ယောကျာ်းမာန

 ယောက်ျားမာန

-------------------

“ဆရာ … ဆရာ့ကိုလည်း ကန်တော့ချင်တယ်၊ ဆရာလိုက်လှူနေတဲ့ အမေ့ခံဆရာများအတွက်လည်း လှူဒါန်း ငွေထည့်ချင်လို့ ဆရာ့ဆီကို ကျွန်တော်လာခဲ့မယ်”


ကျွန်တော့်ဆီကို တပည့်မောင်သောင်းဟန်က ဖုန်းဆက်ခြင်းဖြစ်သည်။ သူကနိုင်ငံခြားမှ ပြန်လာသည်မှာ မကြာသေး။ ကျွန်တော့်ဖုန်းနံပါတ်ကို ရအောင်စုံစမ်းပြီး ကျွန်တော့်ကိုဆက်သွယ်ခြင်းဖြစ်သည်။


ကျွန်တော်သောင်းဟန်ကို ကောင်းကောင်းသိပါသည်။ ဆရာများသည် ဆိုးသည့် တပည့်များကို ပိုမှတ်မိတတ် သည်။ သောင်းဟန်သည် လူဆိုးတစ်ယောက်တော့ မဟုတ်ပါ။ သို့သော်သူသည် ဆိုးသွမ်းသည့် အပြုအမူ တစ်ခုကို ပြုလုပ်ခဲ့သည်။


တစ်နေ့ ၁၀ တန်းမှ ရီရီအေးသည် ငိုယိုပြီး ရုံးခန်းထဲကိုရောက်လာသည်။ သူက ကျောင်းအုပ်ဆရာကြီးကို ငိုပြီး လာတိုင်နေခြင်းဖြစ်သည်။ ထိုအချိန်က ကျွန်တော်နှင့် ကျောင်းအုပ်ဆရာကြီးတို့သည် ကျောင်းဆောက်လုပ်ရေး ကိစ္စအတွက် တိုင်ပင်နေချိန်ဖြစ်သည်။


“ဘာဖြစ်လာသလဲ ရီရီ”


ကျွန်တော့်အတန်းထဲက တပည့်ဖြစ်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။


“ဆရာ သောင်းဟန်က သမီးကို ရိုက်တယ်”


“ဟုတ်ပြီ … သွားတော့ … အတန်းထဲကိုသွား … ဆရာလာခဲ့မယ်”


ကျွန်တော်ကဆရာကြီးနှင့် အလုပ်ကိစ္စဆွေးနွေးသည်ကို ဖြတ်ပြီး အတန်းထဲကို ပြန်ခဲ့သည်။ ကျောင်းကလည်း မုန့်စားဆင်းချိန်ပြန်တက်ပြီဖြစ်သည်။


ကျွန်တော်က အတန်းထဲရောက်သော်


“ကဲ ဘယ်လိုဖြစ်သလဲပြော”


သောင်းဟန်နှင့် ရီရီအေးကို ရှေ့သို့ခေါ်ထုတ်ပြီး မေးလိုက်ခြင်းဖြစ်သည်။


“သူက သမီးကို ရိုက်တယ်ဆရာ”


“သားရိုက်တာမဟုတ်ဘူး ဆရာ သူ့ကို ဆောင့်တွန်းလိုက်တာ”


“ဟုတ်ပြီ မင်းကဘာဖြစ်လို့ ဆောင့်တွန်းလိုက်ရတာလဲ”


သောင်းဟန်ကမဖြေ ခေါင်းကြီးငုံ့နေသည်။


“ပြောလေကွာ”


သူကမပြောသဖြင့် ကျွန်တော်က ရီရီအေးဘက်ကိုလှည့်ကာ


“သူကဆောင့်တွန်းတာလား ရိုက်တာလား”


“သမီးပခုံးကို ရိုက်လိုက်တာ”


“မဟုတ်ဘူး တွန်းလိုက်တာ”


“တော်ပြီ … ရိုက်တာပဲဖြစ်ဖြစ် … တွန်းတာပဲဖြစ်ဖြစ် မင်းကဘာဖြစ်လို့ မိန်းကလေးတစ်ယောက်ကို အဲဒီလို လုပ်ရသလဲ။ ယောက်ျားအားနဲ့ မိန်းမအား တူသလားကွာ။ ပြောစမ်းပါဦး ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ ရီရီအေး ပြော”


“သူက သမီးကိုရည်းစားစကားပြောတယ်ဆရာ”


“ဟေ … သောင်းဟန်ရေ မင်းတော့ အမှုထပ်တိုးပြီ။ ဟုတ်သလား သူ့ကို ရည်းစားစကား ပြောသလား”


“ဟုတ်ကဲ့ပါဆရာ”


“ကျောင်းသား ကျောင်းသူချင်း ရည်းစားမထားရဘူးလို့ ငါဆုံးမထားတယ်မဟုတ်လား။ ကျောင်းမှာ ဒီလို အလုပ်မျိုးတွေလုပ်ဖို့ ခွင့်မပြုဘူးလေ”


“ကျွန်တော်ပြောမိပါတယ်ဆရာ”


“ဘာပြောတာလဲ”


“နင့်ကိုချစ်တယ်လို့”


တစ်တန်းလုံး ဝိုင်းရယ်ကြသည်။ ကျွန်တော်က ကြိမ်လုံးနှင့် စားပွဲကိုရိုက်လိုက်ပြီး


“တိတ်ကြစမ်း” ဟုအော်လိုက်ရသည်။


“အဲဒါနဲ့ သူ့ကိုဘာဖြစ်လို့တွန်းရတာလဲ ပြော”


“သားက သူ့ကိုအေးအေးဆေးဆေးပြောတာဆရာ … ချစ်လို့ ချစ်တယ်ပြောလိုက်တာ။ ဒါပေမဲ့ သူက သားကို ပြန်ပြောတာ မိုက်ရိုင်းလွန်းတာကြောင့် သားက ဒေါသထွက်ပြီး ဆောင့်တွန်းလိုက်တာ”


“ရီရီ … သမီးက ဘယ်လိုပြောသလဲ”


ရီရီအေးကမပြော ခေါင်းငုံ့နေသည်။


“ကဲ … မင်းပဲပြောပြ”


“သူက သားကို သူတောင်းစားတဲ့ ဆရာ။ နင့် တစ်လရတဲ့မုန့်ဖိုးက ငါ့တစ်နေ့သုံးစာတောင် မရှိဘူးတဲ့။ နင့် အဖေ တစ်လရတဲ့ငွေကလည်း ငါ့အဖေ ဘီယာဖိုးလောက်တောင်မရှိဘူးတဲ့။ အမဲရိုးက ဟင်းအိုးမှ အားမနာ။ နင့်အမေ အဝတ်လိုက်လျှော်ရတဲ့ တစ်နေ့ဝင်ငွေဟာ ငါ့ဖိနပ်ဖိုးလောက်တောင် မရှိဘူးတဲ့ဆရာ။ သားကို သူတောင်းစား လို့ခေါ်တာ မနာဘူးဆရာ။ သားက သူတောင်းစားမှမဟုတ်တာ။ ဒါပေမဲ့ အဖေနဲ့ အမေကိုထိခိုက်ပြီး ပြောတာကို စိတ်ဆိုးတယ်။ ပထမတော့ သူ့ကို ဆွဲထိုးမလို့ပဲ။ ဒါပေမဲ့ မိန်းကလေးဖြစ်နေလို့ ဆောင့်တွန်းထည့် လိုက်တာဆရာ”


ကျွန်တော်ထိုနေ့က သောင်းဟန်ကို သုံးချက်ရိုက်လိုက်ပါသည်။


တစ်ချက်ရိုက်တိုင်း


“ဟောဒါ … မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားလို့”


“ဟောဒါ … ရည်းစားစကားပြောလို့”


“ဟောဒါ … အတန်းသားအချင်းချင်း မောင်နှမအရင်းတွေလို မစောင့်ရှောက်လို့” ဟုပြောပြီး ရိုက်ပါသည်။


ကျွန်တော်က သောင်းဟန်ကို အပြစ်ပေးခဲ့သည်အား မှတ်မိနေသည်။ သောင်းဟန်မျက်ရည်ကျပါသည်။ ကျောင်းလွှတ်သော် ကျွန်တော်သူ့ကို ခေါ်ပြီး မေးကြည့်မိသည်။


“သောင်းဟန် ဘာဖြစ်လို့ငိုသလဲ … နာလို့လား”


“ဆရာရိုက်တာ မနာပါဘူး … အသားနာတာထက် … စိတ်နာတာ”


“အေး … နာတတ်ရင် ကြိုးစားတတ်ရတယ်။ မင်း စိတ်နာတယ်မဟုတ်လား။ မခံချင်စိတ်ဖြစ်လာရင် ဒေါသ မဖြစ်ရဘူးကွ။ ဒေါသကိုထိန်းပြီး သူ့ထက်သာအောင် ကြိုးစားပြနိုင်ရတယ်။ အဲဒါမှ တကယ့်သတ္တိလို့ခေါ်တာ”


ကျွန်တော်နှင့်သောင်းဟန် မြို့ထဲရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ချိန်းတွေ့ကြသည်။ သူက ကျွန်တော့်ကို ငွေ ၁၀ သိန်း ကန်တော့ပါသည်။ အမေ့ခံဆရာများအတွက်လည်း ၁၀ သိန်းထည့်ဝင်လှူဒါန်းသည်။


“သားခဏပြန်လာတာဆရာ … နောက်သုံးရက်နေရင်ပြန်ရမယ်။ အမေဆုံးလို့ ပြန်လာတာ”


“ဪ မင်းအမေဆုံးသွားပြီလား”


“ဆုံးသွားပြီဆရာ … ၉၅ နှစ်”


“အေးကွာ မင်းအမေကို ကောင်းကောင်းမွန်မွန် လိုလေသေးမရှိ ထားပေးတယ်လို့ ကြားပါတယ်”


“အဖေဆုံးပြီးတော့ သားနိုင်ငံခြားထွက်သွားတာ။ ဆရာ့စကားကို သားမမေ့ဘူး။ မခံချင်ရင် ကြိုးစားရမယ် ဆိုတာလေ။ မခံချင်စိတ်နဲ့ကြိုးစားလိုက်တာ ခုဆိုရင် ဘွဲ့လည်း နှစ်ဘွဲ့ရပြီးပြီ။ အလုပ်အကိုင်ကလည်း အခြေတကျရှိနေပြီဆရာ”


“မိန်းမရပြီလား … ကလေးတွေရော”


“မိန်းမ မယူတော့ဘူးဆရာ”


“ဘာလဲကွ တစ်ခါတည်း စိတ်နာသွားတာလား”


“မဟုတ်ပါဘူးဆရာ … ဆရာပဲပြောတယ်လေ ဒုတိယအရွယ်မှာ ဥစ္စာရှာရမယ်ဆိုတာ။ သားအရွယ်က ခုမှ ဒုတိယအရွယ်ပဲ ရှိသေးတယ်။ ပိုက်ဆံတွေ ရှာဦးမယ်ဆရာ”


“မင်း … ရီရီအေးကို သတိမရဘူးလား”


“အမြဲသတိရတယ်ဆရာ … သူ့ကို မေ့လို့ဘယ်ဖြစ်မလဲ။ သူတောင်းစားလို့ ခေါ်တဲ့အသံကိုပါ မမေ့ဘူးဆရာ။ သူက သားဘဝအတွက် တွန်းအားတစ်ခုပဲ”


“ရီရီအေး ဘာဖြစ်နေပြီဆိုတာရော မသိချင်ဘူးလား”


“မသိချင်ဘူးဆရာ။ ကျွန်တော်က သူ့ကို ကျောင်းတုန်းက ရီရီအေးအနေနဲ့ပဲ ထာဝရအမှတ်ထားနေမှာ”


သူမသိချင်ဘူးဆိုသဖြင့် ကျွန်တော် ရီရီအေးအကြောင်း ဘာမျှ မပြောခဲ့ပါ။


ရီရီအေးတစ်ယောက် မိဘတွေကလည်း စီးပွားပျက်၊ ယူထားသည့်လင်ကလည်း အရက်သမား၊ ကလေး သုံးယောက်နှင့် ဘဝပျက်နေရှာသည်။


သောင်းဟန်တစ်ယောက် ထိုအကြောင်းကို သိချင်လည်းသိမည်။ မသိချင်လည်း မသိနိုင်။ သို့သော် ကျွန်တော် ရီရီအေးအကြောင်းကိုတော့ သူ့ကို ပြောမပြလိုက်ပါ။


မောင်သောင်းဟန် ယနေ့ပြန်သွားသည်။


သူပြန်လာချင်မှလည်း လာတော့မည်။


သူအများကြီး ရင့်ကျက်သွားသည်။


တင်ညွန့်


၂၂.၁၁.၂၀၂၅