ဆားသည်မကြီး(စ/ဆုံး)
——————-
“ ဖြန်း…. ဖြန်း…”
“ ဖြန်း…. ဖြန်း…”
“ ဖြန်း…. ဖြန်း…”
တစ်ဖြန်းဖြန်းမြည်အောင် စိတ်ရှိလက်ရှိပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် ရိုက်နေသည့် ဒေါ်မြနှစ်ကို ဆံထုံးထုံးထားသည့်နေရာမှ ဆံပင်များကိုဆောင့်ဆွဲထားရင်း…..
“ ကျွန်မအမေကို လွှတ်..”
ဟု စူးစူးဝါးဝါးအော်လိုက်သည့် အိမ်ချစ်၏အသံကြားမှ သတိဝင်လာရင်း မာချို့အပေါ်တက်ခွကာ စိတ်ရှိလက်ရှိ ပါးရိုက်နေမိခြင်းကို ရပ်တန့်လိုက်လေသည်။ အိမ်ချစ်၏စူးစူးဝါးဝါးအော်သံကြောင့် အိမ်နီး ချင်းများ မာချို့အိမ်ပေါ်သို့ ပြေးတက်လာကာ ဒေါ်မြနှစ်ကို ဝိုင်းဝန်းဆွဲခေါ်၍ ဘေးချင်းကပ် သူမအခန်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်လေသည်။ မာချိုသည်လည်း ပါးစပ်အတွင်းမှ သွေးများယိုစီးကာ မျက်နှာကြီး တစ်ခုလုံးယောင်ကိုင်းနေပြီး အသံပင် မထွက်နိုင်တော့ပေ။
“ သူနဲ့လဲ မဆိုင်ဘဲနဲ့။ သမီးတို့ သားအမိချင်း ပြဿနာဖြစ်တာကို သမီးအမေကို အိမ်ပေါ်ထိ တက်လာပြီး ပါးတက်ရိုက်သွားတာ။ သမီးမခံနိုင်ဘူး။ အခု သမီး…အဲ့ဒီမိန်းမကြီးကို လူကြီးနဲ့ သွားတိုင်မှာ…”
ဟူသော အိမ်ချစ်လေး၏ ဒေါသတကြီးပြောနေသော စကားသံအဆုံးတွင် ပြဿနာကြီးတော့မည် ကို သူမ သိရှိသွားလေတော့သည်။ သို့သော် မနေနိုင်မထိုင်နိုင် ယင်မောင်းပေးမိသည့် ဆားသည်မကြီး သူမကတော့ နောင်တရမိခြင်း အလျဉ်းမရှိ။ လာမည့်ဘေး ပြေးတွေးလိုက်မည်ဟုပင် ဆုံးဖြတ်ချက် ခိုင်မာ နေလေသည်။
ဒေါ်မြနှစ်သည် ခင်ပွန်းဖြစ်သူ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည့် နယ်မြို့လေးသို့ ယောင်နောက်ဆံထုံးပါလာခဲ့ခြင်းဖြစ်သည်။ ရထားမောင်းသည့်စက်ဗိုလ်များကို နေရာချထားပေးသည့် နှစ်ခန်းတွဲလိုင်းခန်းကလေးတွင် နေထိုင်ရပြီး ဘေးခန်းနှင့် သစ်သားနံရံကလေးတစ်ခုသာ ခြားထားရာ တစ်ဖက်ခန်းမှ အသံများကို အတိုင်းသားကြားနေရလေသည်။ ဘေးခန်းတွင် ဆယ်ကျော်သက်အရွယ် ကလေးမလေးနှင့် တစ်နှစ်အရွယ် ကလေးပေါက်စလေးသာ ဖြတ်သွားဖြတ်လာတွေ့နေရရာ တစ်ဖက်ခန်း နေ ခင်ပွန်းဖြစ်သူနှင့် လုပ်ဖက်ကိုင်ဖက်စက်ဗိုလ်ကိုပင် သမီးအရွယ်ကလေးကို ယူထားသည်ဟုပင် ထင်မှတ်မှားမိသဖြင့် ခင်ပွန်းဖြစ်သူကို မေးကြည့်ရာ…
“ ဟာ ငါ့မိန်းမကတော့ မိုးကြိုးတွေပစ်ကုန်တော့မှာပဲ။ အဲ့ဒါ အောင်စိုးသမီးလေးနှင့် သားလေးဟ။ သူက စီမံကိန်းရထားတွေလိုက်ရတော့ ခရီးကိုလနှင့်ချီ ထွက်နေရတာ။ ဒါကြောင့် ငါ့မိန်းမကလည်း တစ်ဖက်ခန်းကို နားစွင့်ရင်း ကလေးတွေကို စောင့်ရှောက်ပေးလိုက်ပါကွာ”
“ နေပါဦး ကိုမင်းရဲ့။ သူ့မိန်းမက ဘယ်ရောက်နေလို့လဲ”
“ သူ့မိန်းမကတော့ နည်းနည်းဆိုးတယ်ကွ။ အခုလည်း ဖဲကြွေး၊ နှစ်လုံးကြွေး၊ သုံးလုံးကြွေး ရှောင်ရင်း အိမ်ကပြေးနေတာ နှစ်လလောက်ရှိနေပြီ။ ကြွေးရှင်ငြိမ်သွားမှ အိမ်ပြန်လာတာ။ အကြိမ်ကြိမ် ဆိုတော့ အောင်စိုးလည်း မတတ်နိုင်တော့ဘူး ဖြစ်နေတာ”
“ အဲ့ဒီတော့ တော်ပြောသလိုဆို ကျုပ်က မဆီမဆိုင် ဆားသည်မကြီးလုပ်ပြီး ယင်မောင်းပေးရမှာ ပေါ့ ဟုတ်လား”
ဟူ၍ပင် အငေါ်တူးမိလေတော့သည်။
ကိုအောင်စိုးသမီးလေး အိမ်ချစ်မှာ တတိယနှစ် တက္ကသိုလ်ကျောင်းသူ အချောအလှလေးဖြစ်လေ သည်။ အဝေးသင်ယူထားသည့်တိုင် သိပ္ပံဘာသာတွဲဖြစ်သဖြင့် စနေ၊ တနင်္ဂနွေနှစ်ရက်တွင် ပရက်တီကယ် ဆင်းရလေသည်။ အိမ်ပြေးအမေနှင့် အလုပ်ခရီးထွက်နေသောအဖေကြောင့် မောင်နှမနှစ်ယောက်တည်း ရှိရာ ကျောင်းသွားတိုင်း မောင်ဖြစ်သူကို ရင်ခွင်တွင် ကလေးပိုးသည့် အိတ်လေးဖြင့် ချီပိုးကာ ကလေး ဝေယျာဝစ္စပစ္စည်းများကို လက်စွဲခြင်းလေးထဲထည့်ကာ ကျောင်းသွားတက်ရလေသည်။ ဒေါ်မြနှစ်သည် အိမ်ချစ်လေး အပျိုလေးမတန်ဘဲ ကလေးတို့လို့တွဲလောင်းနှင့် ကျောင်းသွားတက်နေသည်ကို မြင်ရတိုင်း အသုံးမကျလှသည့် အမေဖြစ်သူကို ဒေါသဖြစ်မိလေသည်။
တစ်ရက်တွင်တော့ ညဘက်အချိန်တွင် အိမ်ချစ်ကလေး၏
“အမေ…အမေ” နှင့်ခေါ်သံ ခပ်အုပ်အုပ် ကိုကြားရသဖြင့် အိမ်ချစ်အမေ မာချိုပြန်ရောက်နေကြောင်း သိရှိရလေသည်။ မာချိုသည် တစ်ပတ်ခန့် အသံမထွက် ငြိမ်ကုပ်၍နေလေပြီး တစ်ပတ်ကျော်ပြီးချိန်တွင်တော့ မူလဇာတိရုပ်များ ပြန်ပေါ်လာလေ တော့သည်….
“ အမေရှိတဲ့အချိန်တော့ မောင်လေးကို နို့ဗူးတွေမတိုက်ပါနဲ့ အမေရယ်။ အမေ့နို့ကို တိုက်ပါဦး။ မိခင်နို့ကမှ ကလေးကို ကိုယ်ခံအားကောင်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေမှာ။ အဲ့ဒါမှ မောင်လေးကြီးလာရင် ကျန်းမာပြီး ဉာဏ်ကောင်းမှာ”
ဟူသော အိမ်ချစ်၏ မိခင်အပေါ် စီစီညံညံတီတီတာတာ စကားအဆုံးတွင်…
“ အေးပါ အမေမရယ်။ ညည်းကို အဲ့လို စောက်ဆရာမကြီးလုပ်လို့ ငါစောက်မြင်ကပ်တာ။ ညည်း ဘာသာ တက္ကသိုလ်ကျောင်းသူမကလို့ ဘာကောင်မကြီးပဲဖြစ်ဖြစ် ငါ့ကိုတော့ အမေလာမလုပ်နဲ့”
ဟူသော စကားများကို နံရံခြား၍ သူမဘက်အခန်းမှ အတိုင်းသားကြားနေသည့် ဒေါ်မြနှစ်တစ် ယောက် ဒေါသအလိပ်လိုက် ထွက်၍နေလေတော့သည်။ ယောက်ျားဖြစ်သူပြန်လာချိန်တွင်တော့…
“ ကိုမင်းရယ်… လောကကြီးမှာ ဒီလိုမိန်းမမျိုးလည်း ရှိသေးတယ်နော်။ ကိုယ့်သမီး အပျိုနုနု ထွတ်ထွတ်လေးကိုများ ပြောရက်လိုက်တာ။ ကိုအောင်စိုးကလည်း ဒီလိုမိန်းမမျိုးများ သည်းခံပြီး ပေါင်းနေ ရတယ်လို့”
“ အောင်စိုးတစ်ခါ ရင်ဖွင့်ဖူးတာတော့ မာချိုက ပညာကောင်းကောင်း မသင်ခဲ့ရတော့ အမှားအမှန် မခွဲခြားနိုင်ဘဲ စရိုက်ဆိုးတယ်တဲ့။ ဒါပေမယ့် သူ့ကို ဂျီတီအိုင်ကျောင်းပြီးအောင် ငါးရောင်းပြီး ကျောင်းထား ပေးခဲ့တယ်။ အလုပ်ရရှိရေးလည်း မာချိုကပဲ ငွေကြေးရှာပေးခဲ့တာတဲ့။ အခုလို အလုပ်အကိုင် အဆင်ပြေတဲ့ အချိန် ကောင်းကောင်းမွန်မွန်နေရတော့ ဖဲရိုက်၊ နှစ်လုံး သုံးလုံး ကစား၊ ဘီယာသောက်၊ ဝိုင်သောက်ရင်းနဲ့ အောက်ခြေလွတ်သွားခဲ့တာတဲ့လေ။ ဖဲရှုံး၊ နှစ်လုံး၊ သုံးလုံးရှုံးပြီး အကြွေးတွေပတ်လည်ဝိုင်းတော့ သူလည်း တတ်နိုင်သလောက် ဆပ်ပေးပါတယ်တဲ့။ နောက်ပိုင်းတော့ သမီးလေးနှင့်သားလေး ရှေ့ရေးအတွက် မဆပ် ပေးတော့ဘဲ ကိုယ့်ပြဿနာကိုယ်ရှင်းလို့ စိတ်မကောင်းစွာနဲ့ပဲ ပြောလိုက်ရတာတဲ့လေ။ အခြားလူတွေက ကိုအောင်စိုး ခင်ဗျား ဒီလိုမိန်းမမျိုးများ ဘာမက်စရာရှိလဲ။ ကွာပြီး နောက်တစ်ယောက်ယူလိုက်လို့ ကရုဏာဒေါသထွက်ပြီး ပြောကြပေမယ့် သူကျွန်တော့်ကို ကြိုးစားပမ်းစား ပင်ပင်ပန်းပန်လုပ်ကိုင် ကျောင်း ထားပေးခဲ့တဲ့ သူ့ကျေးဇူးတွေကို မမေ့လိုက်နိုင်ဘူးတဲ့လေ။ ဘယ်လိုမှ မနိုင်တော့လို့ လွှတ်ထားလိုက်ရပေ မယ့် မာချို့ကို သူက ချစ်တယ်တဲ့။ ဒါကြောင့် ဒီတစ်သက် သူပေးခဲ့တဲ့ အကောင်း၊ အဆိုးအားလုံးကို သေတဲ့အထိ မျှဝေခံစားသွားမယ်တဲ့လေ။ တကယ်ဆို ကိုအောင်စိုးက ကြီးကြပ်ရေးလယ်ဗယ်အထိ ရာထူး တိုးယူလို့ရတယ်။ ဒါပေမယ့် သူဘယ်မြို့မှလည်းမပြောင်းဘူး။ ရာထူးတိုးစာမေးပွဲဖြေရမယ်ဆိုတိုင်းလည်း ငြင်းခဲ့ပြီး သူ့မိန်းမကြောင့် ကွဲခဲ့ရတဲ့ သူနှင့်သူ့သားသမီးတွေရဲ့အရှက်တွေကို ဒီမြို့၊ ဒီပတ်ဝန်းကျင်နဲ့ ဒီလိုင်းခန်းလေးထဲမှာပဲ နိဂုံးချုပ်မယ်တဲ့ ငါ့မိန်းမရေ….”
ဟူသော ကိုမင်းစကားအဆုံးတွင်တော့ ပြောစရာစကားများ ပျောက်ဆုံးသွားရလေတော့သည်။
“ အိမ်ချစ်…. ငါတို့ကို အမြည်းလုပ်ပေးစမ်း၊ ငါးမုန့်ကြော်လည်း ကြော်လိုက်။ ငပိုင်….ထ။ အိမ်ချစ်ဆီ အမြည်းသွားယူ”
ဟူသော မာချို၏ အာလေးလျှာလေးသံကြိးအဆုံးတွင် ငပိုင်၏ ဒယီးဒယိုင်လမ်းလျှောက်သံများကို ကြားနေရလေသည်။ ထို့နောက် မီးဖိုဆောင်အဝမှရပ်၍ အိမ်ချစ်ကို…
“ အိမ်ချစ်လေး…. ပင်ပန်းနေပြီလား။ ကိုပိုင်တို့ မြည်းဖို့အတွက် အခုလိုစေတနာထားလုပ်ပေးနေ တာ ကျေးဇူးပါကွာ…”
ဟူသော အာလေးလျှာလေးသံ၊ ပြီတီတီစကားသံ ခပ်အုပ်အုပ်အဆုံးတွင်တော့ ဒေါ်ြမနှစ်သည် ဒေါသထွက်သွားရင်း သူမ၏မီးဖိုချောင်ထဲမှ စတီးဇလုံတစ်လုံးကို နှစ်ဖက်မီးဖိုးချောင်နှစ်ခုကို ခြားထား သည့် သစ်သားနံရံကို ပြစ်ပေါက်လိုက်ရင်း…
“ ဟဲ့…. ခွေး… သွားစမ်း”
ဟူ၍ အော်ဟစ်လိုက်လျှင်တော့ မာချို၏..
“ ဟို…မသာ။ အမြည်းယူခိုင်းလိုက်တာ သွားသေနေတာလား။ အမြည်း အမြန်ယူခဲ့….”
ဟူသော ငှက်ဆိုးထိုးသံကြီးကို ကြားလိုက်ရလေတော့သည်။
“ အမေ.. သမီးကျောင်းအပ်ဖို့ အဖေပေးထားတဲ့ ပိုက်ဆံနှစ်သိန်းကို အမေယူထားတာ…သမီးကို ပြန်ပေးတော့နော်။ သမီးတို့နောက်ဆုံးနှစ်တွေက မနက်ဖြန်နောက်ဆုံးကျောင်းအပ်ရမှာတဲ့။ သမီး.. မနက်ဖြန် ကျောင်းသွားအပ်ရမှာ….”
ဟူ၍ အိမ်ချစ်၏ အမေဖြစ်သူကို လေသံအေးအေးဖြင့် လျှော့တောင်းနေသည့် စကားအဆုံးတွင်…
“ အိမ်ချစ်…. ညည်း…. တော်တော် စောက်လိုက်ကမ်းဆိုး မသိပါလား.. ဟင်… ကောင်မ။ ငါ… ပိုကာဝိုင်းသွားဖို့ လုပ်နေတာ ညည်းမမြင်ဘူးလား။ ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် စောက်ကျက် သရေလာတုန်းနေတာ။ အေး ညည်းစောက်ဆံကို ငါ…ဖဲနိုင်ရင် ပြန်ပေးမယ်။ ညည်း ကျက်သရေတုန်းလို့ ငါဖဲရှုံးလို့ကတော့ ညည်း ဒုတိယနှစ်တုန်းကလို ကျောင်းနားဖို့ပြင်ထား.. ကောင်မ”
မာချို့၏ ဆဲဆိုထွက်သွားချိန်တွင်တော့ မီးဖိုဆောင်ကလေးအတွင်းမှ အိမ်ချစ်လေး၏ ငိုရှိုက်သံ သဲ့သဲ့လေးကို နံရံလေးခြား၍ ကြားနေရသော ဒေါ်မြနှစ်သည် အတွေးများလေးနက်သွားရင်း တစုံတရာကို ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
“ အမေ… သမီး ကျောင်းတော့ မနားနိုင်ဘူး။ တကယ်လို့ အမေမပေးနိုင်တော့ဘူးဆိုရင် သမီး.. အဖေ့ဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြပြီး ပြန်တောင်းမှာပဲ”
“ ဘာ… ကောင်မ ညည်းက ငါ့စောက်ပြစ်ကို ညည်းလင်ကြီးကို သတော်ဦးတင်ပြီး ငါတို့လင်မယား ကွဲအောင် ကတုန်းကတိုက်လုပ်မယ်ပေါ့ ဟုတ်လား။ ညည်းဆက်ရဲရင် ဆက်ကြည့်လိုက်စမ်း။ ညည်း ပါးရှစ်စိတ် ကွဲပြီသာမှတ်”
“ သမီး…. ကျောင်းနားလို့မဖြစ်ဘူးအမေ။ အဖေကလည်း သမီးစာမေးပွဲဖြေပြီးတာနဲ့ အဖေ့ သူငယ်ချင်းဆီမှာ အလုပ်ပြောထားပြီးပြီးလေ။ သမီးကတော့ ဆက်မှာပဲ”
“ ကဲဟယ်…. ကောင်မ… ဆက်ချင်ဦး။ အဲ့မှာ… ဆက်ချင်ဦး”
ဟု အဖေနှင့်သမီးကို ပေးစားကာ မိုက်မိုက်ရိုင်းရိုင်းဆဲဆိုရင်း သမီးဖြစ်သူ ပါးကို တဖြန်းဖြန်းချ နေရာ အိမ်ချစ်၏ ငိုသံအကြားတွင်တော့ ဒေါ်မြနှစ်သည် သူမ၏ဆုံးဖြတ်ချက်အတိုင်း အိမ်ခန်းတံခါးဖွင့် ဆင်းကာ မာချို့အိမ်အတွင်းသို့ ခပ်ဟဟပွင့်နေသော တံခါးကိုတွန်းဖွင့်ဝင်ရောက်ပြီး ကုတင်ပေါ်တွင် ထိုင်နေကာ ရုတ်တရက်ရောက်ရှိလာသော သူမကိုကြောင်ကြည့်နေသည့် မာချို၏ သေးသွယ်သည့် ကိုယ် လုံးလေးကို ကုတင်ပေါ်သို့ ပက်လက်လန်ကျသည့်အထိ ဆောင့်တွန်းချလိုက်ရင်း သူမ၏ကိုယ်လုံးတုတ် တုတ်ကြီးဖြင့် အပေါ်စီးမှခွထိုင်ရင်း ပါးနှစ်ဖက်လုံးကို စိတ်ရှိလက်ရှိ ဘယ်ပြန်ညာပြန် မရေမတွက်နိုင် အောင် ရိုက်ချလိုက်မိလေတော့သည်။
“ ကဲ ခင်ဗျားတို့ဗျာ။ ကိုယ့်အိမ်နီးချင်း အချင်းချင်း ရန်ဖြစ်ရတယ်လို့။ ဒေါ်မာချို့ကိုကြည့်စမ်း ဒေါ်မြနှစ်။ ခင်ဗျားရိုက်တာ သူ့မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီ။ ကိုယ့်အချင်းချင်း ဒီလောက်လုပ်စရာလို လား။ ဒေါ်မာချို့ကလည်း ကျွန်တော်တို့က ပတ်ဝန်းကျင်နဲ့နေတာလေဗျာ။ အဲ့တာကို အယုတ္တအနတ္တတွေ ခင်ဗျားက လူအများအိပ်ချိန် ညဘက်ကြီး ဆဲဆိုနေရလားဗျ။ ပတ်ဝန်းကျင်ကို အားနာရမယ်လေဗျာ။ ကဲ… အဲ့ဒီတော့ ခင်ဗျားတို့နှစ်ယောက်လုံး ဆင်ဆင်ခြင်ခြင်နေကြ။ နောက်ထပ်ဖြစ်လို့ကတော့ ခင်ဗျားတို့ ယောက်ျားတွေကို ဟိုးဝေးလံခေါင်ဖျား စက်ရုံတွေကို ထရန်စဖာလုပ်လိုက်မယ်။ ကြားကြလား။”
ဟူသော တိုင်းအင်ဂျင်နီယာမှူး ဆုံးမနေမှုအား နှစ်ယောက်သား ခေါင်းညိတ်ပြချိန်တွင်…
“ ကဲ ဒေါ်မြနှစ်။ ခင်ဗျားကတော့ ဒေါ်မာချို့ကို ဒီလိုဖြစ်အောင် ရိုက်လိုက်တာဆိုတော့ ဆေးဖိုး တစ်သိန်းပေးလိုက်။ ဒေါ်မာချိုကလည်း ဆေးဖိုးကိုလက်ခံပြီး ကျေအေးပေးလိုက်နော်။ ပြီးတော့ နှစ်ယောက်လုံး နောက်ထပ် ဒီလိုပုံစံဖြစ်တာကို လုံးဝမမြင်ချင်ဘူးနော်။ နောက်ထပ်ဖြစ်လို့ကတော့ ခင်ဗျားတို့ ယောက်ျားတွေကို နယ်အပြောင်းပဲ”
ဟု ပြောဆိုဆုံးမကာ ပြန်ခွင့်ပြုလိုက်ချိန်တွင်တော့ ဒေါ်မြနှစ်သည်….
“ ဆရာကြီး ကျွန်မလေ… ဒီကလေးမလေးကိုလည်း နာကျင်သွားအောင် ရိုက်လိုက်မိပါတယ်။ အဲ့ဒါ ကြောင့် ဒီကလေးမလေးကိုလည်း ဆေးဖိုး နှစ်သိန်းပေးချင်ပါတယ်ရှင်”
ဟု ပြောဆိုကာ လက်စွဲအိတ်လေးထဲမှ ထောင်တန်အုပ်လေးနှစ်အုပ်ကို အိမ်ချစ်လက်ကလေးထဲသို့ ထည့်ပေးလိုက်စဉ်တွင် ဒေါ်မြနှစ်အား ဖြတ်ကနဲကြည့်လိုက်သည့် အိမ်ချစ်၏အကြည့်ကလေးတွင် ပိုက်ဆံ နှစ်သိန်းအတွက် ကျေးဇူးတင်၊ ဝမ်းသာနေသည်ကို ဖတ်ကြည့်မိလိုက်ချိန်တွင်တော့ ဆားသည်မကြီး ဒေါ် မြနှစ်တစ်ယောက် သူမဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမှ မပြုံးခဲ့ဖူးသည့် အလှဆုံး အပြုံးလှလှ ကြီးကို မည်သူမျှမမြင်အောင် ခေါင်းကြီးငုံ့ရင်း လှလှကြီး ပြုံးလိုက်မိလေတော့သည်။
မဟာဟန်လင်း
(၂၉. ၀၆. ၂၀၂၅)