့အတွက် ကျေးဇူးပါခင်ဗျာ”
ကျွန်တော့မှ ပြောစရာတစ်ချက် ကျန်သွားပါသည်။ ထိုစကားကိုတော့ အားနာသဖြင့် ပြောမထွက်ခဲ့ပါ။
“ဦးတို့ဘာကြောင့် ချမ်းသာရသလဲ" ဖြစ်သည်။
တင်ညွန့်
၂၂.၃.၂၀၂၂