မေ့လို့

 ‎မေ့လို့(စ/ဆုံး)


‎———-

‎အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးတင်မြသည် လမ်းလျှောက်ပြန်လာပြီးကတည်းက အိမ်ရှေ့တွင် ပက်လက် ကုလားထိုင်ပေါ်၌ စာထိုင်ဖတ်နေသည်။ စာဖတ်ရင်းကလည်း ခဲတံလေးနှင့် စာရွက်လေးပေါ် ချရေးလိုက်၊ စာညှပ်လေးတွေ ထိုးလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေချိန်

‎“ကိုမြ”

‎“ဘာလဲကွယ်”

‎“ဘုရားသွားရအောင်တော်”

‎“အိမ်ကဘုရားက ဘာဖြစ်နေလို့လဲ”

‎“ရှင့်ကိုပြောလိုက်ရင် ဒီအတိုင်းပဲ။ ဒီနေ့ ဘာနေလဲ”

‎“သောကြာနေ့လေ”

‎ရှင်တော့ ခက်တော့တာပဲ … ဒါနဲ့ ကျွန်မ မေးစမ်းပါရစေ”

‎“ဘာမေးမလို့လဲ”

‎“ဗန်းမော်တင်အောင် ကွယ်လွန်တာ ဘယ်နေ့လဲ”

‎“၁၉၇၈ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့”

‎“ဒဂုန်တာရာ ကွယ်လွန်တာကရောရှင်”

‎“၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်”

‎“ရှင် အားလုံးကို အတိအကျ သိနေတာပဲ။ ဒီနေ့ ဘာနေ့လဲ”

‎“သောကြာနေ့လေ … ဘာဖြစ်လို့ ခဏ ခဏထပ်မေးနေရတာလဲ”

‎“ရှင့်ကို ကျွန်မ အဲဒါတွေ စိတ်ကုန်တာ သိလား။ ရှင်သိချင်တဲ့လူတွေရဲ့ နေ့တွေကို ရှင်က အတိအကျ အလွတ်ရနေပြီး ကျွန်မ မွေးနေ့ကိုကျတော့ မေ့နေရသလား”

‎“ဒီနေ့ မင်းမွေးနေ့လား”

‎“ဟုတ်တယ် … ကျွန်မ ရှင့်ကို သိပ်ပြီးတော့ စိတ်ဆိုးတယ်သိလား။ နှစ်တိုင်း ကျွန်မမွေးနေ့ဆိုရင် ဘယ်သွားတတ်တယ် ဆိုတာကိုရော ရှင်မေ့နေပြီလား။ ရှင်ဟာလေ ရှင့်မယားကြီးလောက် ကျွန်မကို ဘယ်တော့မှ ဂရုစိုက်တာမဟုတ်ဘူး”

‎အမှန်တော့ ဆရာကြီး ဦးတင်မြတွင် မယားကြီး မရှိ။ သို့သော် ဇနီးဖြစ်သူက သူ့စာအုပ်တွေက သူ့မယားကြီး၊ သူကတော့ မယားငယ်ဟု အမြဲ စကားနာထိုးတတ်သည်။

‎“မရွှေတင့်ရယ် ငါမေ့တတ်လာတာ မင်းသိသားနဲ့ကွယ်။ အသက် ၇၀ ကျော်လာမှ ဘယ်လိုမေ့တတ်မှန်း မသိဘူး၊ စိတ်မကောင်းလိုက်တာကွယ်”

‎“ရှင်သတိရချင်တာကျတော့ သတိရပြီး … မေ့ချင်တာတွေ အကုန်မေ့နေတာ မလွန်ဘူးလား”

‎“မမေ့ချင်ပါဘူး မရွှေတင့်ရယ် … ဒါပေမဲ့ ငါဘာဖြစ်မှန်း မသိပါဘူး။ ငါဖတ်နေတဲ့ စာအုပ်တွေ၊ ငါကြိုက်တဲ့ စာရေးဆရာတွေအကြောင်း အကုန်မှတ်မိတယ်။ ကျန်တာတွေကိုတော့ ဘယ်လိုမှ မမှတ်မိဘူး။ ကဲပါကွယ် ဘုရားသွားဆိုတော့လည်း သွားကြတာပေါ့။ ဒါပေမဲ့ ဘုရားကို ဘယ်လိုင်းကားတွေ စီးသွားရသလဲ ငါမမှတ်မိ တော့ဘူး”

‎“ကဲပါ အဝတ်အစားလဲ … သွားကြမယ်”

‎လင်မယားနှစ်ယောက် ထီးလေးတစ်ချောင်း အတူဆောင်းကာ ထွက်လာကြသည်။

‎သူတို့ ဘုရားကို ရောက်လာကြသည်။ ဒေါ်ရွှေတင့်က သူ့မွေးနံထောင့်ရှေ့ရှိ ဇရပ်လေးထဲတွင်ထိုင်ပြီး

‎“ကိုမြ … စိပ်ပုတီးလေးပေးပါဦး”

‎သူက တိုက်ပုံအင်္ကျီအိတ်ထဲကို ဟိုရှာသည်ရှာလုပ်ပြီး

‎“ဟာ ဒုက္ခပဲ စိပ်ပုတီး ယူလာဖို့ မေ့ခဲ့ပြန်ပြီ”

‎“ရှင်ဟာ စိတ်ပျက်စရာ ကောင်းလိုက်တာ … မထွက်လာခင်က သေသေချာချာ လက်ကိုင်ပဝါနဲ့ ထုပ်ပေးထားပြီး ရှင့်စားပွဲပေါ်တင်ထားတာလေ။ ရှင်ပဲယူလာမယ်ဆို။ ကျွန်မ ဘယ်လို ပုတီးစိပ်ရမလဲ ခက်တော့တာပဲ”

‎“မပူပါနဲ့ကွယ် … ငါစောင်းတန်းထဲဆင်းပြီး စိပ်ပုတီးတစ်ကုံး သွားဝယ်ပေးပါ့မယ်။ ခဏလေးစောင့်”

‎ဦးတင်မြက ခါးလေးကိုင်းကိုင်းနှင့် အပြေးလေးထွက်သွားသည်။

‎ဒေါ်ရွှေတင့်က ဘုရားရှိခိုးနေသည်။ သူဘုရားရှိခိုးလို့သာ ပြီးသွားသည် ကိုမြက ပြန်မရောက်လာသေး။ ဘုရားရှိခိုးသည်မှာ မကြားဘူးဆိုလျှင် ၁၅ မိနစ်ခန့်ရှိပေလိမ့်မည်။ ဒေါ်ရွှေတင့် တရားဆက်ထိုင်သည်။ ဘုရားပေါ်တွင် လူကလည်းရှင်း တိတ်ကလည်း တိတ်ဆိတ်နှင့် ကြည်နူးစရာ ကောင်းလှပေသည်။

‎နောက်ထပ်နာရီဝက်ကြာသွားသည်။ ကိုမြတစ်ယောက် ပေါ်မလာသေး။ သူစိတ်ပူစပြုပြီ။ ထို့ကြောင့် ကိုမြဆင်းသွားသော စောင်းတန်းအတိုင်း ဟိုကြည့် သည်ကြည့်နှင့် ဆင်းခဲ့သည်။ စောင်းတန်းသာ ဆုံးသွားသည် ကိုမြကို မတွေ့။

‎ဒေါ်ရွှေတင့်တစ်ယောက် တောင်ကြည့် မြောက်ကြည့်နှင့် စောင်းတန်း အဆင်းတွင် ထိုင်နေသော ဘုရားရဲကို မေးလိုက်သည်

‎“ဒီမှာကွယ် တိုက်ပုံအညိုရောင်လေးဝတ်ထားတဲ့ အရပ်မြင့်မြင့် အသားဖြူဖြူ ခါးကိုင်းကိုင်းနဲ့ အဘိုးကြီး တစ်ယောက်ကို မတွေ့မိဘူးလား”

‎“မျက်မှန်နဲ့လား”

‎“ဟုတ်တယ် မျက်မှန်နဲ့”

‎“ကျွန်တော့်ကို စာအုပ်ဆိုင်တွေက ဘယ်ဘက်မှာလဲလို့ လာမေးသွားတယ်”

‎“ဟုတ်လား … စာအုပ်ဆိုင်တွေက ဘယ်ဘက်မှာလဲ”

‎“ဟိုအလယ်က ပန်းတန်းနားရောက်ရင် ဘယ်ဘက်ကိုချိုးသွားလိုက်လေ စာအုပ်ဆိုင်တွေပဲ”

‎ဒေါ်ရွှေတင့်တစ်ယောက် သူညွှန်သည့် လမ်းအတိုင်း လိုက်ခဲ့သည်။

‎တွေ့ပါပြီ

‎ကိုမြတစ်ယောက် ဆိုင်တစ်ဆိုင်ရှေ့ လှေကားခုံတွင် ကျကျနနထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ ဒေါ်ရွှေတင့်က သူ့ရှေ့တည့်တည့် သွားရပ်ပြီး

‎“ကိုမြ” ဟု ဆောင့်ကြီးအောင့်ကြီး ခေါ်လိုက်သည်။

‎သူကမော့ကြည့်သည်

‎“ရှင်ဘာလုပ်နေတာလဲ”

‎“စာဖတ်နေတာလေ မမြင်ဘူးလား”

‎“ရှင် ဘုရားပေါ်က ဘာဖြစ်လို့ ဆင်းသွားတာလဲ”

‎“ငါက ဘုရားပေါ်က ဘာဖြစ်လို့ဆင်းသွားတာလဲ”

‎“ရှင် ပုတီးဝယ်ဖို့ သွားမယ်ဆို”

‎“ဟုတ်လို့လား … ငါက ဘာဖြစ်လို့ ပုတီးဝယ်ရမှာလဲ”

‎“ထ … သွားကြမယ်”

‎ဦမြက သူကိုင်ထားသည့် စာအုပ်လေးကို ဆိုင်ရှင်အား ထောင်ပြပြီး မေးလိုက်သည်

‎“ဒါ တစ်အုပ်ဘယ်လောက်လဲ”

‎“ခြောက်ထောင်ပါ ဦးလေး”

‎သူက ပိုက်ဆံကို ဟိုနှိုက် သည်နှိုက်ရှာသည်

‎“ဟာ ပိုက်ဆံမေ့ခဲ့ပြန်ပြီ … သမီးရေ နောက်မှ လာယူလို့ရလား ပိုက်ဆံမေ့ခဲ့လို့”

‎“ရပါတယ် ဦးလေး”

‎သူက စာအုပ်ကို ပြန်ပေးလိုက်သည်။ ထို့နောက်

‎“မရွှေတင့် ကျုပ်တို့ဘယ်သွားကြမှာလဲဟင်”

‎“သင်္ချိုင်းကုန်းကို”

‎“ဟုတ်လား … ဘယ်သူသေလို့လဲ”

‎ဒေါ်ရွှေတင့်က စိတ်ဆိုးကာ ရှေ့မှ ထွက်သွားသည်။ စာအုပ်ဆိုင်က ကောင်မလေးတွေကရယ်ကြသည်။ ဦးတင်မြက ခေါင်းကုတ်သည်။

‎“ဘယ်သူသေလို့ပါလိမ့်” ဟု တစ်ယောက်တည်းပြောကာ နောက်ကလိုက်သွားကာ

‎“မရွှေတင့် … မရွှေတင့်” ဟု ခေါ်လိုက်သည်။

‎“ဘာတုန်း”

‎“ငါ့ဖိနပ် ဘယ်မှာချွတ်ထားခဲ့သလဲ မသိဘူး”

‎တင်ညွန့်

‎၁၀.၂.၂၀၂၄