ဂျူတီဖရီး(စ/ဆုံး)
————
“ကျော်ဝဏ္ဍ..မင်း.ညနေအိမ်မှာရှိလား…ငါဂျူတီဖရီးတစ်လုံးပါလာလို့”
ဖုန်းထဲက မြင့်မောင်မောင် အသံကြောင့် ကျော်ဝဏ္ဍ ဂလု ဟုပင် စိတ်ထဲ အသံမြည်သွား၏။
မြင့်မောင်မောင်က ကုမ္ပဏီဝန်ထမ်း။ ပြီးခဲ့သည့်ရက်ကပဲ သူ့ကုမ္ပဏီ မှ နိုင်ငံခြားခရီးစဉ်ခဏလွှတ်သဖြင့် ထွက်သွားခဲ့သည်။
အခုတော့ ဒီကောင် ပြန်ရောက်ပြီပဲ။
ခေတ်ကာလအခြေအနေအရ နိုင်ငံခြားဖြစ် အကောင်းစား အရက်စစ်စစ် ဆိုတာကို သောက်ရဖို့မလွယ်။ စျေးဘယ်လောက်ကြီးကြီးကွာဆိုပြီး စွန့်စွန့်စားစားဝယ်သောက်မိလျှင်ပင် အတုနှင့်ညားတတ်သည်မဟုတ်လား။
အခုက လေဆိပ်က ဂျူတီဖရီးဆိုတော့ကာ။
“ဒဗယ်ဘလက်ကွ…မင်းအိမ်မှာပဲ ချကြမယ်လေ..မင်းမိန်းမကို.အမြည်းကောင်းကောင်းတော့ စီစဉ်ခိုင်းထားကွာ…သူလည်း နည်းနည်းကစ်တယ်မဟုတ်လား”
“ဟာ သူက ဒဗယ်ဘလက်ဆို သိပ်ကြိုက်ပဲ…စိတ်ချ..သူ့ကို ပြောလိုက်မယ်..အမြည်းလုပ်ဖို့အတွက်ကတော့ အာသောကစျေးထဲ ခုပဲ ပတ်ဝယ်ပြီဟေ့”
“အေး…ညနေလာခဲ့မယ်..ငါ့ကောင်..ရေခဲဘာညာစီစဉ်ထားဦး”
“စိတ်ချ..စိတ်ချ.”
ဘဲလ်တီးသံကြောင့် တိုက်ခန်းတံခါးကို ဖွင့်လိုက်သည်။
“မြင့်မောင်..လာကွာ အချိန်ကိုက်ပဲဟေ့”
“ငါ့အကိုဝမ်းကွဲ နှစ်ယောက်လည်း မတွေ့တာကြာလို့ တခါတည်းဆုံရအောင် ခေါ်လာခဲ့တယ်နော်..သားကြီး”
“သြော်..ရပါတယ်..လာ..လာ..ဝင်ကြ”
စားပွဲဝိုင်းပေါ်ရှိ ငါးရှဉ့်မန်းကျည်းနှစ်ချက်၊ ငါးမုန့်ကြော်၊ ကန်းစွန်းပလိန်း ပန်းကန်များကို မြင့်မောင်မောင် တချက်လှမ်းကြည့်သည်။
“ဆောရီးကွာ..ငါက မင်းတယောက်တည်းမှတ်လို့..အမြည်းကို အများကြီးမလုပ်ထားတာ…ဒါပေမယ့်..ရပါတယ်..အမြည်းက စီစဉ်ရလွယ်တယ်”
ကျော်ဝဏ္ဍ က စားပွဲဝိုင်းဘေးထိုင်နေသော ဇနီးဖြစ်သူကို မျက်စပစ်ပြလိုက်၏။
အမျိုးသမီးက အနောက်ထဲဝင်သွားပြီး မနက်ဖြန်ဟင်းချက်ရန် ပြုတ်ထားသော ဝက်အူများကို သုပ်ရန်ပြင်ဆင်တော့သည်။
မြင့်မောင်မောင်တို့ ညီအကိုက စားပွဲဝိုင်းပတ်ပတ်လည်နေရာယူလိုက်ကြ၏။
ချထားသော ဖန်ခွက်က သုံးခွက်ထဲမို့ ကျော်ဝဏ္ဍ က နောက်ထပ် ခွက်နှစ်ခွက် ထပ်ယူဖို့ နောက်ဖေးသို့ထလာခဲ့သည်။
“ဟဲလို..ဆရာ..ဟောက်ကဲ့..အခုပဲရောက်တယ်ခင်ဗျ..ဟောက်ကဲ့…နီးတာပဲ ထွက်လာခဲ့လို့ရပါပြီခင်ဗျ..ဒီမှာ အရက်ရော အမြည်းရော ရှယ်ပဲ”
မြင့်မောင်မောင်၏ ဖုန်းဆက်သံကြောင့် ကျော်ဝဏ္ဍ နှင့် ဇနီးသည်တို့ တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။
ကျော်ဝဏ္ဍက နောက်ထပ် တခွက်ပိုယူရန်ပြင်တော့ ဇနီးက ခေါင်းခါပြ၏။
“ရတယ်..ကျွန်မ မသောက်တော့ဘူး..မောင်..ကိုယ်က နည်းနည်းပါးပါးပဲဆိုပေမယ့်..ဒီလူအုပ်နဲ့ လောက်မယ်မထင်ဘူး”
ကျော်ဝဏ္ဍ အပြင်ပြန်ထွက်လာခဲ့သည်။
“လာ..သူငယ်ချင်းရေ…ငါလည်း လေဆိပ်ဂျူတီဖရီးဆိုင်ရောက်တော့..မင်း တန်းသတိရတာဟ..ငါ့သူငယ်ချင်းကြီးက ဒဗယ်ဘလက် သိပ်ကြိုက်တာဆိုပြီး….ဒါနဲ့ ဝယ်ချလာတာ….ရော့..သူငယ်ချင်းက အိမ်ရှင်ဆိုတော့ စဖောက်”
ကျော်ဝဏ္ဍ က ဒဗယ်ဘလက်ပုလင်းဖင်ကို တချက်ရိုက်ပြီး အဖုံးကို လှည့်ဖွင့်လိုက်သည်။
မီးခိုးသင်းနဲ့လေးက လှိုက်ခနဲ။
“ကဲ..ချကြစို့”
ထိုစဉ် မြင့်မောင်မောင် ဖုန်း ထပ်မြည်လာ၏။
“ဟောက်ကဲ့..ဟောက်ကဲ့..ဆရာ..ဟာ..ရပါတယ်..ဆရာ..ခေါ်ခဲ့..ဟာ..ဘာမှ မဝယ်ခဲ့နဲ့..ဒီမှာ ရေမီးစုံပဲ..ဆရာ့တပည့်လေဗျာ..သိတယ်မဟုတ်လား..ဒီခရီးစဉ်လည်း ဆရာထောက်ခံပေးလို့ပါတာ..ဆရာ့ကို ဧည့်မခံလို့ဖြစ်မလား ဆရာရဲ့”
ကျော်ဝဏ္ဍမျက်လုံးပြူးဖြင့် မြင့်မောင်မောင်ကို ကြည့်လိုက်သည်။
“သြော်..ငါ့ရုံးက အထက်အရာရှိကွာ..မင်းတို့အိမ်နားနေတာ..အဲ့ဒါနဲ့ သူ့ပါ သတိရလို့ လှမ်းပြောထားတာ..သူနဲ့ သူ့မိတ်ဆွေလုပ်ငန်းရှင်တယောက်ပါ ပါမယ်တဲ့..မင်းလည်း ကိုယ်ပိုင်အလုပ်လုပ်တော့မှာဆိုတော့ အဲ့ဒီလုပ်ငန်းရှင်နဲ့ပါ မိတ်ဆက်ပေးလို့ရအောင်..ခေါ်ခဲ့လို့ပြောလိုက်တာ..ချကွာ..သူငယ်ချင်း..ချ”
ထိုစဉ် ဘဲလ်တီးသံမြည်လာသည်။
မြင့်မောင်မောင်က တံခါးထဖွင့်ပေးလိုက်၏။
“ကြွပါ..ဆရာ..ကြွပါ…ဒီမှာ…ခုပဲ ပုလင်းဖွင့်တာ.သောက်တောင်မသောက်ရသေးဘူး…အချိန်ကိုက်ပဲ ဆရာရေ”
ဝက်အူသုပ်ပန်းကန်ကို လာချပေးသော ဇနီးသည်ကို ကျော်ဝဏ္ဍ အားတုံ့အားနာကြည့်လိုက်သည်။
ဇနီးသည်က မျက်စိပျက်မျက်နှာပျက်။
သူတို့တိုက်ခန်းကျဉ်းလေးထဲ ဧည့်သည်ငါးယောက်၊ မြင့်မောင်မောင်က လွဲလို့ ကျန်လေးယောက်ကို သူမသိ။
သူနှင့်ဆို လူခြောက်ယောက်။ ဂျူတီဖရီး ဝီစကီ ဝမ်းလီတာ တစ်လုံး။
“ဟာ..ငါမေ့နေလို့ ကျော်ဝဏ္ဍရေ…ဟိုကောင်ဖြိုးမောင် မင်းတို့လမ်းထဲ နေတာမဟုတ်လား..ငါတို့နှစ်ယောက်စုံပြီး ဒီကောင်မပါရင် ဘယ်ကောင်းမလဲ..ငါဖုန်းဆက်ဦးမယ်”
ကျော်ဝဏ္ဍ တခုခုပြောဖို့ပြင်လိုက်သော်လည်း မြင့်မောင်မောင်က ဖုန်းခေါ်နေပြီ။
“ဟေ့ရောင်..ငါ ကျော်ဝဏ္ဍအခန်းမှာ.. ဂျူတီဖရီးတစ်လုံးပါတယ်..တလောက ငါ့ယောက္ခမတိုက်ခန်းရောင်းပေးတဲ့ကိစ္စ မင်းကို တဝိုင်းတိုက်မယ် ပြောထားတာ..အခုလာခဲ့”
“တီးတောင်”
ကျော်ဝဏ္ဍ တံခါးထဖွင့်ပေးလိုက်သည်။
ဇနီးသည်ကတော့ အောက်ထပ်အကင်ဆိုင်မှ အကင်ကို ဖုန်းဆက်လှမ်းမှာနေသံကြားရ၏။
အိမ်မှာ အမြည်းလုပ်စရာလည်းကုန်ပြီမဟုတ်လား။
အားလုံးပြန်သွားကြတော့ ဇနီးသည်က အိပ်ပျော်နေပြီ။
စားပွဲပေါ်မှ အမြည်းအကြွင်းအကျန် ပန်းကန်များ နှင့် ဖင်ကပ်ပင် မကျန်သော ဒဗယ်ဘလက်ပုလင်း ကို ကျော်ဝဏ္ဍ စိတ်ပျက်လက်ပျက်ကြည့်လိုက်မိ၏။
သူ တနေ့နှစ်ပက်နှုန်း ချွေတာ သောက်နေသည့် ဂရန်းရွှေပုလင်းလေးပင် ထုတ်တိုက်လိုက်ရသည်။
သြော်..ဂျူတီဖရီး။ ဂျူတီဖရီး။
ဗြိတိသျှကိုကိုမောင်