လူတွေ
------
ဪ လူတွေ
ပိုက်ဆံမရှိတော့ အိမ်ထဲမှာ နှစ်ရာတန် ကန်စွန်းရွက်တစ်စည်းကို မိသားစုနဲ့ တိတ်တိတ်လေးစား
ပိုက်ဆံရှိတော့ ဘီယာဆိုင်မှာ ကန်စွန်းရွက်ကြော်တစ်ပွဲကို ထောင်ကျော်ပေးပြီးစား
ဪ လူတွေ
ပိုက်ဆံမရှိတုန်းက စက်ဘီးလေးနဲ့သွား
ပိုက်ဆံရှိလာတော့ Gym မှာ လစဉ်ကြေးပေးကာ ရပ်ထားတဲ့စက်ဘီးစီးတာ ကျန်းမာရေးတဲ့ဗျာ
ဪ လူတွေ
ပိုက်ဆံမရှိတော့ လမ်းတကာလျှောက်ကာ ပိုက်ဆံရှာ
ပိုက်ဆံရှိလာပြန်တော့ ဝလာမှာကြောက်လို့ လမ်းလျှောက်တာတဲ့
ဪ လူတွေ
ပိုက်ဆံမရှိတော့ အိမ်ထောင်ပြုချင်
ပိုက်ဆံရှိလာတော့ ကွာရှင်းပြတ်စဲချင်
ဪ လူတွေ
ပိုက်ဆံမရှိတော့ သူဌေးဟန်ဆောင်
ပိုက်ဆံရှိတော့ မွဲချင်ဟန်ဆောင်
ဪ လူတွေ
စီးပွားရေးမကောင်းဘူးပြောကာ ညည်းပြ
ကာရာအိုကေဆိုင်သွားတာ သနားလို့ပါတဲ့
ငွေဆိုတာ မကောင်းဆိုးဝါးတဲ့
အဲဒီမကောင်းဆိုးဝါးတွေက သူတို့မှာ အထုပ်လိုက် အထည်လိုက်
ဪ လူတွေ
ရာထူးဆိုတာ ရူးတာတဲ့
အဲဒီရာထူး မရလို့ ရူးမလောက်ဖြစ်ကာ ပတ်ရမ်းနေကြတာ
ဪ လူတွေ
ငါလိုရင် ငါ့ဘက်သား
ငါ့ကိုအခွင့်အရေးပေးမှ ငါ့လူ
ငါနဲ့အဆင်ပြေအောင်ပေါင်း သူတော်ကောင်း
ငါ့ကို အရေးမလုပ်မှတော့ အပုပ်ချမှာပေါ့ဆိုတဲ့ လူတွေ
ဪ လူတွေ
ရှိတစ်မျိုး
မရှိတစ်မျိုး
လိုတစ်မျိုး
မလိုတစ်မျိုး
အမျိုးမျိုးပါလားဟေ့။
တင်ညွန့်
၅.၁.၂၀၂၁