ဆရာ့ဆရာ
----------
ကျွန်တော်က နံနက်ခင်း လမ်းလျှောက်လေ့ရှိသည်။ ထိုနေ့က ကိုစိန်ဝင်းတို့ လယ်တဲကို ဝင်နေသောကြောင့် အပြန် နောက်ကျသည်။ ဝင်လည်ရကျိုး နပ်သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော သူတို့ညက ထိုးထား သည့် ကြွက်ဆူဆူဖြိုးဖြိုးနှစ်ကောင်ကို လက်ဆောင်ရခဲ့သည်။ ကြွက်တွေက အရေဆုတ်၊ မီးဖုတ်ထားသဖြင့် ရဲရဲ ကားကား။
ကြွက်ကင်လေးနှစ်ကောင်နှင့် ပြန်လာသော ကျွန်တော့်ကို ရွာအဝင်လမ်းအနီးတွင် ပေတာက နှုတ်ဆက်သည်။
“ဆရာကြီး ဘယ်ကပြန်လာသလဲ”
ပေတာကား တပည့်ဟောင်းဖြစ်သည်။ သူက ရွာကျောင်းမှ ဘွဲ့ရသွားခဲ့သူ။ ရွာကျောင်းဘွဲ့ဆိုသည်ကား လေးတန်းအောင်ခြင်းသာ။
“ပေတာ လယ်ထဲကပြန်လာသလား”
“ဟုတ်ကဲ့ဆရာကြီး”
သူက နွားကို ကြိုးဖြင့် ဆွဲလာခြင်းဖြစ်သည်။
“ပေတာ”
“ဟုတ်ကဲ့ဆရာကြီး”
“ခုဆိုရင် မင်းက နွားကို ဦးဆောင်နေတာဆိုတော့ မင်းကနွားဆရာလား”
“မဟုတ်ပါဆရာကြီး ... နွားကို ဆွဲရမှာမို့လို့သာ ဆွဲလာရတာပါ"
“ဟေ ဒါဆိုရင် ဘာဖြစ်လို့ဆွဲနေသလဲကွာ ... လွှတ်ပေးလိုက်ပေါ့ ... ရွာထဲရောက်နေမှ”
ပေတာက နွားကို ဆွဲလာသည့် ကြိုးကို လွှတ်ပေးလိုက်သည်။
“ရော့ ဆရာ့ ကြွက်တွေ ဆွဲခဲ့စမ်း”
ပေတာက ကျွန်တော်လှမ်းပေးလိုက်သည့် ကြွက်နှစ်ကောင်ကို ယူလိုက်သည်။ ကျွန်တော်တို့ လမ်းဆက် လျှောက်သော်လည်း ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းအပြီးတွင် သူက ရပ်လိုက်သည်။
“ပေတာ ဘာဖြစ်သလဲကွာ”
“နွားကလိုက်မလာဘူး ဆရာကြီးရဲ့”
ကျွန်တော် နောက်ကိုလှည့်ကြည့်လိုက်သည်။ နွားကရပ်နေသည်။ ပေတာက နွားကို ပြန်ဆွဲသည်။ ကျွန်တော့် အနီး အရောက်တွင်
“မင်းနွားတွေကို မသင်ထားဘူးလား ... သူများနွားတွေတော့ ဒီအတိုင်း လွှတ်ပေးလိုက်တာပဲ”
“သားနွားတွေက ကြိုးလွှတ်လိုက်ရုံနဲ့မရဘူးဆရာကြီး”
“ဟေ ... ဘယ်လိုလုပ်ရသေးလဲ”
“ဆရာကြီး ... ကြွက်ကင်ခဏလောက် ပြန်ယူပါဦး”
“အေး ပေး ... ပေး”
ပေတာက သူ့နွားတွင် ချည်ထားသည့် ကြိုးကို ဖြုတ်သည်။ ထို့နောက် ဖြုတ်ထားသည့် ကြိုးကို ခေါက်သည်။ ကြိုးခေါက်ဖြင့် နွားတင်ပါးကို “ဖြန်း” ခနဲ တစ်ချက်ရိုက်ကာ
“သွားဟဲ့” ဟုအော်လိုက်သည်။
ထိုအချိန်မှ ကိုယ်တော်နွားက ဖြောင့်ဖြောင့်ကြီးသွားကာ နွားခြံထဲဝင်သွားတော့သည်။
“ပေတာ”
“ဆရာကြီး”
“ကြွက်တစ်ကောင်ယူကွာ”
“မယူပါဘူးဆရာကြီးရာ”
“ယူပါကွ ... ဒီနေ့ မင်းကငါ့ဆရာပါ”
တင်ညွန့်
၁၈.၁၂.၂၀၂၀