ခွင့်လွှတ်ပါ
----------
တိုက်ခန်းတံခါးကို ဖွင့်လိုက်သည့်အခါတွင် အောက်သိုးသိုးအနံ့တွေက နှာခေါင်းထဲ တိုးဝင်လာသည်။ အဝတ်တွေလျှော်ရတော့မည်။ အဝတ်လျှော်ပေးသည့် အစ်မကြီးကလည်း ရွာပြန်သွားသဖြင့် အဝတ်တွေကို လာမယူသည်မှာကြာပြီ။
ဟိုး ... အရင်ကဆိုလျှင်
“ချွတ်တော့လေ ... အဲဒီအင်္ကျီကြီးကို ဘယ်နှရက် ဝတ်နေမှာလဲ ... နံနေပြီ” ဆိုသည့် အသံစာစာလေးကို ကြားရလိမ့်မည်။
သူက တံခါးကိုပြန်ပိတ်၊ မီးဖွင့်ပြီး ဆိုဖာပေါ်ထိုင်လိုက်သည်။
စားပွဲပေါ်တွင် ရှိနေသည့် လက်ပ်တော့ ကွန်ပျူတာလေးကို ဖွင့်လိုက်သည်။
Password ကို ရိုက်ထည့်လိုက် သည်။
“ဟ ... ဘာဖြစ်တာလဲ”
သူက screen ကိုကြည့်ပြီးအော်လိုက်ခြင်းဖြစ်သည်။ သူယခင်က Window screen အတိုင်းထားသည်မှာ သေချာပါသည်။ ယခု မြင်ကွင်းကပြောင်းနေသည်။ ကျိုက်ထီးရိုး ရင်ပြင်နှင့် ဘုရားပုံဖြစ်နေသည်။ ပြီးတော့
သူနှင့်အေးရိပ်
ယခု သူပြန်ပြီး သတိရသွားသည်
မနှစ်က ဤနေ့တွင် သူတို့ ကျိုက်ထီးရိုးဘုရားပေါ်တွင် ရှိနေသည်။ သူတို့ဆိုသည်မှာ
“သူနှင့်အေးရိပ်”
ကျိုက်ထီးရိုးဘုရားခရီးစဉ် ဓာတ်ပုံတွေက သူ့ကွန်ပျူတာထဲတွင် ရှိပြီးသားဖြစ်သည်။ သို့သော် မည်သူက screen ကို လာပြောင်းသွားသနည်း။ သူ့ကွန်ပျူတာကို မည်သူလာဖွင့်သွားသနည်း။
“တိုက်က တံခါးပိတ်ထားတယ်”
“ကွန်ပျူတာက Password ခံထားတယ်”
သူထိုင်ပြီးစဉ်းစားနေသည်။ Screen ကို မည်သူပြောင်းသွားသနည်း။
ယမန်နှစ်က ကျိုက်ထီးရိုးသွားထားသည့် ဓာတ်ပုံများကို ပြန်ဖွင့်ကြည့်နေမိသည်။ သူနှင့် အေးရိပ်တို့၏ အမှတ်တရပုံများ။ အေးရိပ်က သူ့ကိုဖက်ထားပြီး ဆယ်လ်ဖီဆွဲထားသည့်ပုံများ
“အေးရိပ်ရယ် ... ငါလွမ်းနေပြီ ပြန်လာပါတော့”
သူကတိုးတိုးလေး ညည်းလိုက်သည်။
အေးရိပ်အိမ်က ထွက်သွားသည်မှာ ၁၀ လကျော်ပြီ။ တစ်နေ့ပြန်လာနိုးနိုးဖြင့် သူမျှော်လင့်နေသည်။ ဖုန်းလည်း မဆက်၊ လူလည်းပြန်မလာ။
“နင့်မှာပဲ မာန ရှိသလား ... ငါလည်း ရှိတယ် ... နင်မလာတော့ လိုက်ခေါ်မယ်ထင်သလား”
သူကပေါက်ကွဲပြီးအော်လိုက်သည်။ သက်သာသလို ဖြစ်သွားသည်။ သို့သော် စဉ်းစားနေသည်။
“ငါ့ကွန်ပျူတာထဲက screen ကို ဘယ်သူလာပြောင်းသွားသလဲ”
သူက ဖုန်းကိုကောက်ကိုင်လိုက်သည်။ နာမည်တစ်ခုကို ရွေးလိုက်ပြီး နှိပ်မည် လုပ်ပြီးမှ ဖုန်းကို ပြန်ချထား လိုက်သည်။
သူက Facebook ကိုဖွင့်လိုက်သည်။ သူ့ မီးလေးစိမ်းနေမလားဟု ရှာကြည့်သည်
“တင်”
Messenger မှ စာလေးတစ်ကြောင်း တက်လာသည်
ForgiveMe
“ဟာ ... အေးရိပ် ... အေးရိပ်”
သူက စာပြန်လိုက်သည်
Always
သူက စာပြန်မည်လားဟု မျှော်လင့်နေသည်။ သို့သော် ၁၅ မိနစ်ခန့်ကြာသွားသည်။
သူက စာထပ်ရိုက်ကာ ပို့လိုက်ပြန်သည်
Return
သူစောင့်နေသည် ... သူစောင့်နေသည် ... သူစောင့်နေသည်
“ဟ ... နေဦး”
သူကစဉ်းစားနေသည်။ သူ့ကွန်ပျူတာကို ဖွင့်သည့် Password ကလည်း
ForgiveMe
“ငါ့ကွန်ပျူတာ Password ကို ဘယ်လိုသိသလဲ”
သူက ရေချိုးခန်းထဲဝင်ကာ ရေချိုးသည်။ အိပ်ရာထဲကို တစ်ကိုယ်လုံး ပစ်ချပြီး မီးကို ပိတ်လိုက်သည်။
“တင်”
Messenger မှ စာတစ်စောင်ဝင်လာဟန်တူသည်။ သူက အပြေးလေးထွက်ကာ ကြည့်လိုက်သည်
ForgiveMe
ဖုန်းကို ကောက်ကိုင်လိုက်သည်။ အမည်တစ်ခုကို ရွေးလိုက်ပြီး သူစိတ်ကိုဆုံးဖြတ်ကာ နှိပ်လိုက်သည်။
ဖုန်းကတော်တော်နှင့်မကိုင် ... သို့သော်
“ဟဲလို”
“ဟဲလို ... အေးရိပ် ... အေးရိပ်”
“ဟဲလို ချမ်းမင်းလား”
“ဟုတ်ကဲ့ ... ဒေါ်ဒေါ်လား”
“အေး ... ဟုတ်တယ် ... တို့လည်း မင်းကို ဆက်တော့မလို့”
“အေးရိပ်နဲ့ပြောပါရစေ ဒေါ်ဒေါ်”
“သမီး ခုလေးပဲ ဆုံးပြီ”
“ဗျာ”
တင်ညွန့်
၁၈.၁၂.၂၀၂၀