မိုးစက်ကလေးများနှင့်အတူ

 မိုးစက်ကလေးများနှင့်အတူ

--------------------------

စာသင်ခန်းထဲသို့ ကျွန်တော် ဝင်လိုက်ချိန်တွင် ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ ထို့ကြောင့်


“ဘယ်သူငိုနေတာလဲ” ဟု မေးလိုက်သည်။


ခုံပေါ်ကို မျက်နှာအပ်ပြီး ရှိုက်နေသူမှာ စိုးစိုးမော်ဖြစ်သည်။


“စိုးစိုးမော် ဘာဖြစ်လို့လဲ”


သူက ခေါင်းမမော့သဖြင့် ကျွန်တော်က


“မေးနေတယ်လေ မကြားဘူးလား”


စိုးစိုးမော် ခေါင်းမော့လာပြီး


“သမီးကို လိုက်စလို့ဆရာ”


“ဘယ်သူတွေက စတာလဲ”


“မိုးအောင်နဲ့ ကျော်မြင့်ပေါ့”


“မိုးအောင်နဲ့ ကျော်မြင့် ထစမ်း ... ဘာဖြစ်လို့ စိုးစိုးမော်ကို လိုက်စတာလဲ”


“သားတို့က အပျော်သဘောနဲ့ နောက်တာပါဆရာကြီး”


“ဘယ်လို နောက်တာလဲ”


သူတို့နှစ်ယောက် ခေါင်းတွေကို ငုံ့ထားကြသည်။


“သမီးကို ပိန်သေးဆိုပြီး လိုက်စတာ ဆရာ”


“ကဲကွာ ... ဟိုနှစ်ယောက် ထိုင် ... စိုးစိုးမော်လည်း မငိုနဲ့တော့ ... ဆရာတစ်ခုပြောမယ် ... လူတစ်ယောက်ကို သူ့ရဲ့ အပြင်ပန်း အားနည်းချက်ကိုကြည့်ပြီး နောက်တာ ပြောင်တာ စတာမျိုး ဆရာမကြိုက်ဘူး ... လုပ်လည်း မလုပ်သင့်ဘူး။ စိုးစိုးမော် ပိန်တာ ဘာဖြစ်သလဲ။ ဒါပေမဲ့ သူက မင်းတို့ထက် စာတော်တယ်၊ ကျောင်းလာတက်တယ် ဆိုတာ ပိန်တာတွေ၊ ဝတာတွေ၊ မည်းတာတွေ၊ ဖြူတာတွေနဲ့ မဆိုင်ဘူးကွ။ မှတ်ထား ကျောင်းရောက်ရင် အားလုံးတန်းတူပဲ။ ဒါပေမဲ့ စာတော်တာ ညံ့တာကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု စိတ်ဝင်စားမှုနဲ့ ဆိုင်တယ်။ ဟိုနှစ်ယောက် နောက်ဆို စတာနောက်တာတွေ မလုပ်နဲ့”


“ဟုတ်ကဲ့ပါဆရာ”


“ဆရာ တစ်ခုပြောမယ် သေးတယ်ဆိုပြီးတော့လည်း အထင်သေးလို့ မရဘူး။ ကဲ ... တစ်ခုလောက် စမ်းသပ်ကြည့်ရအောင်။ အခန်းတံခါးတွေ အားလုံး ပိတ်ကွာ။ တံခါးမကြီးပါ ပိတ်လိုက်”


ကလေးတွေက ပြူတင်းပေါက်တွေနှင့် တံခါးမကြီးကို ပိတ်လိုက်သည်။ အခန်းက မှောင်သွားသည်။ ကျွန်တော်က မီးခလုတ်ဆီကိုသွားပြီး မီးဖွင့်လိုက်သည်။ အခန်းအလယ် မျက်နှာကြက်တွင် တပ်ထားသော မီးလုံးက လင်းသွားသည်။


“ကဲ ... ဆရာတို့တစ်ခန်းလုံးပမာဏနဲ့ မီးလုံးလေးတစ်လုံးကို နှိုင်းယှဉ်ကြည့်လိုက်စမ်း။ အပုံ ၅၀၀၀ ပုံရင် တစ်ပုံလောက်ပမာဏလောက်ပဲရှိတယ်။ မီးလုံးလေးတစ်လုံး အလင်းက တစ်ခန်းလုံးကို ဘယ်လောက်တောင် တောက်ပသွားစေသလဲ။ ကဲ ... တံခါးတွေ ပြန်ဖွင့်လိုက်တော့”


“မီးလုံးလေးတစ်လုံးဟာ သေးပေမယ့် သူ့အစွမ်းနဲ့သူပဲ။ ကဲ ဆရာ တစ်ခုမေးမယ် ... မင်းတို့ ထမင်းချက်ရင် ဆန်ထဲကို ဆားထည့်ချက်သလား”


“မချက်ပါဘူးဆရာ”


“အေးပေါ့ ... ထမင်းချက်တာ ဆားထည့်ချက်စရာမှ မလိုတာ ... ဒါပေမဲ့ ဟင်းချက်ရင်တော့ ဆားထည့်ချက် ရတာပဲ။ ထမင်းအိုးထဲကို ဆားနည်းနည်းလေးပဲထည့်မိပါစေ ထမင်းအရသာ ပျက်တယ်။ အဲဒီလိုပဲ ဟင်းထဲကို လည်း ဆားမထည့်ရင် မကောင်းသလို၊ လိုတဲ့ အတိုင်းအတာထက် ပိုသွားရင်လည်း ဟင်းပျက်တယ်။ နောက်တယ် ပြောင်တယ် ဆိုတာ အတိုင်းအတာ တစ်ခုအထိလောက်ပဲ ကောင်းတယ်။ သူတစ်ပါး အားနည်းချက်ကို ရှာပြီးတော့ ချိုးနှိမ်နောက်ပြောင်တာမျိုး မဖြစ်သင့်ဘူး။ စိုးစိုးမော် ပိန်တာဘာဖြစ်သလဲ။ သူ့အရွယ်ကြောင့်၊ သူစားနိုင်သောက်နိုင်တဲ့အနေအထားကြောင့် ပိန်နေတာ။ ဒါပေမဲ့ သူကဉာဏ်ကောင်းတယ်။ စာကြိုးစားတယ်။ မိုးအောင် မင်းက ဝတော့ မင်းကို ဖက်တီးပုပ်ကြီးလို့ ခေါ်ရင်ကြိုက်မလား”


“မကြိုက်ပါဘူးဆရာ”


“ဒီလိုပဲပေါ့ကွယ် ... ကျော်မြင့် ... မင်းကရော အရပ်ပုလို့ ဂျပုလို့ခေါ်ရင် ကြိုက်မလား”


“မကြိုက်ဘူးဆရာ”


“အေးပေါ့ကွ ... ကိုယ့်ကို အဲသည်လို ချိုးနှိမ်ခေါ်တာ မကြိုက်ရင် ... သူများကိုလည်း မခေါ်မပြောမိအောင် ဂရုစိုက်ရမှာပေါ့ ... လောကကြီးမှာ ကြီးတာ ငယ်တာ ပိန်တာ ဝတာတွေဟာ အဓိကမကျပါဘူး။ လူပီသအောင်နေဖို့ လူပီသအောင်ပြောဆိုဖို့ပဲ အရေးကြီးတာ။ အားလုံးဟာ သူ့တန်ဖိုးနဲ့သူရှိတယ်။ တန်ဖိုးရှိတယ်ဆိုပေမဲ့ တန်ဖိုးဆိုတာ နေရာအလိုက် ပြောင်းလဲသွားတတ်တယ်ဆိုတာကိုလည်း သတိထား ရမယ်။ ကဲ ဆရာလက်တွေ့ ပြမယ်”


ထိုအချိန်က မိုးရွာနေသဖြင့် ကျွန်တော်က ပြတင်းပေါက်အပြင်ကို လက်ထုတ်ကာ လက်ဖြင့် မိုးရေကို ခံလိုက်သည်။


“ဆရာ့လက်ထဲမှာ ဘာလဲ”


“မိုးရေပါဆရာ”


“မိုးပေါ်က ကျလာတဲ့ရေ ... မိုးရေပေါ့နော် ... ကဲ အဲဒီရေဟာ သန့်သန့်လေး ... ဆရာ သောက်လိုက်လို့ရတယ်”


ကျွန်တော်က လက်ခုပ်ထဲမှ ရေကို သောက်ပြလိုက်သည်။


“ကျောင်းခေါင်မိုးပေါ်က ကျလာတဲ့ ရေတွေဟာ ဘယ်ကို ရောက်သွားလဲ”


“အောက်က မြောင်းထဲကိုပါဆရာ”


“အဲဒီ မြောင်းထဲ ကျသွားတဲ့ မိုးရေတွေကို မင်းတို့ခပ်သောက်လို့ ရသလား”


“မရပါဆရာ”


“ဟုတ်ပြီ မိုးပေါ်ကကျတဲ့ ရေပဲနော် မြောင်းထဲရောက်သွားချိန်မှာ မင်းတို့ ခြေထောက်တွေကိုတောင် ဆေးချင် တော့မှာ မဟုတ်ဘူး။ နေရာအလိုက် တန်ဖိုးတွေက ကျချင်တိုင်းကျသွားတယ်။ မိုးပေါ်ကရေက မြေပြင်ပေါ်ကို ဘာမှ ခွဲခြားခြင်းမရှိ ရွာချပေးနေတယ်။ ဒါပေမဲ့ အဲဒီရေတွေဟာ သူရောက်တဲ့ နေရာအလိုက်၊ သူ့ကို ခံယူတဲ့ နေရာအလိုက် တန်ဖိုးတက်သွားတာ ရှိသလို ... တန်ဖိုးမဲ့သွားတာတွေလည်း ဖြစ်သွားနိုင်တာကို သတိပြုဖို့ လိုတယ်”


“မိုးရေစက်လေးတစ်စက်ချင်းရဲ့တန်ဖိုးက ရှိပြီးသား။ သူတို့ရဲ့ နေရာအလိုက် တန်ဖိုးက ပြောင်းလဲသွားတာ သတိပြုရမယ်။ မိုးရေကို ရေခွက်နဲ့ ခံရင် သောက်လို့ရမယ်။ ရေခွက်ဆိုတာလည်း ခွက်သန့်သန့်နဲ့ခံမှ ရေခွက်ထဲကရေက တန်ဖိုးတက်တယ်။ သောက်နိုင်လိမ့်မယ်။ ညစ်ပတ်နေတဲ့ ခွက်နဲ့ မိုးရေကို ခံရင်လည်း ရေကညစ်ပတ်သွားလိမ့်မယ်။ အဲဒီမိုးရေဟာ မြောင်းထဲရောက်သွားရင် ခပ်သောက်လို့ မရတော့ဘူး”


“လူအချင်းချင်းလည်း ဒီအတိုင်းပဲ။ တန်ဖိုးဆိုတာ တစ်ဦးချင်းမှာ ရှိပြီးသားဆိုတာ နားလည်ထားရမယ်။ အေး ... မင်းတို့သတ်မှတ်ချင်တိုင်း သတ်မှတ်တာဟာ တကယ့်တန်ဖိုး အစစ် မဟုတ်ဘူး။ တကယ့်တန်ဖိုးအစစ်ဆိုတာ ကိုယ်ပိုင်အရည်အချင်းပဲ။ ငါ့တပည့်တွေကို ဘာမဆို ကိုယ်ချင်းစာစိတ်ထားနဲ့ ပြောဆို ဆက်ဆံ တာမျိုးတွေပဲ ဖြစ်စေချင်တယ်။ အချင်းချင်း ချိုးဖဲ့ပြော၊ နှိမ်ပြောလိုက်လို့ တန်ဖိုးတစ်ခုဟာ ပဲ့မသွားဘူး။ မင်းတို့ ခံယူတဲ့ စိတ်ဓာတ်တွေကပဲအရေးကြီးတယ်”


“ကိုင်း မိုးအောင်နဲ့ ကျော်မြင့်ကိုပဲ ပြောတာ မဟုတ်ဘူးနော် ... တစ်တန်းလုံးကို ပြောနေတာ သဘောပေါက်တယ် မဟုတ်လား”


“ဟုတ်ကဲ့ပါ”


တင်ညွန့်


၁၃.၉.၂၀၂၂