ချဉ်နေသော စိတ်
-_______________________
လူငြိမ့်
လေထုကိုဖြတ်သန်းပြီး ကွဲဖြာထွက်လာသော နေခြည်၏ အစိတ်အပိုင်းတချို့သည် ကုလားသေကုလားမောအိပ်ပျော်နေသောကျွန်တော့်မျက်နှာပေါ်သို့ ဖိတ်စဉ်ကျရောက်လာသည်။ထိုအခါ လွင့်မြောနေသော စိတ်အလျဉ်သည် ပြန်လည်စုစည်းကာ မျက်လုံးအစံုမှာပွင့်လာကြေတာ့သည်။အိပ်ယာထဲမှာ လူးလိမ့်ရင်း ဘေးမှ ဖုန်းကိုယူကာ နာရီကြည့်လိုက်သည်။၈နာရီ၁၀မိနစ်။ကျွန်တော်ထထိုင်လိုက်သည်။
" လူငယ်ဆိုတာ.....
လူငယ်ဆိုတာ.....
လူငယ်ဆိုတာ......"
ဧည့်ခန်းရှိတီဗွီမှ ခုန်ထွက်လာသော အထက်ပါစကားများသည် အိပ်ယာမှနိုးစကျွန်တော့်ကို ဆီးကြိုပွေ့ဖက်သည်။ထို့အတူ ကျွန်တော့်ဆရာနိုးနေပြီဖြစ်ကြောင်းကိုလည်း တစ်ပါတည်းသိလိုက်သည်။
အိမ်တွင် ဆရာနှင့်ကျွန်တော်နှစ်ယောက်တည်းနေသည်။ဆရာသည် အသက်(၈၃)။အသက်အရွယ်ကြီးရင့်သော်လည်း သန်သန်မြန်မြန်၊သွက်သွက်လက်လက်။ကျွန်တော်က ဆရာလက်တိုလက်တောင်းခိုင်းနိုင်ရန်နေပေးခြင်းဖြစ်သည်။
ဆရာကတိကျသည်။စေ့စပ်သည်။ စောစောအိပ်၍ စောစောထသည်။ထို့အတူ မနက်နိုးလျှင်နိုးချင်း တီဗွီကိုဖွင့်ထားတတ်ေသးသည်။တီဗွီချယ်နယ်မှ တစ်ခါတစ်လေ တရားလာ၍ တစ်ခါတစ်လေ ကာတွန်းကားများလာတတ်သည်။သို့သော် လာချင်ရာလာပါစေ ဆရာက အမှုမထား။ထိုတီဗွီကိုလည်းမကြည့်။စာရေးလျင်ရေး၍ စာဖတ်လျင်ဖတ်နေတတ်သည်။ထိုအရာသည် ဆရာ၏ မနက်ခင်းပုံစံဖြစ်သည်။ယခုလည်း တီဗွီမှ အမျိုးသားတစ်ယောက်၏ "လူငယ်ဆိုတာ..."အစချီသော စကားလုံးများကို ကြားနေရသည်။ကျွန်တော်လည်း အိပ်ယာကိုသိမ်းဆည်းရန်ထလေတော့သည်။
🔲
အိပ်ယာသိမ်းဆည်းပြီး၍ရေချိုးခန်းဆီသို့ထွက်လာခဲ့သည်(ရေချိုးခန်းသည် ဧည့်ခန်းကိုဖြတ်သွားရသည်)။
"ဟေ့ကောင် ၊ အဆင်ပြေလား"
"ဟုတ်ကဲ့ဆရာ၊ အဆင်ပြေပါတယ်"
ဘာ့ကြောင့်မသိ၊ဆရာသည် မနက်ခင်းတိုင်း ထိုသို့(အဆင်ပြေလား)ဟုမေးတတ်သည်။ဘာကိုအဆင်ပြေကြောင်းမေးသည်မသိ။အိပ်ခြင်းကိုလား၊အိပ်ယာသိမ်းခြင်းကိုလား၊အိပ်ယာထခြင်းကိုလား။သို့မဟုတ် တီဗွီမှလာနေသော အသံကိုလား။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့အမြဲ "အဆင်ပြေပါတယ်" ဟုသာဖြေသည်။တကယ်တော့ ကျွန်တော့်တွင် ဘယ်အရာကအဆင်ပြေ၍ ဘယ်အရာက အဆင်မပြေသည်ကို ကိုယ်တိုင်ပင် သေချာမသိပေ။
" လူငယ်ဆိုတာ
လူငယ်ဆိုတာ
လူငယ်ဆိုတာ...."
တီဗွီဖန်သားပြင်ပေါ်မှ အမျိုးသားသည် ကျွန်တော့်ကို စိမ်းစိမ်းကြည့်ကာ "လူငယ်"နေဆဲပင်ဖြစ်သည်။ကျွန်ေတာ်မျက်နှာလွှဲလိုက်သည်။
🔲
၉နာရီ၁၅။ကျွန်တော်အိမ်ကထွက်လာခဲ့သည်။အလုပ်သည် ၉နာရီခွဲတွင်ဝင်ရမည်ဖြစ်သည်။ကျန်၁၅မိနစ်သည် ဘတ်စ်ကားမှတ်တိုင်ဆီသွား၊ကားအလာစောင့်နှင့် ဘယ်လိုမှ အချိန်လောက်မည်မဟုတ်၊နောက်ကျမည်မှာသေချာသည်။သို့သော်သုတ်သုတ်လျှောက်ရမည်။နည်းနည်းနောက်ကျခြင်းသည် များများနောက်ကျခြင်းထက်တော့ တော်ဦးမည်။ဘယ်ဘုန်းကြီးအရင်ရောက်ရောက်ဆွမ်းစားချိန်အတူတူပဲဆိုသော်ငြားလည်း အရင်ရောက်တဲ့ဘုန်းကြီးကတော့ ဆွမ်းဝိုင်းတွင်နေရာကောင်းယူထားမည်ဖြစ်သည်။
ကျွန်တော်လမ်းေလျှာက်နေစဉ်အတွင်း "လူငယ်ဆိုတာ"ဟူသောစကားသည် ကျွန်တော့်နားနားကပ်၍ ပြောနေသည့်အလား ကြားနေရသည်။ကျွန်တော်လည်း ယောင်ယမ်းကာဘေးပတ်ချာလည်ကိုလှည့်ကြည့်မိသည်။ ဘယ်သူ့မှမတွေ့။
"လူငယ်ဆိုတာ....
လူငယ်ဆိုတာ...
လူငယ်ဆိုတာ..."
တော်တော်စိတ်အေနှာင့်အယှက်ဖြစ်ရပါလား။မှတ်တိုင်တွင် ဘတ်စ်ကားစောင့်သူ အတော်ပင်များနေပေပြီ။
🔲
ကျွန်တော်ရောက်ပြီးသိပ်မကြာ၊ ဘတ်စ်ကားတစ်စီးထိုးစိုက်လာသည်။ဘတ်စ်ကားပေါ်သို့ သူ့ထက်ငါအရင်တိုးတက်ကြသည်။ " ထိုင်ခုံရရေး တို့အရေး"ဖြစ်သည်။ထိုအထဲ ကျွန်တော်လည်းပါသည်။ထိုစဉ် လူအုပ်ထဲမှ အသံတစ်သံထွက်လာသည်။
" အမယ်လေးဟဲ့၊အမယ်လေးဟဲ့၊ လူငယ်ဖြစ်ပြီး ဇွတ်တိုးနေလိုက်တာ၊ဒီမှာ ကိုယ့်အမေအရွယ်လောက်ကြီးကိုမှ အားမနာ၊ဘယ်လိုသတ္တဝါတွေလဲ၊သွားပြီသွားပြီ၊လူငယ်တွေ ပျက်စီးနေပြီ"
အသက်ခပ်ကြီးကြီးအမျိုးသမီး၏ အသံဖြစ်သည်။ကျွန်တော်လည်း မျက်မှောင်ကြုတ်ကာ တစ်ချက်လှည့် ကြည့်လိုက်သည်။ထို့နောက် ထိုင်ခုံလွတ်တစ်ခုဆီသို့ ဇွတ်တိုးဝင်ကာ ထိုင်လိုက်သည်။
" လူငယ်ဆိုတာ ဒါဘဲကွ ၊လိုချင်တာကို ရအောင်ယူရတယ်"
ကိုယ့်ဖာသာစိတ်ထဲကပြောရင်း ကြိတ်ပြုံးနေလိုက်သည်။
🔲
ကျွန်တော်ရေသာထိုင်ခုံသည် ပြတင်းပေါက်နားတွင်ဖြစ်သည်။ထို့ကြောင့် လေတဝူးဝူးဖြင့် စီးရတာ ဇိမ်ရှိလှသည်။ထိုစည်းစိမ်ကိုခံစားရင် ငြိမ့်ငြိမ့်လေးလိုက်လာခဲ့သည်။မကြာပါ။ကျွန်တော့်နာထဲ" လူငယ်"ဆိုသော စကားလုံးအစချီသည့် စကားတသီတတန်းကြီးက ဝင်ရောက်လာကြပြန်သည်။
" လူငယ်ဖြစ်ပြီးကြည့်ပါဦး ထိုင်နေလိုက်တာ"
"ဟုတ်ပါ့၊လူကြီးတစ်ယောက်လုံးသူ့ဘေးမတ်တပ်ရပ်နေတာကို မမြင်ယောင်ဆောင်နေတယ်"
"အို အတက်ကတည်းက အသိမရှိတာပါ၊ကျုပ်ကိုတွန်းပြီး တက်သွားလိုက်တာ ၊ကျုပ်ရင်ဘက်ခုထိအောင့်နေတုန်း"
"ဒီလိုလူငယ်တွေနဲ့ တို့တိုင်းပြည်အနာဂါတ်မတွေးရဲစရာပဲ"
အမယ်၊ တိုင်းပြည်အနာဂါတ်နဲ့တောင်ချီပြီးပြောနေပါလား။ကျွန်တော်လည်း ချဉ်ချဉ်ရှိသည်နှင့် ဆက်ထိုင်နေလိုက်သည်။သို့သော် "လူငယ်"အစချီသော စာတန်းရှည်ကြီးသည် ဖတ်၍မပြီး၊ေပြာ၍မကုန်နိုင်အောင်ရှည်လျားနေပြီး နားထဲတွင် တစီစီဖြစ်နေသည်။ကျွန်တော် ဒေါသတော်တော်ဖြစ်လာသည်။ထို့ကြောင့် ထိုင်ရာမှ ထရင်း
"ဒီမှာ အန်တီ၊လာထိုင်၊ကျွန်တော်ထပေးမယ်၊လူငယ် လူငယ်နဲ့ ပြောနေတာတော်လိုက်တော့"
"ခင်ဗျားတို့ကလည်း မီးလောင်ရာလေပင့်"
ဟု ထိုအန်တီကြီးကိုရော ဘေနားက ငမြောက်တွေကိုပါ ရောသောပြောကာ ဆင်းပေါက်နားမတ်တပ်သွားရပ်နေလိုက်တော့သည်။လူငယ်ဆိုတာ....။လူငယ်ဆိုတာ.....။
🔲
၉နာရီ ၄၅တွင် ရုံးရောက်သည်။ထုံးစံအတိုင်းမန်နေဂျာသည် ရုံးခန်းထဲခေါ်ကာ ဩဇာသီးများကို နားထဲသို့ အလုံးလိုက်ထိုးထည့်နေသည်။ပုံတိုပတ်စများ၊ရှေးဟောင်းနှောင်းဖြစ်များ၊ကမ္ဘာကျော်သူဌေးကြီးများ စသည်တို့သည် သူ့စကားလုံးထဲတွင် လံုးလည်ချာလည်လိုက်နေသည်။ထို့အတူ"လူငယ်ဆိုတာ"အစချီသော စာတန်းရှည်ကြီးသည်လည်းရောေယာင်ပါလာပြန်သည်။ထိုအခါကျွန်တော့်ဒေါသတို့သည် အထွတ်အထိပ်သို့ရောက်သွားသည်။တမနက်လုံး သည်"လူငယ်ဆိုတာ"နှင့်ပဲ ကြုံနေရသည်။လူငယ်ဆိုတာနှင့်ပဲ အားလုံးသိတတ်ပြီး လိမ္မာပါးနပ်နေရတော့မည်လား။အားလုံးကို အနစ်နာခံပြီး ပေးဆပ်နေရတော့မည်လား။လူငယ်ဆိုတာနှင့် အမှားဆိုတာမရှိရတော့ပြီလား။
"ဒီမှာကွ၊ လူငယ်ဆိုတာ...."
မန်နေဂျာ၏ စကားသည် မဆုံးလိုက်ပါ။အဘယ်ကြောင့်ဆို ကျွန်တော့်လက်ထဲမှ စတီးနှစ်ဆင့်ချိုင့်သည် သူ၏ချိုဇောင်းပေါ်သို့ကျရောက်သွားသောကြောင့်ဖြစ်သည်။ချိုင့်နှင့် ခေါင်း ထိသံသည်လည်းရုံးခန်းထဲတွင် ဟိန်းသွားသည်။ထို့ေနာက် ဖြစ်သမျှကိုလျစ်လျူရှုကာ လမ်းမပေါ်သို့ ထွက်လာခဲ့တော့သည်။ပြဿနာများကတော့ အနောက်မှာကျန်ခဲ့သည်။
" မှတ်ထား ၊လူငယ်ဆိုတာ အဲဒါဘဲကွ၊ လူငယ်ဆိုတာအဲဒါဘဲကွ။
မှတ်ထား လူငယ်ဆိုတာအဲဒါဘဲ"
ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ဦးတည်ချက်မရှိ လျှောက်နေမိတော့သည်။
လူငြိမ့်