အနီးကပ်ရန်သူ
---------------
တက္ကသိုလ်ဆရာထံ၌ လူငယ်လေးတစ်ဦး စစ်ပညာလာသင်နေ၏၊ ပညာစုံသဖြင့် နေရပ်ပြန်မည် ပြုသော အခါတွင် ဆရာက မှာလေသည်။
“တပည့်”
“အမိန့်ရှိပါဆရာ”
“ဒီကပြန်ရင် တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရတော့မယ်”
“မှန်ပါဆရာ”
“တိုက်ပွဲကို ရင်ဆိုင်တဲ့အခါမှာ အကြောက်တရားနဲ့ရင်ဆိုင်ပါကွယ်”
ဆရာ၏ မိန့်မှာစကားကို လူငယ်က သိပ်ပြီးသဘောမကျပေ။
“ဆရာက ငါ့ကို မည်သို့ဆိုသနည်း။ အကြောက်တရားနှင့် တိုက်ပွဲကိုရင်ဆိုင်ခိုင်းသည်မှာ ငါ၏စိတ်ကို အထင်သေး၍လော။ ငါ့ကို လူကြောက်ဟုထင်သလော” ဟု စိတ်ထဲတွင် ဖြစ်ပေါ်နေမိသည်။
မည်သို့ဆိုစေ ဆရာသည် အကြောင်းမဲ့ ပြောခြင်းတော့ မဖြစ်တန်ရာဟုလည်း သဘောပေါက်ပါသည်။
“တပည့်”
“ဟုတ်ကဲ့ပါဆရာ”
“ဆရာမှာတာကို မမေ့ပါနှင့် တိုက်ပွဲတိုင်းကို အကြောက်တရားနှင့်အတူ ရင်ဆိုင်တိုက်ခိုက်ပါလော့”
ဆရာ၏ ညွှန်ကြားချက်ကို ခွန်းတုံ့မပြန်တော့။ ရှိခိုးဦးချကာ လူငယ်က မိမိဇာတိသို့ ပြန်လာခဲ့လေသည်။
နောက်ဆုံးတွင် တိုက်ပွဲကို ကိုယ်တိုင်ရင်ဆိုင်ရသော နေ့တစ်နေ့ကို ရောက်လာပါသည်။
သူက လက်ထဲတွင် ဓားကို မြဲစွာ ဆုပ်ထားလေ၏။ သူ့ဘေးတွင် တစ်ယောက်က လာရပ်လေသည်။
“သင်မည်သူနည်း”
“ငါကား အကြောက်တရားဖြစ်တော့သည်”
အကြောက်တရားက သူ့ထက်အားကောင်းမောင်းသန် ဖြစ်နေသောကြောင့် လူငယ်၏ စိတ်ထဲတွင် သိမ်ငယ်စိတ်တွေ ဝင်လာသည်။ အကြောက်တရားလက်ထဲတွင်လည်း ဓားကောင်းတစ်လက်ကို ကိုင်ဆွဲ ထားသည်။ သူတို့နှစ်ယောက်စလုံးတွင် ဓားကိုယ်စီနှင့် ဖြစ်နေပြီ။
စစ်မိစ္ဆာတွေက တပ်ဦးမှ အလံတွေလွှင့်ကာ အော်ဟစ် ချီတက်လာနေသည်။ လူငယ်က အကြောက် တရားကို မေးလိုက်သည်။
“ကျွန်ုပ်အား တိုက်ခိုက်ခွင့်ပြုလော့”
အကြောက်တရားကဆိုသည်
“သင်သည် ငါ့ထံခွင့်ပြုချက်တောင်းကာ လေးစားသမှုပြုသောကြောင့် ကျေးဇူးတင်ပါသည်”
လူငယ်က
“ငါတိုက်ခိုက်ရမည့်သူမှာ သင့်ကိုသာဖြစ်သည်။ သင့်ကို ဦးစွာတိုက်ခိုက်ပြီးမှ စစ်မိစ္ဆာတွေကိုတိုက်ခိုက်မည် ဖြစ်သည်။ သင့်ကို ငါ မည်သို့ အနိုင်ယူရမည်နည်း”
အကြောက်တရားက
“အပြောထက် လက်က သွက်သည်။ သင်ပြောနေချိန်တွင် ငါ့ဓားက သင့်လည်ပင်းကို ထောက်ထားနှင့်ပြီ။ သို့သော် သင်သည် ငါထောက်ထားသောဓားကို မကြောက်မရွံ့ ရင်ဆိုင်ကာ ပြန်ပြောနေသည်ဆို ကတည်းက သင် ဘာကိုမျှမကြောက်ကြောင်း ထင်ရှားနေသည်”
“သင့်ကို ငါမည်သို့အနိုင်ယူရမည်နည်း … ပြောလော့”
“ငါပြောသည့်အတိုင်း သင်လုပ်မည်ဆိုလျှင် သင်တိုက်ပွဲတွင် ရှုံးလိမ့်မည်။ ငါပြောသည့်အတိုင်း သင် မလုပ်လျှင် သင်တိုက်ပွဲတွင် နိုင်လိမ့်မည်”
“သင်ဘာပြောမည်နည်း”
“သင့်ဘေးတွင် ငါက ကြောက်ရွံ့ထိတ်လန့်စေရန် ပြောနေမည်။ ငါပြောသည့်အတိုင်း သင်ကြောက် နေလျှင် သင်သေမည်။ ငါက ကြောက်လော့ဟု ပြောတိုင်း သင်ကမကြောက်လျှင် ငါသေမည်။ ကြိုက်ရာကို ရွေးလော့”
အကြောက်တရားက အော်သည်
“ကြောက်လော့”
လူငယ်က ပြန်အော်သည်
“သင့်ကိုငါမကြောက် … ကျား” ဟု အော်လိုက်သည်။
အကြောက်တရားက ပျောက်ကွယ်သွားတော့သည်။
လူငယ်က လက်တကမ်းသို့ရောက်လာသော စစ်မိစ္ဆာကို ဓားနှင့် ပိုင်းလိုက်သည်။
အခက်အခဲကိုရင်ဆိုင်၊ တိုက်ပွဲဝင်ရချိန်တွင် ကြောက်ကြည့်လိုက်ပါ။ ငါ့မှာ ကြောက်စိတ်ရှိနေသည် ဆိုခြင်းကပင် တိုက်ပွဲဝင်ရန်အတွက် ကံကောင်းခြင်းဖြစ်နေတတ်သည်။ ကြောက်လိုက်ခြင်းက ရင်ဆိုင် ရဲသော သတ္တိကိုဖြစ်စေသည်။ မိမိအကြောက်တရားကို ဦးစွာတိုက်နိုင်လျှင် အောင်ပွဲဆင်နိုင်ရန် ထက်ဝက် သေချာသည်။
ကြောက်ရမည်ကို ကြောက်ခြင်းက ပုံမှန်စိတ်ဖြစ်သည်။ ကြောက်ရမည်ကို မကြောက်ဟုဆိုခြင်းက လိမ်ညာခြင်းဖြစ်သည်။
ကြောက်ကြည့်ပါ
အကြောက်တရားကို ဦးဆုံးတိုက်ကြည့်ပါ
အောင်ပွဲကရောက်လာမည်မှာ သေချာပါသည်။
(The Way Out of Fear ကို မြန်မာမှုပြုပါသည်)
တင်ညွန့်
၁၅.၁၀.၂၀၂၁