အစွဲ
--------
ကျွန်မ အိုဗာတိုင်ဆင်းရသည်။
အလုပ်တွေ မပြီးသောကြောင့်ဖြစ်သည်။ မနက်ဖြန်မနက် အရေးတကြီး တင်ပြရန်ရှိသော ဘတ်ဂျက် ကိစ္စများကို ယနေ့မပြီးလျှင် အလုပ်ရှင်၏ ဝေဖန်ပြစ်တင်ခြင်း ခံရတော့မည်။ ကျွန်မလုပ်သက် ၂၄ နှစ် ကာလ အတွင်း အစွန်းအထင်းတစ်ခုမျှ မရှိခဲ့။ ယခုလည်း ဘတ်ဂျက်များကို အချိန်မီ မတင်ပြနိုင်ခြင်းမှာ အောက်ခြေမှ စီမံမှုညံ့ဖျင်းသောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ကျွန်မသည် အလုပ်ကိစ္စများကို အချိန်မီတင်ပြနိုင်ရန် တာဝန် အရှိဆုံးဖြစ်သည်။ ထို့ကြောင့် ကျွန်မ အချိန်ပိုဆင်းကာ လုပ်ငန်းများကို အပြီးသတ်နေရသည်။
ည ၇ နာရီထိုးပြီ။
ကျွန်မက ပြင်ဆင်ထားသမျှကို နောက်ဆုံးတစ်ခေါက် ပြန်စစ်လိုက်သည်။ ကျေနပ်သွားသဖြင့် ကျွန်မ အလုပ် ဆင်းခဲ့သည်။ အစောင့်ဦးလေးကြီးကို မီးတွေ၊ တံခါးတွေ သေချာစွာပိတ်ရန် မှာခဲ့သည်။ ထို့နောက် ကျွန်မ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်လာခဲ့သည်။
ဘတ်စ်ကားဂိတ်တွင် လူတွေအများကြီးဖြစ်နေသည်။ ကားစောင့်နေကြသည့် လူအုပ်ကြီးထဲ ကျွန်မတိုးဝင် လိုက်ရသည်။ ကားတစ်စီးလာသည်။ တက်မရ။
နောက်တစ်စီး
နောက်တစ်စီး
ကျွန်မတစ်ခု သတိထားလိုက်မိသည်။ လူကြီးတစ်ယောက်က ကျွန်မကို စိုက်ကြည့်နေသည်။ သူက မချမ်းသော်လည်း အနွေးထည်အရှည်ကြီးဝတ်ထားသည်။ သူ့ဆံပင်တွေက တစ်ခေါင်းလုံး ဖြူဖွေးနေသည်။ ကျွန်မကလည်း တိုက်ဆိုင်မှုဖြစ်မှာပါဟု ထင်ခဲ့သည်။ သို့သော် နောက်တစ်ကြိမ် သူ့ကို မကြည့်ဘဲ မနေနိုင် သဖြင့် ပြန်ကြည့်တော့လည်း သူက ကျွန်မကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျွန်မ ထိတ်လန့်သွား မိသည်။
ထိုစဉ် ဘတ်စ်ကားတစ်စီး ဆိုက်လာသည်။ ကျွန်မလည်း လူတွေနှင့်အတူ တိုးဝှေ့ပြီး ကားပေါ်ကို တက်လိုက် သည်။ ကားပေါ်တွင် ထိုင်ခုံတွေ လူပြည့်နေသည်။ မတ်တတ်ရပ်နေသူတွေကြားထဲကို ကျွန်မအသာလေး တိုးဝင်ပြီး ရပ်လိုက်သည်။ ကျွန်မက ကားအတက်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ကုတ်အင်္ကျီအရှည်နှင့် လူကြီးက ကျွန်မစီးသည့် ကားပေါ်တွင် ပါလာသည်။
ကျွန်မနှင့်သူ ဝေးသည်။ ကျွန်မ သူ့ကို သတိထားပြီး မကြည့်မိအောင်နေသည်။
ကျွန်မစိတ်ထဲတွင် တစ်ခုခု ကျန်နေခဲ့သလို ထင်နေသည်။ ဘာကျန်နေခဲ့ပါလိမ့်။
ကျွန်မစလင်းဘက်ပါသည်။ အိတ်ထဲတွင် အိမ်သော့လည်းပါသည်။ မေ့နိုင်စရာ အကြောင်းမရှိ။ ယနေ့ ထမင်းချိုင့်မယူ။ ရုံးတွင် သူဌေးကနေ့လယ်စာကျွေးသည်။ ဘာမေ့ခဲ့ပါလိမ့်။ ကျွန်မစိတ်ထဲတွင် ထင့်နေသည်။
ကားကတဖြည်းဖြည်းချောင်သွားသည်။ သို့သော်ထိုင်စရာခုံကတော့မရ။ ကျွန်မသူ့ကို မကြည့်ဘဲ မနေနိုင် သဖြင့် လှမ်းကြည့်လိုက်မိသည်။ သူက ဒရိုင်ဘာခုံနောက်နားတွင် မတ်တတ်ရပ်နေသည်။ ကျွန်မကို စူးစူး စိုက်စိုက်ကြည့်နေဆဲဖြစ်သည်။
ကျွန်မစိတ်ထဲမှာတော့ သူ့အကြည့်ထက်ပိုသည့် စိုးရိမ်စိတ်တစ်ခုက လွန်ကဲနေသည်။ ကျွန်မတစ်ခုခု မေ့ခဲ့ပြီ ထင်သည်။
ကျွန်မဆင်းရမည့် မှတ်တိုင်ကို ရောက်လာပြီ။ ကျွန်မသူ့ကို လှမ်းကြည့်လိုက်သည်။ သူမရှိတော့။ ဘယ်မှတ်တိုင်တွင် ဆင်းသွားသည်မသိ။ ကျွန်မဆင်းရမည့် မှတ်တိုင်တွင် ကျွန်မဆင်းလိုက်သည်။ ကျွန်မ စိတ်လေးနေသည်။
ကျွန်မတစ်ခုခု မေ့ခဲ့ပြီထင်သည်။
ကျွန်မတိုက်ခန်းကို ရောက်လာသည်။ သော့ကိုဖွင့်မည်လုပ်ပြီးမှ စိတ်ထဲတွင် တစ်ခုခုဖြစ်လာသဖြင့် အိမ်သော့ကို မဖွင့်တော့ဘဲ ကျွန်မလမ်းထိပ်ကို ပြန်ထွက်လာသည်။ ရုံးတွင် ဟော့ပလိတ်များ မပိတ်ခဲ့ဘူးလား။ ရေနွေးကြိုသည့်အိုးကို တန်းလန်းထားခဲ့သလား ကျွန်မစိတ်ပူနေသည်။
ကျွန်မ ဘတ်စ်ကားကို ပြန်စီးသည်။ မြို့ထဲကို လူချောင်သည်။ ကျွန်မ နောက်ဆုံးခုံတန်းတွင် သွားထိုင်လိုက် သည်။ စိတ်ထဲတွင် လေးလံနေမိသည်ကတော့ အမှန်ဖြစ်သည်။
ကျွန်မ ရုံးကိုရောက်လာသည်။ ရုံးစောင့်ဦးလေးကြီးက မူးနေပုံရသည်။ ဇက်ကြီးစောင်းပြီး အိပ်ပျော်နေသည်။ ကျွန်မရုံးတတိယထပ်ကို တက်လာသည်။ ကျွန်မ ရုံးခန်းကိုဖွင့်လိုက်သည်။ မီးတွေကို ရုံးစောင့်ကြီးက မပိတ်သေး။ သူ၏တာဝန်ပျက်ကွက်မှုကို မနက်မှဆူရဦးမည်။
ကျွန်မအခန်းပတ်လည်လိုက်ကြည့်သည်။ ဘာမျှထူးခြားခြင်းမရှိ။ ကျွန်မရုံးခန်းလေး၏ ဆင်နားရွက်တံခါး လေးကိုတွန်းဖွင့်ပြီး အထဲကို ဝင်လိုက်သည်။
ကျွန်မစားပွဲပေါ်တွင် အမျိုးသမီးတစ်ယောက် မှောက်လျက်အနေအထားနှင့် ရှိနေသည်။
ကျွန်မ သူ့ကိုကောင်းကောင်းသိသည်။
ကျွန်မကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။
တင်ညွန့်
၅.၂.၂၀၂၆