မေ့လို့(စ/ဆုံး)
———-
အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးတင်မြသည် လမ်းလျှောက်ပြန်လာပြီးကတည်းက အိမ်ရှေ့တွင် ပက်လက် ကုလားထိုင်ပေါ်၌ စာထိုင်ဖတ်နေသည်။ စာဖတ်ရင်းကလည်း ခဲတံလေးနှင့် စာရွက်လေးပေါ် ချရေးလိုက်၊ စာညှပ်လေးတွေ ထိုးလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေချိန်
“ကိုမြ”
“ဘာလဲကွယ်”
“ဘုရားသွားရအောင်တော်”
“အိမ်ကဘုရားက ဘာဖြစ်နေလို့လဲ”
“ရှင့်ကိုပြောလိုက်ရင် ဒီအတိုင်းပဲ။ ဒီနေ့ ဘာနေလဲ”
“သောကြာနေ့လေ”
ရှင်တော့ ခက်တော့တာပဲ … ဒါနဲ့ ကျွန်မ မေးစမ်းပါရစေ”
“ဘာမေးမလို့လဲ”
“ဗန်းမော်တင်အောင် ကွယ်လွန်တာ ဘယ်နေ့လဲ”
“၁၉၇၈ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့”
“ဒဂုန်တာရာ ကွယ်လွန်တာကရောရှင်”
“၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်”
“ရှင် အားလုံးကို အတိအကျ သိနေတာပဲ။ ဒီနေ့ ဘာနေ့လဲ”
“သောကြာနေ့လေ … ဘာဖြစ်လို့ ခဏ ခဏထပ်မေးနေရတာလဲ”
“ရှင့်ကို ကျွန်မ အဲဒါတွေ စိတ်ကုန်တာ သိလား။ ရှင်သိချင်တဲ့လူတွေရဲ့ နေ့တွေကို ရှင်က အတိအကျ အလွတ်ရနေပြီး ကျွန်မ မွေးနေ့ကိုကျတော့ မေ့နေရသလား”
“ဒီနေ့ မင်းမွေးနေ့လား”
“ဟုတ်တယ် … ကျွန်မ ရှင့်ကို သိပ်ပြီးတော့ စိတ်ဆိုးတယ်သိလား။ နှစ်တိုင်း ကျွန်မမွေးနေ့ဆိုရင် ဘယ်သွားတတ်တယ် ဆိုတာကိုရော ရှင်မေ့နေပြီလား။ ရှင်ဟာလေ ရှင့်မယားကြီးလောက် ကျွန်မကို ဘယ်တော့မှ ဂရုစိုက်တာမဟုတ်ဘူး”
အမှန်တော့ ဆရာကြီး ဦးတင်မြတွင် မယားကြီး မရှိ။ သို့သော် ဇနီးဖြစ်သူက သူ့စာအုပ်တွေက သူ့မယားကြီး၊ သူကတော့ မယားငယ်ဟု အမြဲ စကားနာထိုးတတ်သည်။
“မရွှေတင့်ရယ် ငါမေ့တတ်လာတာ မင်းသိသားနဲ့ကွယ်။ အသက် ၇၀ ကျော်လာမှ ဘယ်လိုမေ့တတ်မှန်း မသိဘူး၊ စိတ်မကောင်းလိုက်တာကွယ်”
“ရှင်သတိရချင်တာကျတော့ သတိရပြီး … မေ့ချင်တာတွေ အကုန်မေ့နေတာ မလွန်ဘူးလား”
“မမေ့ချင်ပါဘူး မရွှေတင့်ရယ် … ဒါပေမဲ့ ငါဘာဖြစ်မှန်း မသိပါဘူး။ ငါဖတ်နေတဲ့ စာအုပ်တွေ၊ ငါကြိုက်တဲ့ စာရေးဆရာတွေအကြောင်း အကုန်မှတ်မိတယ်။ ကျန်တာတွေကိုတော့ ဘယ်လိုမှ မမှတ်မိဘူး။ ကဲပါကွယ် ဘုရားသွားဆိုတော့လည်း သွားကြတာပေါ့။ ဒါပေမဲ့ ဘုရားကို ဘယ်လိုင်းကားတွေ စီးသွားရသလဲ ငါမမှတ်မိ တော့ဘူး”
“ကဲပါ အဝတ်အစားလဲ … သွားကြမယ်”
လင်မယားနှစ်ယောက် ထီးလေးတစ်ချောင်း အတူဆောင်းကာ ထွက်လာကြသည်။
သူတို့ ဘုရားကို ရောက်လာကြသည်။ ဒေါ်ရွှေတင့်က သူ့မွေးနံထောင့်ရှေ့ရှိ ဇရပ်လေးထဲတွင်ထိုင်ပြီး
“ကိုမြ … စိပ်ပုတီးလေးပေးပါဦး”
သူက တိုက်ပုံအင်္ကျီအိတ်ထဲကို ဟိုရှာသည်ရှာလုပ်ပြီး
“ဟာ ဒုက္ခပဲ စိပ်ပုတီး ယူလာဖို့ မေ့ခဲ့ပြန်ပြီ”
“ရှင်ဟာ စိတ်ပျက်စရာ ကောင်းလိုက်တာ … မထွက်လာခင်က သေသေချာချာ လက်ကိုင်ပဝါနဲ့ ထုပ်ပေးထားပြီး ရှင့်စားပွဲပေါ်တင်ထားတာလေ။ ရှင်ပဲယူလာမယ်ဆို။ ကျွန်မ ဘယ်လို ပုတီးစိပ်ရမလဲ ခက်တော့တာပဲ”
“မပူပါနဲ့ကွယ် … ငါစောင်းတန်းထဲဆင်းပြီး စိပ်ပုတီးတစ်ကုံး သွားဝယ်ပေးပါ့မယ်။ ခဏလေးစောင့်”
ဦးတင်မြက ခါးလေးကိုင်းကိုင်းနှင့် အပြေးလေးထွက်သွားသည်။
ဒေါ်ရွှေတင့်က ဘုရားရှိခိုးနေသည်။ သူဘုရားရှိခိုးလို့သာ ပြီးသွားသည် ကိုမြက ပြန်မရောက်လာသေး။ ဘုရားရှိခိုးသည်မှာ မကြားဘူးဆိုလျှင် ၁၅ မိနစ်ခန့်ရှိပေလိမ့်မည်။ ဒေါ်ရွှေတင့် တရားဆက်ထိုင်သည်။ ဘုရားပေါ်တွင် လူကလည်းရှင်း တိတ်ကလည်း တိတ်ဆိတ်နှင့် ကြည်နူးစရာ ကောင်းလှပေသည်။
နောက်ထပ်နာရီဝက်ကြာသွားသည်။ ကိုမြတစ်ယောက် ပေါ်မလာသေး။ သူစိတ်ပူစပြုပြီ။ ထို့ကြောင့် ကိုမြဆင်းသွားသော စောင်းတန်းအတိုင်း ဟိုကြည့် သည်ကြည့်နှင့် ဆင်းခဲ့သည်။ စောင်းတန်းသာ ဆုံးသွားသည် ကိုမြကို မတွေ့။
ဒေါ်ရွှေတင့်တစ်ယောက် တောင်ကြည့် မြောက်ကြည့်နှင့် စောင်းတန်း အဆင်းတွင် ထိုင်နေသော ဘုရားရဲကို မေးလိုက်သည်
“ဒီမှာကွယ် တိုက်ပုံအညိုရောင်လေးဝတ်ထားတဲ့ အရပ်မြင့်မြင့် အသားဖြူဖြူ ခါးကိုင်းကိုင်းနဲ့ အဘိုးကြီး တစ်ယောက်ကို မတွေ့မိဘူးလား”
“မျက်မှန်နဲ့လား”
“ဟုတ်တယ် မျက်မှန်နဲ့”
“ကျွန်တော့်ကို စာအုပ်ဆိုင်တွေက ဘယ်ဘက်မှာလဲလို့ လာမေးသွားတယ်”
“ဟုတ်လား … စာအုပ်ဆိုင်တွေက ဘယ်ဘက်မှာလဲ”
“ဟိုအလယ်က ပန်းတန်းနားရောက်ရင် ဘယ်ဘက်ကိုချိုးသွားလိုက်လေ စာအုပ်ဆိုင်တွေပဲ”
ဒေါ်ရွှေတင့်တစ်ယောက် သူညွှန်သည့် လမ်းအတိုင်း လိုက်ခဲ့သည်။
တွေ့ပါပြီ
ကိုမြတစ်ယောက် ဆိုင်တစ်ဆိုင်ရှေ့ လှေကားခုံတွင် ကျကျနနထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ ဒေါ်ရွှေတင့်က သူ့ရှေ့တည့်တည့် သွားရပ်ပြီး
“ကိုမြ” ဟု ဆောင့်ကြီးအောင့်ကြီး ခေါ်လိုက်သည်။
သူကမော့ကြည့်သည်
“ရှင်ဘာလုပ်နေတာလဲ”
“စာဖတ်နေတာလေ မမြင်ဘူးလား”
“ရှင် ဘုရားပေါ်က ဘာဖြစ်လို့ ဆင်းသွားတာလဲ”
“ငါက ဘုရားပေါ်က ဘာဖြစ်လို့ဆင်းသွားတာလဲ”
“ရှင် ပုတီးဝယ်ဖို့ သွားမယ်ဆို”
“ဟုတ်လို့လား … ငါက ဘာဖြစ်လို့ ပုတီးဝယ်ရမှာလဲ”
“ထ … သွားကြမယ်”
ဦမြက သူကိုင်ထားသည့် စာအုပ်လေးကို ဆိုင်ရှင်အား ထောင်ပြပြီး မေးလိုက်သည်
“ဒါ တစ်အုပ်ဘယ်လောက်လဲ”
“ခြောက်ထောင်ပါ ဦးလေး”
သူက ပိုက်ဆံကို ဟိုနှိုက် သည်နှိုက်ရှာသည်
“ဟာ ပိုက်ဆံမေ့ခဲ့ပြန်ပြီ … သမီးရေ နောက်မှ လာယူလို့ရလား ပိုက်ဆံမေ့ခဲ့လို့”
“ရပါတယ် ဦးလေး”
သူက စာအုပ်ကို ပြန်ပေးလိုက်သည်။ ထို့နောက်
“မရွှေတင့် ကျုပ်တို့ဘယ်သွားကြမှာလဲဟင်”
“သင်္ချိုင်းကုန်းကို”
“ဟုတ်လား … ဘယ်သူသေလို့လဲ”
ဒေါ်ရွှေတင့်က စိတ်ဆိုးကာ ရှေ့မှ ထွက်သွားသည်။ စာအုပ်ဆိုင်က ကောင်မလေးတွေကရယ်ကြသည်။ ဦးတင်မြက ခေါင်းကုတ်သည်။
“ဘယ်သူသေလို့ပါလိမ့်” ဟု တစ်ယောက်တည်းပြောကာ နောက်ကလိုက်သွားကာ
“မရွှေတင့် … မရွှေတင့်” ဟု ခေါ်လိုက်သည်။
“ဘာတုန်း”
“ငါ့ဖိနပ် ဘယ်မှာချွတ်ထားခဲ့သလဲ မသိဘူး”
တင်ညွန့်
၁၀.၂.၂၀၂၄