သူခိုး လူဟစ်
------------
စစ်သူကြီး သီဟဗလသည် သူ၏အိမ်တော်သို့ အမတ်မင်း ပညာသုတအားဖိတ်ကာ ထမင်းကျွေးလေသည်။ သူတို့သည် ငယ်သူငယ်ချင်းများလည်းဖြစ်သည့်အပြင် တစ်ဦးကစစ်ရေး၊ တစ်ဦးက ပညာရေးကြောင့် မင်း၏ မြှောက်စားခြင်းကို ခံရသူများလည်းဖြစ်သည်။
ညစာစားပွဲကား သူငယ်ချင်းနှစ်ဦးအတွက်သာ အထူး စီမံထားသည့်ပွဲဖြစ်သည်။
“အလို … ကိုရင်သီးရယ် … ကိုရင်တယ်ချမ်းသာပါလား။ ထမင်းဝိုင်းက ရှိရှိသမျှ ပန်းကန်၊ ခွက်၊ ဇွန်း အားလုံးဟာ ငွေတွေချည်းပါလား”
သူငယ်ချင်း အချင်းချင်းဖြစ်သောကြောင့် ငယ်အမည်များကိုသာခေါ်က အားရပါးရပြောကြလေသည်။
“အင်း … မန်းကြင်ရယ် ငွေခွက်တွေလောက်နဲ့ ကျေနပ်ရတာပေါ့ဗျာ … အမှန်တော့ ရွှေခွက်လည်း လုပ်နိုင်ပါ့။ ဒါပေမယ့် ဘုရင်ထီးဘုရားကို ပြိုင်သလို ဖြစ်နေမှာနော့် … ဒီတော့ မလုပ်ရဲပေဘူးဗျ”
“မလုပ်တာ ကောင်းပါလေ့ … ဆင်ခြင် … ကိုယ့်ရှိတာ အရမ်းထုတ်ကြွားဖို့ မတော်ဘူးလေ … ပြီးတော့ ကိုရင့် သတင်းကလည်း မွှေးသပေါ့”
သူတို့ ထမင်းများ စားသောက်နေသည်ကို စားပွဲထိုးနေသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ မန်းကြင်က အမျိုးသမီးကို အကဲခတ်နေသည်။ အမျိုးသမီးကလည်း မန်းကြင်ကို မပြတ်ကြည့်နေသည်။
“ကိုရင်တို့များ ကံကောင်းပေါ့ … ဒီလောက် ဟင်းချက်ကောင်းတဲ့ အိမ်ဖော်ကို ရထားတာပဲ”
“တောကခေါ်ထားရသဗျ … မန်းကြင်သိတဲ့အတိုင်း ကိုရင့်ညီမ ကျွန်တော့်မိန်းမကလည်း ငယ်ငယ်လေးကတည်းက ခြေမွှေး မီးမလောင် … လက်မွှေးမီးမလောင် ကြီးပြင်းလာခဲ့ရတာဆိုတော့ သူ့ကိုပဲ အားကိုးနေရသပ”
စားသောက်ပြီးနောက် မိုးချုပ်သွားသဖြင့်
“မန်းကြင်ရေ … ဒီညတော့ အိမ်မှာပဲအိပ်တော့ မိုးလင်းမှပြန်”
“ကောင်းသပ … မိုးလင်းရင် ညီလာခံဝင်ဖို့ကလည်း ရှိနေတော့ မင့်အိမ်မှာပဲ အိပ်သွားတာကောင်းမယ်”
နောက်တစ်နေ့နံနက်တွင် အိမ်ဖော်အမျိုးသမီးကြီးက စစ်သူကြီးကို လျှောက်လေသည်
“စစ်သူကြီးရှင့် မပြောမဖြစ်လို့ ပြောရပါတော့မည် … ညက ထမင်းဝိုင်းတွင် တည်ခင်းထားသည့် ငွေဇွန်းကြီး တစ်ချောင်း ပျောက်နေပါတယ်”
“အလိုကွယ် … ဒီအိမ်မှာ ဘယ်သူရှိလို့လဲ … နင်ပဲ မီးဖိုချောင်ကိစ္စ စီမံနေတာမဟုတ်လား”
“ထမင်းဝိုင်းမှာ စစ်သူကြီး သူငယ်ချင်းကို မသင်္ကာလို့ သတိထားမိပါတယ်။ သူက ပုဆိုးထဲဝှက်ယူသွားတာ မြင်လိုက်ပေါ့”
“အလို မယ်မင်း ကြည့်ပြောကွယ် … မင်းတိုင်ပင် အမတ်ကွယ့်။ နှယ်နှယ်ရရမဟုတ်ဘူး။ ပြီးတော့ သူ့အကြောင်း ငါကောင်းကောင်းသိပေါ့။ ဒီလိုလူစားမဟုတ်ပါဘူး”
“ကျွန်မ မျက်စိနဲ့ တွေတာပါ … မယုံလည်း မတတ်နိုင်ပါ”
ပညာသုတအမတ်ကြီးက ပြန်ရန်ပြင်နေစဉ် သီဟဗလက အနားကပ်ပြီး
“သူငယ်ချင်းရေ … အားနာနာနဲ့ ပြောရတော့မှာပဲ … ညက ထမင်းဝိုင်းမှာ ငွေဇွန်းကြီးတစ်ချောင်း ပျောက် သွားလို့ကွယ်”
“အလို … မင့်အိမ် သူခိုးဝင်သလား”
“သူခိုးမဝင်ပါ … ငါ့ အိမ်ဖော်ကတော့ သူငယ်ချင်း ယူသွားတာတွေ့တယ်လို့ချည်း ပြောနေလို့ … အဲဒါ”
“ဟုတ်လား ကိုရင်သီး … ဒါနဲ့ ကိုရင်သီး ညက ဘယ်မှာ အိပ်သလဲဗျ”
“မန်းကြင်ရယ် လူပဲကွယ် အိပ်ရာထဲ အိပ်တာပေါ့”
“ဟုတ်ပါပြီ … အိပ်ရာထဲအိပ်တာ ဘယ်သူ့ အိပ်ရာထဲသွားအိပ်တာလဲကွယ်”
စစ်သူကြီးထံမှ စကားပြန်မရတော့
“ကိုရင်သီး ဇွန်းကို ငါယူသွားတာမှန်တယ် … မင်းအိပ်ရာအောက်မှာ ညကတည်းက ထားခဲ့တာ။ မင်းက အဲဒီအချိန်မှ အိမ်ဖော်နဲ့ ကမြင်းပြီး တစ်ညလုံးအချစ်တလင်းမှာ စစ်ခင်းနေတော့ ကိုယ့်အိပ်ရာထဲမှာ ဇွန်းရောက်နေတာ မသိဘူးပေါ့။ ထမင်းဝိုင်းမှာကတည်းက မင်းတို့မျက်နှာကို အကဲခတ်နေတာ”
“အို ဒီအကြောင်း မင်းတရားကြီးနားပေါက်အောင်တော့ မန်းကြင် မလျှောက်လောက်ပါဘူး”
“အေးကွယ် … မင်းလည်း ကိုယ်တိတ်တိတ်ပုန်းကမြင်းတာ ရပ်တန်းကရပ်သင့်ပေါ့။ လူတစ်ယောက်ကို စွပ်စွဲတော့မယ်ဆိုရင် မင်းဘက်ကအရင် သီလလုံပါစေ ဟုတ်ပြီလား … သွားမယ်”
(အိန္ဒိယပုံပြင်တစ်ပုဒ်ကို ကိုးကားပါသည်)
တင်ညွန့်
၁၂.၉.၂၀၂၁