ချစ်ခြင်းကို မခွဲပါနဲ့
--------------------
သူတို့နှစ်ယောက် ထိုင်နေသည်မှာကြာပြီ။ လမ်းပေါ်တွင် ဖြတ်သွားသော လူတွေ၊ ကားတွေကို ငေးကြည့်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် စကားတွေပြောမထွက်ပုံရသည်။ သူတို့ သက်ပြင်းတွေ အခါခါ ချနေကြသည်။
သူက လည်ချောင်းရှင်းလိုက်သည်။
“အဟမ်း”
သူမကလည်း သူ့ကိုကြည့်လိုက်သည်။
“မောင်ပြောမယ်”
သူက စကားမဆက်သဖြင့် သူမက
“ပြောလေ”
“အိမ်ကသဘောတူမယ် မထင်ဘူး”
“အိုကွယ် မောင်ရယ် … သဘာမတူလဲ ဘာဖြစ်သလဲ။ အိမ်ကအရေးကြီးသလား”
“အရေးကြီးတယ် … နွယ်ရော အရေးမကြီးဘူးလား”
“နွယ်ကတော့ ချစ်တဲ့သူအချင်းချင်း အတူတူနေရဖို့က အရေးကြီးတယ်ထင်တာပဲမောင်”
“အဲဒီလို အတူတူနေဖို့ဆိုတာ ဘယ်မှာနေကြမှာလဲ … အဲဒါက အရေးအကြီးဆုံး မဟုတ်ဘူးလားနွယ်”
“မောင့်ဝင်ငွေ တစ်လဘယ်လောက်ရှိသလဲ”
“တစ်သိန်းကျော်ကျော်”
“နွယ့်ဝင်ငွေကလည်း တစ်သိန်းကျော်ကျော်ပဲလေ။ နှစ်ယောက်ပေါင်းတော့ နှစ်သိန်းကျော်ပေါ့နော်”
“ရန်ကုန်မှာ အဲဒီ ငွေနှစ်သိန်းကျော်ကျော်လေးနဲ့ အိမ်ထောင်တစ်ခုကို ဘယ်လိုရပ်တည်ကြမှာလဲကွယ်”
“ဒါဆိုလည်းမောင်ရယ် … နွယ့်အိမ်ကိုဖြစ်ဖြစ်၊ မောင့်အိမ်ကိုဖြစ်ဖြစ် စည်းရုံးကြည့်ရမှာပေါ့”
“ကိုယ့်အိမ်ကတော့ နိုးပဲ။ လုံးဝကို လက်ခံမှာ မဟုတ်ဘူး”
“အင်း … နွယ့်အိမ်ကလည်း မလွယ်ဘူးမောင်ရယ်”
“ဒါဆို …”
“ဒါဆို …”
သူတို့နှစ်ယောက်စလုံး ပြိုင်တူ သံတူထွက်သွားကြခြင်းဖြစ်သည်။
သူတို့အဝေးကို ငေးနေကြသည်။ ဝင်လုဆဲဆဲ နေလုံးကြီးကို ငေးကြည့်နေရင်း သက်ပြင်းကြီးတွေ ချနေကြ သည်။
“နေဝင်တော့မယ်”
“အင်း … နေဝင်တော့မယ်”
“နေဝင်ချိန်ကို ဒီလိုပဲစောင့်ကြည့်နေကြမှာလားမောင်ရယ်”
“စောင့်ကြည့်လို့ကလွဲပြီး ဘာတတ်နိုင်မှာလဲနွယ်။ နေမင်းကြီးရယ် နေပါဦးလို့ တားထားလို့မှ မရတာ”
“ပြန်တော့မယ် အိမ်ကစိတ်ပူနေလိမ့်မယ်”
“နေပါဦး နောက်ထပ်နာရီဝက်လောက်”
“နောက်ထပ်နာရီဝက်လောက် ဆက်ပြီး စိတ်ဆင်းရဲကြမယ်လို့ပြောတာလားမောင်ရယ်”
“မဟုတ်ပါဘူး … ဒီလိုပဲ အဖြေမရှိတဲ့ မေးခွန်းကြီးကို ထိုင်ပြီးတော့ အတူတူအဖြေရှာနေရတာကိုက စိတ်ထွက်ပေါက် တစ်ခုလို့ ထင်လို့ပါ”
“အိမ်က မှောင်လာရင် လိုက်ရှာတော့မယ်။ ပန်းခြံထဲ ခဏလေး လမ်းလျှောက်ဦးမယ်လို့ ပြောခဲ့တာ”
“မောင်လည်း ဒီအတိုင်းပဲ။ မမှောင်ခင် အိမ်ပြန်လာမယ်လို့ ပြောခဲ့တာ။ ဒီနားတိုးပါဦး”
“ဘာလုပ်မလို့လဲ”
“မောင့် ပခုံးပေါ် ခေါင်းလေးမှီထားပါလား … ဖက်ထားချင်လို့ပါ။ နည်းနည်း အေးလာသလားလို့”
“ဟုတ်တယ်နော် အေးလာပြီ”
သူမက သူ့အနားတိုးကာ ပခုံးလေးကို မှီလိုက်သည်။ သူက သူမပခုံးလေးကို ဖက်လိုက်သည်။
“သနပ်ခါးနံ့လေးကမွေးနေတာပဲ”
“ကြိုက်လား”
“ကြိုက်တယ်”
“ဟိုဝတ္ထုထဲကလို သနပ်ခါးကို နမ်းမှာလား … ပါးကို နမ်းမှာလား”
“နှစ်ခုစလုံးပေါ့”
“တော်ပါတော့ ပြန်တော့မယ်”
“ခဏလေးပါ”
သူတို့နှစ်ယောက် တစ်ယောက်ခါးကို တစ်ယောက်ဖက်ကာ ခေတ္တလေးငြိမ်နေကြသည်။
“ကဲ တော်ပြီကွယ် သွားတော့မယ်”
သူက သူမကို လွတ်ပေးလိုက်သည်။ သူမက ဖြည်းဖြည်းလေးထပြီး
“သွားမယ်” ဟုထပ်ပြောကာ ပန်းခြံထဲက တစ်လှမ်းချင်းထွက်သွားသည်။
သူက သူမကို မျက်စိအောက်က ပျောက်သွားသည်အထိ ငေးကြည့်နေသည်။
“ဖေဖေ”
သူလန့်သွားသည်။ သူ့ရှေ့တွင် သမီးဖြစ်သူက နှုတ်ခမ်းကြီးစူကာ
“အေးလာပြီ … ဘာဖြစ်လို့ အိမ်ကိုစောစောပြန်မလာတာလဲ”
“ဘာမှ မဖြစ်ပါဘူး … ဒီလိုပဲ ထိုင်နေတာ”
“ဖေဖေနော် … ဟိုဘွားတော်ကြီးနဲ့ ချိန်းတွေ့နေတာလား”
“မတွေ့ပါဘူး … တွေ့စရာလား”
“သမီးပြောထားတယ်နော် … သမီးအတွက် နောက်အမေ မလိုဘူးလို့”
“အေးပါကွယ်”
“ပြန်မယ်လေ”
“ဖေဖေ့ကို ထူဦး”
သူတို့သားအဘ ပန်းခြံထဲက ထွက်သွားကြသည်။
ပန်းခြံအပြင်တစ်နေရာတွင်ဖြစ်သည်။
“အမေ ဘာဖြစ်လို့ကြာနေတာလဲ မှောင်နေပြီ … စိတ်ပူလို့ ရှာလိုက်ရတာ”
“ဘာဖြစ်လို့ရှာသလဲ … ငါက ကလေးလေးလား”
“ကလေးတော့မဟုတ်ဘူးပေါ့ … ကားတွေဘာတွေ တိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ဘာလဲ အမေ ဟိုအဘိုးကြီးနဲ့ ချိန်းတွေ့နေတာလား”
“ဘယ်ကအဘိုးကြီးလဲ”
“အမေ့ ငယ်ချစ်ဦးကြီးလေ”
“ကြံကြီးစည်ရာ”
“အမေဘာစားချင်သလဲ … ညဈေးကဝယ်သွားမယ်”
“မစားချင်ပါဘူး”
“ဆန်ပြုတ်လေးတော့ သောက်မှဖြစ်မယ်အမေ … ဆေးသောက်ရမှာ အစာမရှိလို့မဖြစ်ဘူး”
“အေးပါ … သိပါတယ်”
“ဒါဆိုခဏလေး ဆန်ပြုတ်ဝယ်လိုက်ဦးမယ်”
သူမက သမီးဖြစ်သူဆန်ပြုတ်သွားဝယ်သည်ကို လမ်းဘေးက စောင့်နေသည်။
ထိုအချိန်တွင် သူနှင့်သူ့သမီးက သူမဘေးမှဖြတ်သွားသည်။
သူမက သူ့ကို ပြုံးပြလိုက်သည်။
သူကလည်း ပြန်ပြုံးပြလိုက်သည်။
တင်ညွန့်
၉.၂.၂၀၂၆