အဖြူရောင်မုသား
----------------------
“အဖေ ... ထမင်းစားမယ်လေ”
သမီးဖြစ်သူက စာရေးနေသည့် ဖခင်ဖြစ်သူကို ထမင်းစားလာခေါ်သည်။
“အေး ... အေး ... သမီး လာခဲ့မယ်”
သူက ရေးလက်စစာကို ဖြတ်လိုက်သည်။ ထို့နောက် စားပွဲမှထကာ ထမင်းဝိုင်းဆီကို လာခဲ့သည်။
ထမင်းဝိုင်းတွင် သူ့တစ်ယောက်တည်းစာကို ပြင်ထားသဖြင့်
“သမီး ကလေးတွေရော ... မောင်မြင့်ဝင်း ရော”
“သမီးတို့ နောက်မှပဲ စားတော့မယ်အဖေ”
“ဟဲ့ ခါတိုင်းလည်း မိသားစုနဲ့ အတူတူ စားနေကျပဲ။ ဘာဖြစ်လို့ ခုမှ ငါ့တစ်ယောက်တည်းကို ခူးကျွေးနေရတာလဲ”
“သမီးတို့ မဆာသေးလို့ပါအဖေ”
သူက ထမင်းဝိုင်းကို ဝင်ထိုင်လိုက်သည်။ ခါတိုင်းဆို သားတွေ သမီးတွေ မြေးတွေနှင့် ဆူဆူညံညံ ထမင်းဝိုင်းသည် ယနေ့တော့ သူတစ်ယောက်တည်း ဖြစ်နေသောကြောင့် တစ်မျိုးကြီးဖြစ်နေသည်။
သူက လက်ဆေးပြီး ဟင်းတွေကို ကြည့်လိုက်သည်။
“ဝက်သားဟင်းပါလား”
“ဟုတ်တယ်အဖေ ... အဖေကြိုက်တဲ့ သုံးထပ်သားလေး ... ထည့်စားအဖေ”
သမီးဖြစ်သူက သူ့အဖေဘေးတွင်ထိုင်ကာ ယပ်တောင်တစ်ချောင်းဖြင့် ယင်ကောင်တွေကို မောင်းနေသည်။
“အဖေ ... ထည့်ပါအဖေရယ့် ... သမီးတို့အတွက် ရှိပါတယ်”
သမီးက သူ့ပန်းကန်ထဲကို ဝက်သားတုံးတွေ ခပ်ထည့်ပေးသည်။ သူက ဝက်သားကို ဖဲ့စားလိုက်ပြီး
“ဟင် ... ဒါ သမီးချက်တာ မဟုတ်ဘူးပဲ”
“ဟုတ်တယ်အဖေ ... သမီးတို့က ကြက်သားလေ ... ကြက်နီမသားက နည်းနည်းမာတော့ အဖေ ဝါးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အဖေ့အတွက် ဝက်သားဟင်းလေးကို ဈေးကဝယ်လာတာ။ ဟိုလေ ... ဒေါ်ချိုဆိုင်ကပါ။ အဖေ မနက်တိုင်း ထမင်းကြော် စားနေတဲ့ ဆိုင်ကလေ”
“ဟုတ်ပါတယ် ... ဒါကြောင့် ဒါ သမီးလက်ရာ မဟုတ်ဘူးလို့ ပြောတာပေါ့”
“စားပါ အဖေရယ့်”
“ကလေးတွေ ...”
“ကလေးတွေအတွက် ကြက်သားဟင်း ရှိပါတယ်အဖေရယ် ... စား ... စား အားလုံးထည့်စားလိုက်"
သမီးက ပြောလည်းပြော ကျန်သည့် နောက်တစ်တုံးကိုလည်း သူ့အဖေပန်းကန်ထဲ ခပ်ထည့် ပေးလိုက်သည်။
“မချိုဆိုင်က ဝက်သားက နုအိနေတာ ... ငါတို့လို သွားမကောင်းတဲ့သူတွေနဲ့ အတော်ပဲ”
“ဒါကြောင့် အဖေကြိုက်မှန်းသိလို့ သမီးဝယ်လာတာပေါ့”
သူက ထမင်းကို လက်စဖြတ်လိုက်သည်။
“တော်ပြီလားအဖေ”
“တော်ပြီလေကွယ် အဖေက တစ်ပန်းကန်ပဲ စားတာကို”
“အဖေ ... ထမင်းစားပြီးရင် သရက်သီးလေး စားလိုက်ဦး”
“သရက်သီး ဘာဖြစ်လို့ ဝယ်တာလဲကွယ် ... တစ်လုံး တစ်ထောင် ... ထောင့်ငါးရာကို။ နောက်ဝယ်မလာနဲ့။ ဖီးကြမ်းငှက်ပျောသီးလေး တစ်လုံးလောက်ဆိုရပါပြီ။”
“ဈေးမှာ မနက်က ငါးရာတည်းနဲ့ ရခဲ့လို့ပါအဖေရယ်။ ငှက်ပျောသီးကလည်း တစ်လုံး ၂၅၀ ... ၃၀၀ အဖေရဲ့ မထူးပါဘူး”
အမှန်တော့ သမီးက ညာပြောလိုက်ခြင်း ဖြစ်သည်။ သရက်သီး အသေးတစ်လုံးပင် တစ်ထောင်ဖြစ်နေသည်။ အဖေ့အတွက် သရက်သီးလေးစားစေချင်သဖြင့် ဝယ်ခဲ့ခြင်းဖြစ်သည်။
သူက သရက်သီးစားသည်။ ထို့နောက် သွားကြားထိုးနေစဉ်
“အဖေ ... ဒီမှာ ဆေးသောက်လိုက်ဦး”
“အေး ... အေး”
သူက သမီးလက်ထဲမှ ဆေးနှင့် ရေခွက်ကိုယူပြီး သောက်လိုက်သည်။
“အဖေ ... ခဏနေရင် တစ်ရေးအိပ်လိုက်ဦးနော် ... မနက်ကလည်း ၃ နာရီလောက်ကတည်းက နိုးနေတာ”
“အေးပါကွယ်”
သူက ခဏအကြာတွင် အိပ်ခန်းထဲဝင်သွားပြီး တံခါးပိတ်လိုက်သည်။
မအိပ်မီတောင်တွေး မြောက်တွေးနှင့် အိပ်မပျော်။ သူဖတ်နေသည့် သမိုင်းဆိုင်ရာ အချက်အလက်တွေကို ပြန်စဉ်းစားနေသည်။ ထိုအကြောင်းအရာနှင့် ဆက်စပ် အကြောင်းအရာသည် မည်သည့် စာအုပ်ထဲတွင် ရှိမည်နည်း။ ထိုအတွေးက သူ့ကို အိပ်မပျော်လောက်အောင်ဖြစ်နေသည်။
“ဪ ... လျက်ဆားလေးစားဦးမှပဲ ... အစာမကြေသလို ဖြစ်နေတယ်”
သူက အခန်းတံခါးကို အသာလေးဖွင့်ကာ အပြင်ထွက်လိုက်သည်။
သား၊ သမီးနှင့် မြေးတွေက ထမင်းဝိုင်းတွင် ထိုင်ကာ ထမင်းစားနေကြသည်။
သူက မြေးဖြစ်သူ ပူစူးကို ခေါင်းလေးပွတ်ပြီး
“ပူစူး ... ကြက်သားဟင်းကောင်းလား” ဟု မေးလိုက်သည်။
သူ့သမီးက မျက်စိမျက်နှာ ပျက်နေသည်
“အဖေ ဘာဖြစ်လို့လဲ ...”
“အစာမကြေသလို ဖြစ်နေလို့ လျက်ဆား ပုလင်း ဘယ်မှာလဲ”
“အဲဒါများ အဖေရယ် ... ပြောလိုက်ရောပေါ့ သမီးလာပို့မှာပေါ့”
“အိပ်လို့လည်း မပျော်လို့ပါကွယ်”
သူက ထမင်းဝိုင်းကို ကြည့်လိုက်သည်။
ကန်စွန်းရွက်ကြော်၊ ငါးပိရည်နှင့် ဂေါ်ဖီတို့စရာ။
“ဟင် ... ကြက်သားဆို”
သမီးဖြစ်သူက သူခိုးလူမိသလိုဖြစ်နေသည်။
သူက မြေးလေး ပန်းကန်ထဲကို ကြည့်လိုက်သည်။ ထို့နောက် ထမင်းဇလုံထဲကို ကြည့်လိုက်သည်။
“ဟဲ့ ... ဆန်တွေက ဘယ်လိုဖြစ်တာလဲ။ ငါစားတဲ့ ဆန်လည်း မဟုတ်ဘူး။ မာတာတာနဲ့။ ကလေးတွေ ဘယ်လို စားမလဲ”
သမီးဖြစ်သူ ငိုပါလေတော့သည်
“အလို ... မောင်မြင့်ဝင်း ဘာဖြစ်သလဲ။ မင်းတို့လင်မယား ရန်ဖြစ်ထားသလား”
“မဖြစ်ပါဘူးအဖေ”
ကလေးတွေကလည်း သူတို့အမေကို တစ်လှည့် သူတို့အဘိုးကို တစ်လှည့် ကြည့်နေကြသည်။
“ငါ့မေးနေတယ်လေ ... ကြက်သားဟင်းချက်တယ်ဆို”
“အဖေ ... သမီးညာတာ”
“ဘာဖြစ်လို့ ညာတာလဲ”
“သမီးတို့ စားနေကျဆန်တွေက ထက်ဝက်လောက် တက်သွားတယ်အဖေ။ ဒါကြောင့် တစ်အိမ်လုံး အဲဒီ ဆန်ကိုပဲ စားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အဖေ့အတွက် ဆန်ကောင်းလေးကို သတ်သတ် ချက်ပေးထားတာ။ ဟင်းကတော့ သမီးနဲ့ ကိုမြင့်နှစ်ယောက်ပေါင်း ဝင်ငွေက ချွေတာစားမှ ဖြစ်တော့မယ်အဖေ။ ကလေးတွေအတွက် စရိတ်တွေကလည်း မြင့်လာတယ်။ ဒါကြောင့် အဖေ့အတွက် ဈေးက ဟင်းပဲဝယ်လာ ပေးတာ”
“သမီး ... အဖေက ကောင်းတာတွေစားပြီး သမီးတို့က မကောင်းတာတွေ စားနေတော့ရော အဖေက မျိုကျမယ် ထင်သလား။ မိသားစုဆိုတာ အေးအတူ ပူအမျှတဲ့ကွယ့်။ ကောင်းဒဏ် ဆိုးဒဏ် စုခံကြတာပေါ့။ မနက်ဖြန်ကစပြီး အဖေ့ကိုလည်း သမီးတို့ စားတဲ့အတိုင်းပဲကျွေး”
“အဖေ့ကို အဲဒီလို မကျွေးချင်လို့ပေါ့အဖေ”
“အေးလေ ... အဲဒါဆိုလည်း ငါက မစားရုံပဲရှိတော့တာပေါ့”
“အဲဒီလို မလုပ်ပါနဲ့အဖေ”
“အဲဒါဆိုရင် နင်တို့လည်း ငါ့ကို အဲဒီလို မလုပ်ကြနဲ့ ... ဒါပဲ”
သူက လျက်ဆားပုလင်းလေးယူကာ အိပ်ခန်းထဲ ပြန်ဝင်သွားသည်။ အိပ်ခန်းတံခါးကို ပိတ်လိုက်သည်။
ယခုမှ သူ့မျက်လုံးက ထိန်းထားသည့် မျက်ရည်တွေ တစ်ပေါက်ပေါက်ကျလာသည်။
တင်ညွန့်
၂၀.၈.၂၀၂၃