မျှော်လင့်ချက်…….သော့ချက်
ဟာ့ဒ်ဝဲဆိုင်ကြီးသည် ညနေ ၆ နာရီတိတိတွင် တံခါးပိတ်ရန် အချိန်ရောက်လုပြီ။
၅ နာရီ ၅၈ မိနစ်။ ဆိုင်တံခါးကိုတွန်းဖွင့်၍ ကောင်လေးတစ်ယောက် ဝင်ရောက်လာသည်။
တွမ်သည် လူသွားလမ်းကြားတစ်လျှောက် တံမြက်စည်းလှည်းနေသည်မှာ မိနစ် ၁၀ မိနစ်ခန့် ရှိနေပြီ။ ဆိုင်ပိတ်ရန် အဆင်သင့်ပြင်ဆင်နေခြင်းပင်။ အသက် ၇၀ အရွယ် တွမ်၏ ခြေထောက်တို့သည် ညောင်းညာနေပြီ။ အိမ်ပြန်ရောက်ကာ အနားယူရန်အတွက်မူ နောက်ထပ် တစ်နာရီမျှ ကြိုးစားရဦးမည်။
ဝင်လာသော ကောင်လေးသည် ၁၆ နှစ်ထက် မပိုနိုင်။ မိုးရေတို့ဖြင့် ရွှဲစိုနေကာ တစ်ကိုယ်လုံး တုန်ရီလျက်ရှိသည်။
"ငါတို့ ဆိုင်ပိတ်တော့မယ်ကွ" တွမ်က ပြောလိုက်သည်။ သူ့အသံမှာ ကြမ်းတမ်းမှု မရှိ။
"ကျေးဇူးပြုပြီးဗျာ... ကျွန်တော် တကယ် လိုအပ်လို့ပါ။ တံခါးမှာတပ်တဲ့ သော့ခလောက် တစ်ခုလောက်ပါပဲ" ကောင်လေး၏ အသံထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့နေမှု တို့ ရောယှက်နေသည်။
တွမ်သည် တံမြက်စည်းလှည်းခြင်းကို ရပ်လိုက်သည်။ "ဘယ်လိုသော့မျိုးလဲ" ဟုသာ မေးလိုက်သည်။
"ကျွန်တော်လည်း မသိဘူးဗျာ။ အလုပ်ဖြစ်ရင် ပြီးတာပဲ။ လူတွေ ဝင်မလာနိုင်အောင် တားပေးနိုင်ရင် ရပါပြီ။" ကောင်လေး၏ မျက်လုံးတစ်ဖက်သည် ဖူးရောင်ညိုမဲ နေသည်။ ဒဏ်ရာသည် လတ်လတ်ဆတ်ဆတ်၊ နာကျင်ရောင်ရမ်းနေတုန်း။
တွမ် ဘာမှ ထပ်မမေးတော့။ သော့ခလောက်တန်းဆီ ခေါ်သွားသည်။ ကောင်လေးက ၈.၉၉ ဒေါ်လာတန်၊ အပေါဆုံးသော့တစ်ခုကို လှမ်းယူလိုက်သည်။
"အဲဒါက အစုတ်ပလွတ် ပါကွာ" တွမ်က တားလိုက်သည်။ "တကယ်ဝင်ချင်တဲ့လူကို ဘယ်လိုမှ တားနိုင်မှာ မဟုတ်ဘူး"
သူသည် ဈေး ၃၄.၉၉ ဒေါ်လာတန် Deadbolt (သံမဏိသော့ချက်) အကောင်းစားကြီးတစ်ခုကို ထုတ်ပေးလိုက်သည်။
ကောင်လေး၏ မျက်နှာသည် တစ်ချက်မဲ့သွားသည်။ "ကျွန်တော့်မှာ ၁၂ ဒေါ်လာပဲ ရှိတာ" ဟု ပြောရှာသည်။
ခေါင်မိုးပေါ်တွင် မိုးသံတို့ ဆူညံနေသည်။ ဆိုင်ထဲ၌ သူတို့နှစ်ဦးမှလွဲ၍ မည်သူမှမရှိ။
တွမ်သည် ထိုသော့ချက်ကို ယူဆောင်ကာ ငွေရှင်းကောင်တာဆီ လျှောက်သွားသည်။ စက်ထဲ ရိုက်ထည့်လိုက်သည်။
"၁၂ ဒေါ်လာ ကျပါတယ်"
"ဒါပေမဲ့..."
"ဒီနေ့တစ်ရက်ပဲ လျှော့ဈေးနဲ့ ရောင်းတာ"
ကောင်လေး သိသည်။ လျှော့ဈေး မရှိမှန်း၊ ဒီအဘိုးကြီး လိမ်ပြောနေမှန်း သူ ကောင်းကောင်းသိသည်။ သူ မငိုမိအောင် ထိန်းထားသော်လည်း မရတော့။ မျက်ရည်တို့သည် စီးကျလာသည်။
တွမ်သည် သော့ကို အိတ်ထဲထည့်ရင်း ဝက်အူလှည့်တစ်ခုပါ ထပ်ထည့်ပေးလိုက်သည်။ အလကား။
"မင်း ဒါကို ဘယ်လိုတပ်ရမလဲ သိလား"
ကောင်လေးက ခေါင်းခါပြသည်။
"မင်းမှာ အချိန် မိနစ် ၂၀ လောက် ရမလား"
တွမ်၏ ထရပ်ကားနှင့် သူတို့ ထွက်လာခဲ့ကြသည်။ စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့။ ကောင်လေးက အရှေ့ပိုင်းမှ ပျက်စီးယိုယွင်းနေသော တိုက်ခန်းလေးဆီ လမ်းညွှန်ပေးသည်။ အပေါ်ထပ်အခန်း၏ တံခါးဘောင်တို့သည် အက်ကွဲနေပြီး၊ သော့ဟောင်းသည်လည်း ပျက်စီးတွဲလောင်းကျနေပြီ။
တွမ်သည် သော့ချက်ကို တပ်ဆင်ပေးလိုက်သည်။ ၁၅ မိနစ် သာ ကြာသည်။ စမ်းသပ်ကြည့်တော့ သော့သည် တောင့်တင်းခိုင်မာစွာ အလုပ်လုပ်နေပြီ။
သော့နှစ်ချောင်းလုံးကို ကောင်လေးလက်ထဲ ထည့်ပေးလိုက်သည်။
"ဘယ်သူပဲ ဝင်ဖို့ကြိုးစားကြိုးစား ရဲကို (၉၁၁) ဖုန်းဆက်နော်။ ကြားလား"
ကောင်လေးက ခေါင်းညိတ်ပြသည်။
ကားဆီသို့ ပြန်လျှောက်သွားသည့် တွမ်သည် လမ်းတစ်ဝက်အရောက်တွင် အသံတစ်သံကို ကြားလိုက်ရသည်။ "ဘာလို့လဲ..."
သူလှည့်ကြည့်လိုက်တော့ တံခါးပေါက်ဝတွင် ရပ်နေသော ကောင်လေးကို တွေ့ရသည်။ အိမ်ထဲမှ မီးရောင်ကြောင့် ကောင်လေးပုံရိပ်သည် ထင်ရှားနေပြီး လက်ထဲမှ သော့နှစ်ချောင်းကို ရွှေတုံးများ သဖွယ် ဆုပ်ကိုင်ထားသည်။
"ဘာလို့ ကျွန်တော့်ကို ကူညီတာလဲဗျာ"
တွမ် သူ့သားအကြောင်း ပြန်တွေးမိသွားသည်။ လွန်ခဲ့သော အနှစ် ၂၀ က၊ တခြားမြို့တစ်မြို့တွင်၊ ဒီလိုပဲ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများ နှင့်... သူ့သားကတော့ အသက်မရှင်ခဲ့ရှာပါ။
"မင်းက အကူအညီတောင်းခဲ့လို့ပါ ကွာ" တွမ်သည် ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။
သူ အိမ်ပြန်မောင်းလာခဲ့သည်။ မိန်းမကိုလည်း ဒီအကြောင်း မပြောပြဖြစ်၊ စိတ်ထဲတွင်လည်း မတွေးတော့။
သုံးပတ်ခန့် ကြာပြီးနောက်...
အမျိုးသမီးတစ်ယောက် ဆိုင်ထဲ ဝင်လာသည်။ အသက် ၄၀ ဝန်းကျင်၊ မျက်လုံးတို့က နွမ်းနယ်နေသော်လည်း အပြုံးတစ်ခု ပန်ဆင်ထားသည်။ "ရှင်က တွမ်လားဟင်"
"ဟုတ်ပါတယ် ခင်ဗျာ"
"ကျွန်မသားက ရှင့်အကြောင်း ပြောပြပါတယ်။ ရှင် ရောင်းပေးလိုက်တဲ့ သော့အကြောင်းလေ" သူမ ငိုပါတော့သည်။ "သူ့အဖေ... ကျွန်မရဲ့ ခင်ပွန်းဟောင်းက လူကောင်းမဟုတ်ဘူးရှင်။ ရှင်တပ်ပေးလိုက်တဲ့ သော့ကြောင့်သာ အမိန့်စာမရခင်စပ်ကြား ကျွန်မတို့ သားအမိ ဘေးကင်းခဲ့ရတာပါ။ ကျွန်မတို့ အသက်ရှူချောင်ခဲ့ရတာပါ"
သူမသည် တွမ်ကို စာအိတ်တစ်အိတ် ကမ်းပေးသည်။ "ဒါက သိပ်တော့မများပါဘူး။ ဒါပေမဲ့ ရှင်ယူခဲ့တဲ့ ၃၀ ဒေါ်လာအပြင် နည်းနည်းပိုထည့်ထားပါတယ်"
တွမ်က ငြင်းသော်လည်း သူမက လက်မခံ။
"ရှင်က သော့တစ်ချောင်း ရောင်းလိုက်တာ မဟုတ်ပါဘူးရှင်" သူမက တိုးတိုးလေး ပြောသည်။ "ရှင်က သူ့ကို မြင်ခဲ့တာပါ။ ရှင်က ကျွန်မတို့ကို မြင်ခဲ့တာပါ။ ကျွန်မတို့ သူများမျက်လုံးထဲမှာ ပျောက်ကွယ်နေချိန်တုန်းကပေါ့"
သူမ ထွက်သွားပြီးနောက် တွမ် စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ ဒေါ်လာ ၆၀ နှင့် ကောင်လေးဆီမှ စာတစ်စောင်။
"လိုအပ်နေတဲ့ အိမ်နီးချင်းတွေအတွက် သော့ ၃ ခု ထပ်တပ်ပေးဖြစ်တယ်။ ဘယ်လိုတပ်ရမလဲ ကိုယ့်ဘာသာ လေ့လာထားတာ။ နောက်နှစ်ကျရင် သက်မွေးဝမ်းကျောင်းကျောင်း တက်တော့မယ်။ တစ်နေ့ကျရင် ဟာ့ဒ်ဝဲဆိုင်မှာ အလုပ်လုပ်ပြီး ခင်ဗျားလို လူမျိုး ဖြစ်အောင် ကြိုးစားမယ်။ - မားကပ်စ် (Marcus)"
ငွေရှင်းကောင်တာနားတွင် မျက်ရည်ကျနေသော တွမ်ကို မန်နေဂျာက မြင်သွားသည်။
"တွမ်... အဆင်ပြေရဲ့လား"
"အေး... ပြေပါတယ်ကွာ" တွမ် ဖြေလိုက်သည်။
အဲဒီညမှာတော့ တွမ် ဆိုင်ပိတ်ချိန်ကျော်တာတောင် ၂ မိနစ်လောက် ပိုစောင့်နေလိုက်တယ်။ ပြီးတော့ ၅ မိနစ်၊ ပြီးတော့ ၁၀ မိနစ်။
တော်ကြာ...
တော်ကြာ ညနေ ၅ နာရီ ၅၈ မိနစ်မှာ တစ်ယောက်ယောက် ဝင်လာမလားလို့ပါ။
မိုးရေတွေရွှဲလို့...
မျှော်လင့်ချက်မဲ့လို့...
သော့ခလောက်တစ်ခုထက် ပိုတဲ့အရာကို လိုအပ်နေမလားလို့ပေါ့။
ဘာလို့လဲဆိုတော့ သူ သင်ခန်းစာတစ်ခု ရလိုက်လို့ပါ။
"တစ်နေ့တာရဲ့ နောက်ဆုံးဖောက်သည်ဟာ သင့်ဘဝမှာ အရေးအကြီးဆုံး ကူညီပေးရမယ့်သူ ဖြစ်ကောင်းဖြစ်နိုင်တယ်" ဆိုတာပါပဲ။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်