ဘဝရထား
-------------
ဘူတာထဲတွင်ထိုင်ကာ ကျွန်တော် ရထားစောင့်နေသည်။
“ဘဝဆိုတာ ရထားကြီးတစ်စင်းပါကွာ”
ကျွန်တော်က ထိုသို့ပြောသံကို ကြားလိုက်ရသဖြင့် နောက်ကိုလှည့်ကြည့်လိုက်မိသည်။ ကျွန်တော့် ကျောဘက်တွင် ထိုင်နေသော ကလေးနှစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။ မည်သည့် ရည်ရွယ်ချက်နှင့် ပြောလိုက်သည့်မသိ။ ဆက်ပြောပါစေ နားစွင့်နေသော်လည်း သူတို့ထံက ဘာမျှ ထပ်မကြားရ။ သူတို့လည်း ကျွန်တော့်လိုပင် ရထားလာမည့်ဘက်ကို ငေးမျှော်ကြည့်နေကြသည်။
မကြာမီ ရထား ဝင်လာသည်။
ကျွန်တော်တို့ ရထားပေါ်တက်ကြသည်။
ရထားကြီးထွက်ပြီ။
ကျွန်တော်က ပြတင်းပေါက်ဘက်တွင်ထိုင်ရင်း အပြင်ကို ငေးကြည့်နေမိသည်။ ကျွန်တော့် နားထဲတွင်တော့ ကလေးတစ်ယောက် ပြောလိုက်သည့်
“ဘဝဆိုတာ ရထားကြီးတစ်စင်းပါကွာ” ဆိုသည့် အသံကိုသာ ကြားနေသည်။
သူက ဘဝကို အဘယ်ကြောင့် ရထားနှင့်တင်စားရသနည်း။ ကျွန်တော်ဆက်တွေးနေမိသည်။
ကျွန်တော်တို့သည် မွေးကတည်းက ရထားကြီးတစ်စီးပေါ်ရောက်လာသည်။ ထိုရထားကြီးပေါ်တွင် ကျွန်တော့် မိဘနှစ်ပါးနှင့် ဆုံတွေ့ရသည်။ ကျွန်တော်သည် မရပ်မနား ပြေးလွှားနေသည့် ရထားပေါ်တွင် မိဘနှစ်ပါးနှင့် အတူတူ ထိုင်ပြီး လိုက်လာသည်။
လူတွေ တက်လာကြသည်။ ကျွန်တော် ငေးကြည့်နေမိသည်။ တက်လာသော သူများထဲတွင် ကျွန်တော့် ညီအစ်ကိုမောင်နှမတွေပါသည်။ မိတ်ဆွေ သူငယ်ချင်းတွေပါသည်။ ကလေးတွေပါလာသည်။ ကျွန်တော့် ဘဝတွင် ချစ်ခင်ရသော သူပေါင်းများစွာ ပါလာသည်။ သူတို့လည်း သူတို့ ထိုင်ခုံလေးတွေမှာ ကိုယ်စီ ထိုင်နေကြသည်။
သို့သော်
ဘူတာတစ်ခုသို့ ရောက်သောအခါတွင် အမေကဆင်းသွားသည်။
“အမေ ဘယ်သွားမလို့လဲ”
ကျွန်တော်က ရထားပေါ်မှ အော်လိုက်သည်။ အမေက လက်ပြပြီး ကျန်ခဲ့သည်။
နောက် ဘူတာတစ်ခုသို့ရောက်ပြန်သည်။ အဖေက တိတ်တိတ်လေး ဆင်းသွားပြန်သည်။ ရထားအောက်မှ
“သားရေ” ဟုခေါ်မှ ကျွန်တော် သိလိုက်သည်။
ရထားကထွက်ပြီ။ အဖေကလည်း လက်ပြကျန်ခဲ့သည်။ ကျွန်တော်တစ်ယောက်တည်း ရထားကြီးတွင် ကျန်ခဲ့သည်။ ရထားက ဆက်ပြီးခုတ်မောင်းနေသည်။
အချိန်တွေ ကုန်သွားသည်။ အဖေနှင့်အမေကို လွမ်းဆွေးနေစဉ်မှာပင် ဘူတာတစ်ခုကို ရောက်တိုင်း လူတွေ ဆင်းသွားသည်။ လူတွေထပ်တက်လာကြသည်။
ကြည့်နေရင်းကပင် သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ကုန်ကြသည်။ သူတို့ သွားလိုသည့် ဘူတာကိုရောက်သည့်အခါ အသီးသီး ဆင်းသွားကြသည်။ နှုတ်ဆက်သွားသည်လည်းရှိ။ တိတ်တိတ်လေး ဆင်းသွားသူတွလည်း ရှိသည်။ တွဲထဲတွင် တဖြည်းဖြည်း လူစိမ်းတွေ များလာသည်။ သို့သော် သူတို့လည်း ကြာလာသည့်အခါ ရင်းနှီးလာပြီး ပြုံးကြ၊ ပျော်ကြ၊ ငိုကြ၊ ရယ်ကြသလို ကိုယ်လည်း လိုက်ပါခံစားနေမိသည်။ တဖြည်းဖြည်း ထိုင်ခုံလွတ်တွေ များလာသည်။
ရထားကြီးက မနေနား ခုတ်မောင်းနေသည်။ ဦးသုခသီချင်းကို ကျွန်တော် တိုးတိုးလေး ညည်းနေမိသည်။
“ဘဝသံသရာ ... ရှည်လျား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ။ ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ”
“ထိုင်မယ်နော်”
တစ်ယောက်သောသူက ကျွန်တော့်ဘေးက လွတ်နေသည့်ခုံကို ရည်စူးကာ ပြောလိုက်ခြင်းဖြစ်သည်။
“ထိုင်လေ”
ကျွန်တော့်ဘေးတွင် သူက ထိုင်လိုက်သည်။ သနပ်ခါးနံ့လေးသင်းသဖြင့် ကြည့်လိုက်မိသည်။ သူက ကျွန်တော့်ကို ပြုံးပြလိုက်သည်။ ကျွန်တော်ကလည်း ပြန်ပြုံးပြလိုက်သည်။
“ဘယ်သွားမှာလဲ”
သူက ကျွန်တော့်ကို တိုးတိုးလေးမေးသည်။ ကျွန်တော်က
“သံသရာ” ဟု တိုးတိုးလေး ဖြေလိုက်သည်။
ရထားကြီးက ဆက်ထွက်လာသည်။ သူက ကျွန်တော့် ပခုံးလေးကို မှီကာ အိပ်ပျော်နေသည်။ ကျွန်တော်ကလည်း သူနိုးမည်စိုးသဖြင့် ငြိမ်နေလိုက်သည်။ သူက ဆတ်ခနဲ လန့်နိုးသွားကာ
“ဘယ်ရောက်နေပြီလဲ” ဟု မေးသည်။
ကျွန်တော်က
“သံယောဇဉ်ဘူတာကိုရောက်တော့မယ်” ဟု ပြောလိုက်သည်။
“သွားတော့မယ်”
သူက ကျွန်တော့်ဘေးမှ ထသွားသည်။ ရထားကြီးကရပ်လိုက်သည်။ ကျွန်တော်က ပြတင်းပေါက်မှကြည့်လိုက် သည်။ သူက လက်ပြကျန်ခဲ့ ပြန်သည်။
ရထားကြီးဆက်ထွက်လာသည်။ ကျွန်တော့် ရင်ထဲတွင် ပူဆွေးခြင်းအတိဖြင့် လေးလံနေသည်။ အခြား ထိုင်ခုံမှ လူတွေက ပျော်လိုက်၊ အော်လိုက်၊ ရယ်လိုက်၊ စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်ဖြင့် လိုက်ပါ လာကြသည်။
ကျွန်တော်က ရထားကြီးကို ရပ်နေစေချင်သော်လည်း ရထားကြီးက တစ်ယောက်ဆင်း၊ တစ်ယောက်တက် ဆက်လက် ထွက်ခွာနေသည်။
ရထားပေါ်တွင် လူတွေ လူတွေ၊ ဘယ်ဘူတာဆင်းပြီး၊ ဘယ်ဘူတာက တက်လာကြသည်မသိနိုင်တော့ပြီ။ သို့သော် သူတို့ထိုင်နေသည့် ထိုင်ခုံတွေကို သူတို့မပိုင်။ အချိန်တန် ထားခဲ့ကြသည်။ တက်လာသူတွေကလည်း လွတ်သည့်နေရာများတွင် ဝင်ထိုင်လိုက်ကြသည်။ ငါထိုင်သည့်ခုံ ငါပိုင်သည်ဆိုကာ ထိုင်သာထိုင်နေကြသည်၊ ဆင်းရမည့် ဘူတာရောက်သော် ထိုထိုင်ခုံကိုထားခဲ့ကြရသည်သာ။
ကျွန်တော်ဆင်းရမည့် ဘူတာမှာ “သံသရာ” ဘူတာဖြစ်သည်။
ထိုဘူတာနှင့် နီးပြီထင်သည်။
ထိုစဉ် ရထားလက်မှတ်စစ်က တက်လာသည်။ လက်မှတ်စစ်က အဖြူရောင် ဝတ်စုံနှင့်မဟုတ် အနက်ရောင် ဝတ်စုံနှင့် ဖြစ်သည်။
သူက ခရီးစဉ်တွင် လိုက်ပါလာသူများကို လက်မှတ်စစ်ပြီး ဘူတာလွန်ကာ လိုက်ပါလာသူတွေကို တစ်ယောက်ပြီး တစ်ယောက် မောင်းချနေသည်။
ကျွန်တော့်အလှည့် ရောက်လာသည်
“လက်မှတ်”
ကျွန်တော် လက်မှတ်ထုတ်ပြရန် ရှာလိုက်သည်။
ကျွန်တော် လက်မှတ်ပျောက်နေသည်။
တင်ညွန့်
၂၄.၁၀.၂၀၂၃