နှလုံးသားရဲ့မြင်ကွင်း(စ/ဆုံး)

 နှလုံးသားရဲ့မြင်ကွင်း(စ/ဆုံး)


———————–


သားငယ်….


အသံက မတူးလည်ချောင်းဝမှာပင် ပျောက်ကွယ်သွားတယ်။ စက်ဘီးကယ်ရီယာကို အားပြုကိုင်ရပ်ထားရာကနေ မတူးခြေလှမ်းတွေက သားရှိတဲ့ဆီဦးတည်သွားတယ်

။အမေ…ဆိုတဲ့ သမီးကြီးခေါ်သံက နောက်မှာကျန်ခဲ့တယ်။


“ဝင်လို့မရဘူး အဒေါ် ´´


လူတစ်ယောက်ဝင်စာ ဖွင့်ထားတဲ့တံခါးမှ ခြံဝန်းထဲကို ခြေတစ်ဖက်ချလိုက်ရုံသာရှိပေမဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်က မတူးရှေ့မှပိိတ်ကာရပ်လိုက်တယ်။

မတူးရဲ့ မျက်လုံးတွေက လုံခြုံရေးဝန်ထမ်းကောင်လေးကိုကျော်ပြီး ခြံဝန်းထဲမှာရပ်ထားတဲ့ ဆယ်ဘီးကားပေါ်မှ လူနှစ်ယောက်က တစ်ဖက်တစ်ချက်လွှဲပေးလိုက်တဲ့ပဲအိတ်ကို ကားအောက်ကနေ ပခုံးနဲ့ထမ်းသယ်နေတဲ့သားငယ်ဆီမှာပဲရှိနေပါတယ်။ ခန္ဓာကိုယ်လေး ကိုင်းညွတ်သွားပြီး နဖူးက ချွေးကို လက်ခုံနဲ့သုတ်လိုက်တဲ့သားငယ်ကိုကြည့်ပြီး မတူးငိုချင်လာတယ်။


အလုပ်မှပြန်လာတိုင်း မနက်က သူ့အစ်မမီးပူတိုက်ပေးထားတဲ့ ခေါက်ရိုးကျိုးအင်္ကျီလေးနဲ့ စတိုင်မပျက်လေးရှိနေခဲ့တော့ သားပြောခဲ့တဲ့အတိုင်း စာရင်းမှတ်စာရေးအလုပ်ပဲထင်ခဲ့မိတာ။ သားကရှပ်အင်္ကျီကိုချွတ်ပြီး အတွင်းခံဝတ်သွားတဲ့ စွပ်ကျယ်ချိုင်းပြတ်လေးနဲ့ပဲ အထမ်းအပိုးလုပ်နေတာ မတူး မသိခဲ့မိပါလား။


“အဲဒါ အန်တီ့သားငယ်ပါ။

အန်တီ ..ဒီက ပိုင်ရှင်နဲ့တွေ့ချင်ပါတယ် သားရယ်။

နော်…ကူညီပါအုံး´´


သားအလုပ်ဝင်တာ သုံးရက်မြောက်တဲ့နေ့…မနေ့ကပေါ့။ ညနေစာ ထမင်းစားပြီးတာနဲ့ အိပ်ခန်းထဲတန်းဝင်သွားတဲ့သားဆီ မုန့်အစ်မို့ ရပ်ကွက်ထဲက မဘေဘီ လာပို့သွားတဲ့ဆမိုင်ကိုအချိုတည်းဖို့ သွားပို့တာ နံရံမှာမှီပြီး သားအိပ်ပျော်နေတာကို မတူးတွေ့လိုက်ရတယ်။


သားလို့ သုံးလေးခွန်းခေါ်တာမကြားလို့ မတူးကိုယ်တိုင် သားခန္ဓာကိုယ်ကို သိုင်းဖက်ပြီး အိပ်ရာပေါ်လှဲလျောင်းပေးခဲ့ရသေးတာ။ ဒါတောင် သားကမနိုးဘူး။


အလုပ်ကပြန်လာတိုင်း ပင်ပန်းနွမ်းနယ်နေတဲ့ပုံပေါ်လို့ ဒီနေ့ဈေးမှာသားကို အလုပ်ရှာပေးထားတဲ့ မတုတ်မနဲ့ တွေ့ပြီးမေးမှ အကျိုးအကြောင်း သိခဲ့ရတာ။ သားက ကုန်ထမ်းရတာတဲ့။အဲဒီစကားကြားပြီးပြီးချင်း မတူး အိမ်တောင်မဝင်နိုင်တော့ဘူး။ သမီးကြီးကိုခေါ်ပြီး သားရှိတဲ့ဆီ တန်းလာခဲ့တာ။ မြင်လိုက်ရတဲ့မြင်ကွင်းက မတူးရင်ဝဆောင့်ကန်လိုက်သလိုပါပဲ။ ရင်ထဲကိုအောင့်သွားတာ။


“ဒီမှာ သားငယ်…

ငါတို့မငတ်ပါဘူးကွ။ ငါ့သားက ဒီလိုအလုပ်ကြမ်းလုပ်ပြီးမှရလာတဲ့ငွေကို ငါက စားရမှာလား။ မင်းတို့သူဌေးကိုငါပြောခဲ့ပြီးပြီ။မင်းကို မခိုင်းနိုင်ဘူးလို့။သွား ထမင်းချိုင့်သွားယူ။ စက်ဘီးထုတ်ခဲ့ ။သွားမယ်´´


ဂိုထောင်ထဲကထွက်လာတဲ့ သားလက်ကိုဆွဲခေါ်လာရင်း မတူး ပြောလည်းပြော ငိုလည်းငိုမိတယ်။


“အမေကလည်း …သားလုပ်နိုင်ပါတယ်။

ပြီးတော့ ဒါရေရှည်လုပ်မှာမှ မဟုတ်တာ။အစ်ကိုကြီးတို့ လုပ်တဲ့ဆိုင်က လူလိုရင် အဲဆီပြောင်းမှာပဲဟာ။ဒီကြားထဲ

ထိုင်နေရမဲ့အတူတူ ဘယ်လောက်ရရလုပ်တာပါ အမေရဲ့။သားလုပ်နိုင်ပါတယ်´´


အဲနေ့က သားငယ်ဘယ်လိုပဲပြောပြော မတူး အိမ်ဆီရောက်အောင် ဆွဲခေါ်နိုင်ခဲ့တယ်။ အဲနေ့ညနေမှာပဲ သားငယ်ကို အလုပ်စပ်ပေးတဲ့ မတုတ်မက မတူးအိမ်ကိုရောက်လာတယ်။


“ဒီမှာ …မတူး

ညည်းတို့သားအမိ ငါတို့မျက်နှာပျက်အောင်လုပ်လိုက်တာလား။ငါသားတို့သူဌေးက မင်းအမေ ဘယ်လိုကောင်ကို အလုပ်သွင်းပေးတာလဲ ဆိုပြီးအပြစ်တင်တယ်တဲ့။

အစကတည်းက မလုပ်နိုင်ရင် မလုပ်နဲ့လေ။ငါ့မှာတော့ လာလျှောက်တဲ့သူတွေထဲကမှ ငါ့သားသူငယ်ချင်းဆိုပြီးညည်းသားအလုပ်ရအောင် သူဌေးကိုမျက်နှာချိုသွေးခဲ့ရတာ။ဘာလဲ မင်းက…မလုပ်နိုင်လို့ အမေကိုစစ်ကူတောင်းပြီးအလုပ်ထွက်ဖို့လာပြောခိုင်းတာလား´´


ရောက်ရောက်ချင်း စကားကိုတရစပ်ပြောရုံတင်မကဘူး ။ထိုင်ခုံမှာထိုင်နေတဲ့ သားဆီ လက်ညှိုးထိုးပြီးပြောလိုက်တာမို့ သမီးကြီးကို အဝတ်ရေကူလျှော်နေတဲ့မတူး လုပ်လက်စကို ရပ်တန့်လိုက်တယ်။ အစတုန်းကတော့ မပြောတော့ဘူးဆိုပြီးပါးစပ်ပိတ်နေလိုက်ပေမဲ့ တော်တော်နဲ့ ရပ်တန့်မယ့်ပုံတော့ မပေါ်ဘူး။ မတူး ထဘီကိုပြင်ဝတ်လိုက်တယ်။ အဝတ်ကိုရေအနှစ်မှာလျောကျလာလို့ စိုသွားတဲ့အင်္ကျီ လက်ဖျားတစ်ဖက်ကို လက်နဲ့အပေါ်တွန်းတင်လိုက်တယ်။


“ဒီမယ်… မတုတ်မ။

ငါ့သားက အလုပ်ထွက်ချင်တာမဟုတ်ဘူး။ ငါက မလုပ်ခိုင်းတာ။ အဲလောက်ပင်ပင်ပန်းပန်းနဲ့ ကုန်ထမ်း အလုပ်ကြမ်းတော့ ငါမခိုင်းနိုင်ဘူး´´


မတူး စကားကို မတုတ်မက ဟက်ခနဲ သရော်ရယ်ရယ်ပြီး….


“အမလေးလေး..ကြီးကြီးကျယ်ကျယ်နဲ့။ အခုခေတ် အလုပ်ရှာရခက်တဲ့အချိန်မှာ ညည်းသားလို ဆယ်တန်းတောင်မအောင်တဲ့ကောင် ချက်ချင်းအလုပ်ရတာများ

အရိုးများသေး ချေးခါးသေးနဲ့။အေး…ဆက်မွဲမဲ့ကောင်မရေ ။သားကို ဘုရားလိုကိုးကွယ်လိုက်။ဒါကြောင့်ပြောတာ ခြေနှစ်ချောင်းမကယ်ကောင်းဘူးလို့။ ငါပဲငါတို့သူဌေးနဲ့ မျက်နှာပျက်ရတယ်။´´


“အေး…ညည်းသာ ညည်းသားကိုခိုင်းစား။ငါက ငါ့သားကို …အဲလိုမခိုင်းစားနိုင်ဘူး။ကိုယ့်သားတွေပင်ပန်းနေတာတော့ ငါကကြည့်မနေနိုင်ဘူး..ကောင်မရဲ့´´


မတူးလေ တစ်ခါမှ ဘယ်သူကိုမှ အဲလိုရန်မထောင်ဖူးပါဘူး။ဒါပေမဲ့ သားဇောဆိုတော့ မတူးလည်းပြောင်းလဲမိတာပဲ။


မတူး သားကို အလုပ်ကနေသွားခေါ်တုန်းက သားငယ်ရဲ့သူငယ်ချင်း မတုတ်မရဲ့သားလေးက အားကျတဲ့မျက်ဝန်းလေးနဲ့ကြည့်နေတာ မတူးတွေ့ခဲ့ရတယ်။


“မင်းအမေက သိပ်ချစ်တာနော်´´ဆိုတဲ့စကားသံလေးကတိုးပေမဲ့ မတူးကြား ဖြစ်အောင်ကြားလိုက်ရပါသေးတယ်။ ပင်ပန်းလို့ အလုပ်ထွက်ချင်ပေမဲ့ မတုတ်မက မထွက်ခိုင်းဘူးဆိုတဲ့ မတုတ်မသားရဲ့ရင်ဖွင့်သံလေး သားငယ်ဆီကကြားခဲ့ရတာ။မတူး တကယ်စိတ်မကောင်းပါဘူး။


မတူးမှာတော့ သားငယ်အလုပ်ထွက်မယ်ဆိုတဲ့နှုတ်ထွက်စကားထွက်မလာခင်ကတည်းက ပင်ပန်းစွာအလုပ်လုပ်နေတဲ့သားကို အဝေးကမြင်လိုက်ရရုံနဲ့ ရင်တွေနာလှပြီ။

ကုန်ထမ်းသမားဆိုတာ ကလေးတွေအဖေတစ်ယောက်

တည်းနဲ့ လုံလောက်ခဲ့ပြီ။ ခါးချိအောင်ထမ်းပိုးရတဲ့ဘဝကို သားတို့ဘဝ မကြုံစေချင်ဘူး။


မတူးမှာသားသမီးသုံးယောက်ရှိတယ်။သားနှစ်ယောက် သမီးတစ်ယောက်။သားဦး သမီးကြီးက ရှစ်တန်းတစ်နှစ်ကျလို့ ကျောင်းဆက်မတက်တော့ဘဲ ညနေပိုင်းလမ်းထိပ်ဘက်ထွက်ပြီး မတူးအကြော်ကြော်ရောင်းတာကိုကူပေးတယ်။


သားကြီးကအဝေးသင်ဒုတိယနှစ်တက်ကတည်းက ရေသန့်စက်ရုံမှာ ရေသန့်ပို့တဲ့အလုပ်ဝင်လုပ်တာ။အဲဒီတုန်းကလည်းမတူးငိုခဲ့ရတာပဲ။ မတူးတို့လမ်းထိပ်ကုန်စုံဆိုင်ကို သားကြီးက ရေသန့်ဘူးပခုံးမှာထမ်းပြီး ပို့တာမြင်ခဲ့တော့ သားကြီးကို အလုပ်ပြောင်းဖို့ မတူးပြောခဲ့သေးတာ။ဒါပေမဲ့ အဲတုန်းက သားငယ်လိုမျိုး လက်ဆွဲပြီးမတူး မခေါ်ခဲ့နိုင်ဘူး။ကလေးတွေအဖေ ဆေးရုံတင်ထားရတော့ ငွေလည်းလိုနေခဲ့တာကိုး။ အဆင်ပြေပါတယ်ဆိုတဲ့ သားကြီးစကားတွေရယ်၊သားငယ်ထက် ခန္ဓာကိုယ်ခပ်တောင့်တောင့်ရှိတဲ့ သားကြီးပုံစံကြောင့် မတူးခေါင်းညိတ်ခဲ့မိတယ်။


သားကြီးတတိယနှစ်မှာ သားကြီးတို့အလုပ်ရှင်က ကားမောင်းသင်ခိုင်းတယ်။သားကြီးလည်း ကားမောင်းတတ်ရော ဒရိုင်ဘာသီးသန့်ရှာစရာမလိုတော့ဘူးဆိုပြီး သူတို့အလုပ်ရှင်က လိုက်ထရပ်တစ်စီးပေးပြီး မြို့သစ်တကြော ရေသန့်ပို့တာဝန်ပေးလိုက်တာ။ လစာလည်း အရင်ကထက်ပိုရလာတာပေါ့။ ချောင်လည်တဲ့အဆင့်ကနေ ပိုလျှံတဲ့အဆင့်ဆီ မတူးတို့ ခြေတစ်လှမ်းစနေရပြီ။

ဘာပဲဖြစ်ဖြစ်သားငယ်ကို ဒီနှစ်ဆယ်တန်းပြန်ဖြေခိုင်းရမယ်။


မိုးလေးကဖွဲဖွဲကျလို့။ ဒီညနေလူလည်းသိပ်နေမကောင်းချင်တာမို့ အကြော်ဆိုင်မထွက်တော့ဘူးဆိုပြီး မတူး အိပ်ရာထဲလှဲနေမိိတယ်။


“မတူးရေ…မတူး´´


အိပ်မက်လိုလို၊အပြင်ကခေါ်တာလိုလိုနဲ့ တကယ်မျက်လုံးပွင့်လာတော့ သမီးက မတူးအနားရောက်နေတယ်။


“အမေ…နိုးပြီလား။

ရပ်ကွက်လူကြီး ဦးလေးစိုးမောင်တို့ ရောက်နေလို့´´


မတူးအိပ်ရာကထပြီး အိမ်ရှေ့ခန်းထွက်လာခဲ့တယ်။ရပ်ကွက်လူကြီးတို့နဲ့အတူ မတူးမသိတဲ့ အမျိုးသမီးနှစ်ယောက်ကိုလည်းတွေ့ရတယ်။


“ဒါ… ရဲဇော်နိုင်ရဲ့ အမေ ဒေါ်တူးတူးတဲ့´´


ရပ်ကွက်လူကြီးက မတူးကိုမြင်တာနဲ့ အဲ့အမျိုးသမီးနှစ်ယောက်ကို ပြောလိုက်တယ်။ သားငယ်နာမည်တပ်ပြီး မတူးကြားလိုက်တာမို့ မတူးရင်ထဲထိတ်ခနဲဖြစ်သွားတယ်။ မနက်အစောကတည်းက ကျူရှင်ကိစ္စသွားစုံစမ်းမယ်ဆိုပြီး သားငယ်ထွက်သွားတာပဲ။


“လူကြီး….ကျမသား ဘာဖြစ်လို့လဲ´´


မတူးရဲ့စိုးရိမ်သံထဲ ဖြတ်ဝင်လာတဲ့တစ်ဖက်က အမျိုးသမီးတစ်ဦးရဲ့အသံက နွေခေါင်ခေါင်မှာပစ်လိုက်တဲ့မိုးကြိုးလိုပါပဲ။ပူလောင်နေတဲ့အချိန်မှာ တုန်ဟီးကြောက်လန့်စရာကောင်းပါတယ်။


“ရှင့်သား…ကျမသမီးကို ခိုးသွားတယ်။ရှင့်သားကို သွေးဆောင်ဖျားယောင်းမှုနဲ့ ထောင်ချပစ်မယ် သိလား။´´


“ရဲဇော်နိုင်ဆိုတဲ့ကောင်လေးက ငါတို့တူမကျူရှင်အထိ လာခေါ်သွားတာတဲ့။ငါတူမက ခုမှ ဆယ်တန်းတက်နေတာ။ညည်းသားကို ဘယ်လိုဆုံးမသွန်သင်ထားတာလဲ။

သူများသားသမီးက အညွန့်နဲ့အတက်နဲ့။ညည်းသားလို ဆယ်တန်းအခါခါကျနေတဲ့သူမဟုတ်ဘူး။ငါ့တူမလေးကို ညည်းတို့ ဒီနေ့တွေ့အောင်ရှာပေးပါ။ မဟုတ်လို့ကတော့ ငါတို့ရဲတိုင်ပစ်မယ်´´


အဲဒီတုန်းက မတူးလေ ဘာမှမပြောနိုင်ဘဲ မျက်ရည်တွေတွေပဲ ကျနေမိတယ်။ရပ်ကွက်လူကြီးနဲ့ အဲ့ဒီအမျိုးသမီးတွေပြန်သွားတဲ့အထိ မတူးဝမ်းနည်းစွာ ငိုနေမိတုန်းပဲ။သားကြီးအလုပ်ကပြန်ရောက်လာတော့ မတူးနဲ့ သားငယ်သူငယ်ချင်းတွေ၊အသိတွေဆီ တရုတ်စက်ဘီးလေးနဲ့ မမောနိုင်မပန်းနိုင် သားကြီးနင်းပြီးလိုက်ပို့ပေးရှာတာ။


နောက်ဆုံး အောင်ပင်လယ်ဘက်က သားငယ်သူငယ်ချင်းတစ်ယောက်ဆီက သားငယ်တို့ရှိတဲ့နေရာကို သိခွင့်ရတာ။စဥ့်ကိုင်ဘက်မှာ သားငယ်တို့ရှိတယ်ဆိုတဲ့အကြောင်း သိရတော့ ညနေခြောက်နာရီကျော်ပြီ။


မတူးတို့သားအမိတွေ အိမ်အနီးက ခွေးဘီလူးငှားပြီး သားငယ်တို့ရှိတဲ့ဆီ ညတွင်းချင်းလိုက်သွားတယ်။ကောင်မလေးကဖြူဖြူချောချောလေး။သားငယ်နဲ့အတူတွဲမြင်လိုက်ရတော့ မတူးရင်ထဲခံစားရတာတစ်မျိုးကြီးပဲ။ဝမ်းနည်းလာသလိုလို နှမြောတာလိုလိုနဲ့ ခံစားချက်တွေလည်းရောထွေးနေပါတယ်။


သားငယ်ရဲ့နှုတ်က အမေလို့ခေါ်သံအဆုံးမှာ ကောင်မလေးက သားငယ်ရဲ့နောက် ခန္ဓာကိုယ်တစ်ဝက်ပုန်းကွယ်လိုက်တယ်။မတူးလေ…သားငယ်နဲ့ကောင်မလေးမြင်ရတာတောင် ဘာမှမပြောနိုင်သေးဘူး။


“မြလေးရဲ့မွေးနေ့မို့ စွယ်တော်ဘုရားလိုက်ပို့ပေးရင်း မြလေးတို့အိမ်ဘေးက အန်တီကြီးတွေ့သွားလို့ သူ့မိဘတွေကိုတိုင်မှာကြောက်ပြီး မြလေးကအိမ်မပြန်ရဲတော့ဘူးဆိုလို့ …´´


သားအသံတွေတိမ်ဝင်သွားတယ်။သားရဲ့လက်က ကောင်မလေးလက်ဖဝါးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်။


အဲဒီလိုပဲ… မတူးလည်း ရုတ်တရက်အိမ်ထောင်ကျခဲ့ရတာပါပဲ။ဘဝတစ်ခုကိုထူထောင်ဖို့ ဘာမှပြည့်စုံပြင်ဆင်နိုင်ခြင်းမရှိခင်မှာ ကြောက်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဒေါသကြီးတဲ့ အဖေ့ကိုရင်မဆိုင်ရဲလို့ မတူးလွယ်လွယ်လေးအိမ်ထောင်ကျခဲ့ရတာ။မတူးနဲ့မတူးအစ်မတို့က အဖေ့အုပ်ချုပ်မှုအောက်မှာကြီးပြင်းခဲ့ရတာမို့ အဖေ့ရဲ့လက်သံရော၊အဖေ့ရဲ့စကားသံရောကို အမေ့ထက်ပိုကြောက်ခဲ့ရပါတယ်။


မတူးနဲ့အစ်မက သုံးနှစ်လောက်ကွာပါတယ်။အစ်မတက္ကသိုလ်တက်နေတဲ့အချိန် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြီးလို့ အိမ်တန်းမပြန်ဘဲသူငယ်ချင်းတွေနဲ့ လျှောက်လည်နောက်ကျလို့ဆိုပြီး အစ်မပြန်လာတော့ တုတ်နဲ့ရိုက်လို့ အမေလည်းမဆွဲရဲ ဖြစ်ခဲ့ရတာ။ကျောင်းပိတ်ရက်နဲ့ကြုံခဲ့ရလိုသာ၊အစ်မခြေသလုံး ဒဏ်ကြေလိမ်းဆေးလူးယူခဲ့ရတဲ့အထိကိုဖြစ်ခဲ့တာ။


မတူးဆယ်တန်းနှစ်မှာ သူငယ်ချင်းအောင်သွယ်ကောင်းလို့ ရည်းစားရတယ်။စားပွဲအံဆွဲထဲက ရည်းစားစာအထပ်လိုက်ကို အဖေတွေ့သွားပြီး ပြန်လာရင်တွေ့မယ်ဆိုတဲ့ အဖေ့ကြုံးဝါးသံကို ကျောင်းလာကြိုတဲ့အဖေ့တူမဆီကကြားရပြီး မတူးကြောက်သွားတာ။ဒါကြောင့် အဖေ့တူမကို စာအုပ်ကျန်ခဲ့တယ်ဆိုပြီး ကျောင်းထဲပြန်ဝင် တစ်ဖက်အပေါက်ကနေထွက်ပြီး ချစ်ရသူနောက် မတူးကောက်ကောက်ပါအောင်လိုက်သွားခဲ့တယ်။


အသက်ငယ်ငယ် ပညာမစုံသေးခင် ကြင်ယာစုံသွားတော့ နှစ်ယောက်တစ်ကမ္ဘာဆိုတာ စိတ်ကူးနဲ့တစ်ထပ်တည်းမကျဘူးဆိုတာ မတူးသိလိုက်ရတယ်။အခု …မတူးသားငယ်ရော၊ကောင်မလေးရော …။ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကိုဘယ်လိုဖြတ်သန်းကြမလဲ။


ဟွန်းသံနှင့်အတူ အိမ်စီးကားတစ်စီး ခြံထဲဝင်လာတယ်။

သားငယ်တို့ရှိတဲ့နေရာကို ကောင်မလေးရဲ့မိဘတွေဆီမတူး အကြောင်းကြားခဲ့တယ်။သားတို့ကိုခွင့်လွှတ်ပေးဖို့လည်းမတူး မေတ္တာရပ်ခံခဲ့ပြီးပြီ။


“လာခဲ့…သမီးမိုက်။

မိဘက လိုလေသေးမရှိမြှင့်တင်ပံ့ပိုးပေးထားတာကို ပြာပုံတိုးချင်တာ´´


ကောင်မလေး အဖေထင်ပါတယ်။ကောင်မလေးရဲ့ လက်တစ်ဖက်ကို ဆောင့်ဆွဲလိုက်တာ ကောင်မလေးကိုယ်လုံးလေးက သားနဲ့ဝေးတဲ့ဘက်ရောက်သွားတယ်။မျက်ရည်တွေတွေကျနေတဲ့ကောင်မလေးက ရုန်းကန်ရင်း ကားပေါ်ပါသွားတယ်။ သားငယ်ကနေရာမရွေ့ ရပ်တန့်နေဆဲ။


မတူးတို့သားအမိနား သားငယ်တို့အရွယ်ကောင်လေးရောက်လာတယ်။


“အမေတို့ကိုပြောဖို့ တင်ထွန်းဆီကို ဖုန်းလှမ်းဆက်ပေးတာ သူပဲ အမေ။အမေ…မြလေးအဖေ မြလေးကို မရိုက်လောက်ပါဘူးနော် ။´´


“မိဘတိုင်းကိုယ့်သားသမီးကို သေအောင်မရိုက်ပါဘူးသားရယ်။ မိဘရဲ့အဆူအဆဲ အရိုက်အပုတ်ထက် အချိန်မတိုင်ခင် ဘာမှပြင်ဆင်ခြင်းမရှိဘဲ ဘဝခရီးကို လျှောက်လို့ ပင်ပန်းနာကျင်ရတာက ပိုဆိုးမှာ။´´


အိမ်စီးကားအသံ တဖြည်းဖြည်း ဝေးကွာသွားပြီး ခြံထဲတွင် လူများ၏ အသက်ရှုသံများသာ ကျန်ရစ်ခဲ့တယ်။ မတူးက သားငယ်ကို လှည့်ကြည့်လိုက်တယ်။သားငယ်မျက်လုံးထဲမှာ ဝမ်းနည်းမှု၊ လက်ခံနိုင်မှုနှင့် မပီပြင်သော ရှုပ်ထွေးမှုများ လည်ပတ်နေသည်။ သားငယ်မျက်နှာပေါ်မှ မြင်ကွင်းက မတူးရဲ့ နှလုံးသားကို ထုတ်ချင်းထိုးသကဲ့သို့ နာကျင်စေပါတယ်။


သားငယ်ကိုကြည့်ပြီး မတူးမျက်ရည်များ မထိန်းနိုင်တော့ပါ။ သားငယ်က ခြေလှမ်းတစ်လှမ်း လှမ်းလာပြီး မတူးရဲ့ လက်ကို ဖြေးညှင်းစွာ ဆုပ်ကိုင်တယ်။


“ သား ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။

ချစ်တယ်ဆိုတာ အတူထွက်ပြေးဖို့တစ်ခုတည်း မဟုတ်ဘူး။ တာဝန်ယူနိုင်တဲ့ အင်အား၊ အတူရင်ဆိုင်နိုင်တဲ့ ရင့်ကျက်မှုရှိဖို့ လိုတယ်။ ဒါတွေ တစ်ချိန်တော့…မြလေးလည်း နားလည်လာမှာပါ´´


မတူးက သား၏ လက်ကိုဆုပ်ကိုင်ရင်း ပြောလိုက်တယ်။


“တခဏ သား…တွေဝေသွားခဲ့တယ် အမေ။ တကယ်တော့…ဖြစ်ချင်တာ တစ်ခုတည်းနဲ့ ဘဝက ပြည့်စုံလာမှာမှမဟုတ်တာ။ဒီအချိန် သားတို့နှစ်ယောက် ဘဝတစ်ခုစဖို့ မဖြစ်နိုင်သေးဘူး။ဖြစ်သင့်တာတွေ လုပ်ရမှာလေ။ သား အလုပ်လည်းလုပ်မယ်။ဆယ်တန်းလည်းပြန်ဖြေမယ် ။မြလေးလည်း ကျောင်းဆက်တက်ဖို့ သူ့မိဘတွေဖြောင့်ဖျမှာပါ။ ရေစက်မကုန်ရင် သားတို့ပြန်ဆုံကြမှာပေါ့ အမေရာ..´´


သားငယ်ရဲ့စကားကို ကြားရတဲ့ အချိန်မှာ မတူးရင်ထဲပူအိုက်သော အရာတစ်ခု ဖြာထွက်လာသလို ခံစားရတယ်။ သား… ရုတ်တရက် ကြီးပြင်းလာပြီပဲ။ အိမ်ပြန် လမ်းတစ်လျှောက်တိတ်ဆိတ်မှုသာ ရှိခဲ့ပါတယ်။အရင်ကထက် သားငယ်ပိုတည်ငြိမ်နေတယ်လို့ မတူးထင်ပါတယ်။


ဘဝမှာ ခက်ခဲသော စိန်ခေါ်မှုများစွာ မတူးကြုံခဲ့တယ်။ဒီအခိုက်အတန့်လေးအတွက်တော့ ကျေးဇူးတင်မိတယ်။ မတူးရဲ့ သားသမီးများက ဒုက္ခများကြားကနေ ခိုင်မာတဲ့ အတောင်ပံတွေနဲ့ ပျံတက်သွားတာကိုပဲ လိုချင်တာ။


ကားပေါ်ကနေ အပြင်ဘက်သို့ မျက်နှာစောင်းလှဲ့ပြီးမတူးကြည့်လိုက်တယ်။ အိမ်တွေဆိုင်တွေမှာ မီးအလင်းတွေ ထွန်းထားပြီ။ အမှောင်ကျလာပေမဲ့လည်း မနက်အလင်းရောင်က ပြန်ရောက်လာမှာ သေချာသလိုပါပဲ ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ ချစ်ခြင်းမေတ္တာ၊ သည်းခံမှု၊ကြိုးစားအားထုတ်မှုတို့နဲ့ အနာဂတ်ကို သားငယ်အကောင်းဆုံး တည်ဆောက်နိုင်မှာကိုတော့ မတူး ယုံကြည်လိုက်ပါတယ်။


ခင်ဦ