အများနောက် အမှားပါ

 အများနောက် အမှားပါ

---------------------------

ဘုန်းကြီးကျောင်းတွင် ရွာသားများ စုဝေးနေကြသည်။ ယနေ့အစည်းအဝေးမှာ တံတားဆောက်လုပ်ရေးကိစ္စ ဖြစ်သည်။ သဖန်းကုန်းနှင့် ခလက်ရွာနှစ်ရွာကြားတွင် ချောင်းလက်တက်လေးတစ်ခုရှိသည်။ ထိုချောင်းမှာ မိုးတွင်း ရေကျလာလျှင် ဖြတ်ကူးရန်မဖြစ်နိုင်သောကြောင့် သဖန်းကုန်းရွာအလယ်တန်းကျောင်းကို ကျောင်းသားတွေ မလာနိုင်လောက်အောင်ဖြစ်ရသည်။


ထို့ကြောင့် ကျောင်းအုပ်ဆရာကြီး ဦးလှဆောင်ကကြီးမှူးပြီး တံတားတစ်စင်းဆောက်ရန် စည်းရုံးလှုံ့ဆော်မှုဖြင့် ရွာနှစ်ရွာမှ ရွာသားများ သဖန်းကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို ရောက်နေကြခြင်းဖြစ်သည်။


“ကဲ … ကဲ … ရွာနှစ်ရွာထည့်ဝင်ပေးရမယ့်ငွေကိုလည်း သတ်မှတ်ပြီးပြီ။ သတ်မှတ်ရက်အတိုင်း ရွာဥက္ကဋ္ဌတွေ ဆီကို မပျက်မကွက် အပ်နှံကြ။ တံတားအတွက်လိုတဲ့ သစ်တွေအတွက်ကတော့ ဆွမ်းစားကျောင်းဟောင်းကို ဖျက်ပြီး သုံးလိုက်ကြ။ လိုတဲ့ငွေကိုလည်း ဘုန်းကြီးကစိုက်ထုတ်ပေးမယ် ဟုတ်ပြီလား”


ရွာနှစ်ရွာလုံး ဆရာတော်မိန့်မှာချက်ကို သဘောကျနှစ်သက်ကြသည်။


“ကိုင်း နောက်ဆုံးအနေနဲ့ ဘယ်နေရာမှာ တံတားဆောက်မလဲဆိုတာ သတ်မှတ်ကြတော့”


အားလုံးကချောင်းဆီသွားကာ တံတားဆောက်ရမည့်နေရာကို တစ်ယောက်တစ်ပေါက် ပြောကြသည်။


“ဟောဒီနေရာက ချောင်းရဲ့ အကျဉ်းဆုံးနေရာ ဒီနေရာမှာ ဆောက်တာပေါ့”


ရွာနှစ်ရွာလုံးက သဘောတူကြသည်။ သို့သော် ဆရာကြီး ဦးလှဆောင်က


“ဒီနေရာဟာ အကျဉ်းဆုံးဆိုပေမယ့် ရေစီးအသန်ဆုံးနေရာ။ မြေသားအနေအထားကလည်း နှစ်တိုင်းကမ်းပါး ပြိုတော့ တံတားအတွက်မကောင်းဘူးပေါ့။ တပည့်တော်ကတော့ ဟိုကွင်းစပ်ကနေ ခလက်ရွာညောင်ပင်စပ် အထိ တံတားထိုးရင် ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်ဘုရား” ဟု လျှောက်လေသည်။


ဤတွင် ရွာသားတွေအကြီးအကျယ်စကားများကြတော့သည်။


“တံတားကပိုရှည်တော့ အကုန်အကျများတယ်”


“လမ်းက လယ်ကွင်းကိုဖြတ်ရမှာဆိုတော့ ကျုပ်လယ်အထိမခံနိုင်ဘူး”


လူတိုင်းက ကိုယ့်လယ်မြေလေးမပါရေးအတွက် လွတ်လပ်သည့် ချောင်းအကျဉ်းဆုံးနေရာကိုသာ ဆန္ဒပြုကြ သည်။ နောက်ဆုံး တစ်ရွာလုံးနှင့် ဆရာကြီးဦးလှဆောင်တစ်ယောက်ဖြစ်ကာ အရှုံးပေးလိုက်ရသည်။


ကျွန်တော်နှင့်ဆရာကြီး ကျောင်းကို အတူတူပြန်လာကြသည်။


“ဆရာကြီး ကျွန်တော်ကတော့ ဆရာကြီး အဆိုပြုတဲ့နေရာကို သဘောကျတယ်။ အဲဒီနေရာဆိုရင် ချောင်းဝ နဲ့လည်းဝေးတယ်။ တံတားကလည်းပိုရှည်ပြီး ပိုလှမယ်ထင်တယ်နော်။ ကျောင်းဟောင်းကြီးကို ဖျက်လိုက်ရင် သစ်တွေအများကြီးဟာ လောက်ပါတယ်ဗျာ” ဟုပြောမိသည်။


ဆရာကြီးက


“ဘယ်တတ်နိုင်မလဲဗျာ … များတဲ့ဘက်နိုင်တော့တာပေါ့”


ဤသို့ဖြင့် ရွာနှစ်ရွာနှင့်ဆရာတော် သဘောကျသည့် နေရာတွင် တံတားဆောက်ကြသည်။ တံတားဆောက် ချိန်မှာ နွေရာသီဖြစ်သဖြင့် ပြဿနာမရှိ။ ထိုနှစ်မိုးတွင်းသည် မိုးအလွန်ကောင်းသည်။ ဆောက်ထားသည့် တံတားမြုပ်သည်။ ကမ်းတွေပြိုပြီး တံတားကြီးလည်း ရေစီးနှင့် မျောပါသွားတော့သည်။


ကျွန်တော်ဆရာကြီး ဦးလှဆောင်ပြောသည့် စကားကိုနားထဲကမထွက်။


“ဘယ်တတ်နိုင်မလဲဗျာ … များတဲ့ဘက်နိုင်တော့တာပေါ့” ဆိုသည့်စကားဖြစ်သည်။


"If you want to be wrong, then follow the masses." ဆိုသည့် ဆိုကရေးတီးခေတ်စကားလေးတစ်ခွန်းကို သတိရမိသည်။


“မှားချင်လျှင် အများနောက်လိုက်” ဟူ၍ဆိုရမည်ထင်ပါသည်။


ဆိုကရေးတီးသည် လူငယ်တွေကိုသင်ကြားရာ၌ ပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ


“Question everything” ဖြစ်သည်။


သူက ဘာကိုမျှအလွယ်မယုံခိုင်း။ “အရာရာကိုမေးခွန်းထုတ်ပါ” ဟု အမြဲပြောသည်။ ထို့ပြင် သူပြောလေ့ရှိသည့် အခြားစကားတစ်ခွန်းမှာ


“Don't follow the crowd” ဖြစ်သည်။


ဆိုကရေးတီးဆိုလိုချင်သည့်သဘောမှာ “လူများစုနောက်မလိုက်နဲ့” ဟုပြောလိုခြင်းဖြစ်သည်။ များတိုင်းမှန်နိုင် သလား စဉ်းစားစရာဖြစ်သည်။ လူအများစုလက်ခံယုံကြည်ထားသည့် အယူအဆတွေ၊ အစဉ်အလာတွေ၊ ခေတ်စကားနှင့်ပြောရလျှင် “ဂျင်း” တွေကို ကျွန်တော်တို့ မျက်ကန်းတစ္ဆေလိုမယုံကြည်ဘဲ ဝေဖန်ပိုင်းခြား နိုင်သည့် ကိုယ်ပိုင်အတွေးအမြင်ဖြင့်သာ ယုံကြည်ကြရန် ဆိုကရေးတီးက တိုက်တွန်းခြင်းဖြစ်သည်။


ဆိုကရေးတီးက လူတစ်ယောက်သည် မှန်ကန်သည့်လမ်းကိုလျှောက်လှမ်းနိုင်ရန်အတွက် ကိုယ်ပိုင်ဉာဏ်နှင့် ရှာဖွေနိုင်ရမည်။ “အများနောက်အမှားပါ” မျက်စိမှိတ်ယုံကြည်လိုက်လျှင် အမှားကိုရောက်သွားနိုင်သည်ဟု အမြဲ သွန်သင်သည်။


လူအများဆုံးဖြတ်ချက်သည် မှန်ကန်မှုရှိနိုင်သလား စဉ်းစားစရာဖြစ်သည်။ အများဆုံးဖြတ်ချက်တိုင်းသည် တစ်ဦးချင်းကိုယ်ပိုင်အတွေးအခေါ်များတွင် အခြေခံချင်မှခံမည်။ အကြောက်တရား သို့မဟုတ် ကိုယ်ကျိုးစီးပွား သို့မဟုတ် ဝါဒဖြန့်မှုတွေကြောင့် ဟုတ်နိုးနိုးတွေနှင့် “ထောက်ခံပါတယ်” ဖြစ်သွားလျှင် မည်သို့လုပ်မည်နည်း။ 


ဘုရားရှင်ကိုယ်တော်တိုင်က


သင်တို့သည်


သူတစ်ပါးပြောသံကြားကာမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


အစဉ်အဆက် စကားမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


ပိဋကတ်စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


ကြံတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


နည်းမှီးယူခြင်းဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


ငါတို့ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့်တူညီပေသည်ဟူ၍လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန် လင့်ဦး


မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦး


ငါတို့လေးစားထိုက်သော ရဟန်း၏စကားဟူ၍လည်း ဟုတ်ပြီ၊ မှန်ပြီဟု အတည်မယူကုန်လင့်ဦးဟူ၍ ဟောကြားတော်မူခဲ့သည်ကို ဆင်ခြင်လိုက်လျှင် ရှင်းပေလိမ့်မည်။


ဘုရားရှင်က


ဤတရားတို့ကား အကုသိုလ်တရား


ဤတရားတို့ကာ အပြစ်ရှိသောတရား


ဤတရားတို့ကားပညာရှိတို့ ကဲ့ရဲ့အပ်သောတရား


ဤတရားတို့ကိုပြည့်စုံစေအပ်၊ ဆောက်တည်အပ်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှာ၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်လျှင် သင်တို့သည် မိမိကိုယ်တိုင်ပင် သိသောအခါ ပယ်စွန့်ကုန်ရာ၏ ဟူ၍လည်း မိန့်တော်မူခဲ့ပါသည်။


ကျွန်တော်တို့ရင်းနှီးနေသည့်စကားမှာ


“စကားနောက် တရားပါ” ဖြစ်သည်။


သို့သော်


“အများနောက် အမှားပါ” တတ်သည်ကိုလည်း သတိမူရာသည်။


(ရည်ညွှန်း-အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ မဟာဝဂ်၊ ဘဒ္ဒိယသုတ်)


တင်ညွန့်


၂၄.၉.၂၀၂၅