အပယ်ခံများဘဝ
----------------
ကျွန်တော် မနေ့က ပဲခူးမှာရှိနေသည်။
၆ လပြည့်တိုင်း ပဲခူးတွင် ပင်စင်သွားထုတ်လေ့ ရှိပါသည်။ ခါတိုင်းက တစ်နှစ်မှတစ်ခါ သွားထုတ်သည်။ ယခုအခါ ခရီးသွားရလာရသည်မှာ သိပ်ပြီး အဆင်မပြေသဖြင့် ၆ လ တစ်ကြိမ် ပဲခူးကို ပြန်နိုင်ရန် အားထုတ် သည်။ အမှန်တော့ အကြောင်းရှာခြင်း။ ပဲခူးရှိ ငယ်သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ဆရာသမားများကို လွမ်းဆွတ်၍သွားခြင်းဖြစ်ပါသည်။
ကျွန်တော့်ပင်စင် လစာက တစ်လ ၅ သောင်းစွန်းစွန်းရသည်။ ၆ လစာ ဆိုတော့ ၃ သိန်းကျော်ကျော်ပေါ့။ သူငယ်ချင်း ဆရာချိန်ကိုခေါ်သည်။ လေးစားရသည့် ဆရာသမား ဦးမြင့်လွင်ကိုခေါ်သည်။ လက်ဖက်ရည်ဆိုင် သွားထိုင်ကြသည်။ နေ့လယ်ထမင်းစားချိန်တွင် ထမင်းဆိုင်တစ်ဆိုင်သွားပြီး စားကြသည်။ တွေ့တုန်းဆုံတုန်း စကားလက်ဆုံ ပြောမကုန်။ ပဲခူးရောက်တိုင်း လုပ်နေကျ။ ကျွန်တော့်တွင်လည်း ထိုနှစ်ဦးလောက်သာ ကျန်တော့သည်။
ပဲခူးကို တစ်ကြိမ်ပြန်ရောက်တိုင်း စိတ်မကောင်းဖြစ်မိသည်မှာ တစ်ယောက်ပြီးတစ်ယောက် ခေတ်ကောင်း သည်ကိုပင် မစောင့်နိုင် ကြွေလွင့်သွားကြသူများကိုဖြစ်သည်။ ယခုတစ်ပတ် အပြန်တွင် စိတ်မကောင်းစရာ အကောင်းဆုံး သတင်းမှာ သူငယ်ချင်း ဗဟိုကျောင်းအုပ် ကိုသက်အောင် ကွယ်လွန်ခြင်းဖြစ်သည်။ တစ်ယောက် ပဲ့သွားပြန်ပြီ။
သူကင်ဆာဖြစ်နေသည်မှာ ကြာပြီ။ တစ်လောက Facebook တွင် သူ့ပုံလေးတင်လိုက်သေးသည်။ သူမသေနိုင် တော့ဘူးပေါ့။ သို့သော် သူ့ပုံက မမှတ်မိနိုင်လောက်အောင် ပိန်သွားသည်။ ကျွန်တော် ပဲခူးရောက်စဉ်က သူ့ကို သွားတွေ့သေးသည်။ သူ့သမီးလေးက အဖေဆေးသောက်ပြီး အိပ်နေသည်ဆိုသောကြောင့် မနှိုးပါနှင့်ဟု ပြောကာ တိတ်တိတ်လေးပြန်ခဲ့သည်။ ယခုတော့ သူကွယ်လွန်သွားရှာပြီ။ သူက ကျွန်တော့်ထက်တော့ အများကြီး ငယ်ပါသည်။
ယခုမှ ဆရာဦးမြင့်လွင်ပြောသဖြင့်ကြားရသည့် သတင်းက ပိုပြီး စိတ်ထိခိုက်ရသည်။
“ဒီလူဗျာ ... သူဆရာဘဝက ဆရာတွေ ကွယ်လွန်ပြီဆိုတိုင်း အဲဒီအိမ်ကို ၁၀ သိန်း သွားသွား ပေးနေတာ။ ခု သူလည်း ဆုံးရော လာတဲ့သူတောင်မရှိတော့ဘူး”
ကိုသက်အောင်သည် ယခင် ပဲခူး မူလတန်းဆရာ ဆရာမများ၏ နာရေးအတွက် စုဆောင်းငွေများကို ကိုင်တွယ် ထိန်းသိမ်းရသည့် အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူတို့အဖွဲ့က နာကူအဖွဲ့လေးဖြစ်သည်။ သူတို့ အဖွဲ့ကိုလည်း ဆီမီးအိုအဖွဲ့ဟု အမည်ပေးထားသည်ထင်ပါသည်။ လစဉ် ဆရာ ဆရာမများ လစာထုတ်လျှင် ငွေများထည့်ဝင်ကာ ဘဏ်တွင် စုဆောင်းထားကြသည်။ ထိုငွေများဖြင့် ဆရာ ဆရာမများ၏ သာရေး နာရေး ဖြစ်လာလျှင် လိုက်လံကူညီနေသည့် အဖွဲ့ဖြစ်သည်။
ပဲခူးမြို့ပေါ်တွင် အထက်တန်းကျောင်းကြီးများ၌ သူတို့ ဆရာ ဆရာမများကို သီးခြား ကူညီကန်တော့ကြသည့် အုပ်စုလိုက်အဖွဲ့လေးတွေရှိပါသည်။ သို့သော် တောကြို အုံကြားတွင် သွားရောက်ပြီး အမှုထမ်းနေကြသည့် မူလတန်းဆရာ ဆရာမများဘဝသည် ပင်စင်ယူပြီးလျှင် ပစ်ပယ်ထားခြင်း ခံကြရသည်ကများသည်။
၂၀၂၁ ကစတင်ပြီး ဘဏ်တွေမှာ စုဆောင်းသိမ်းဆည်းထားသည့် ငွေကြေးတွေ ပြဿနာတက်သည်။ ထို့ကြောင့် ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြားရသည်။ စုဆောင်းထားသည့် ငွေများကို အခြား အကျိုးရှိမည့် နေရာတွေကို လှူလိုက်သည်။ ထို့ကြောင့် ဆရာကြီး ဆရာမကြီးတွေ ကွယ်လွန်လျှင် သို့မဟုတ် ဒုက္ခရောက်နေလျှင် ကူပံ့ငွေ မရှိတော့။ ထိုမရှိ ချိန်မှ ကိုသက်အောင်က ဆုံးသည်။ ထို့ကြောင့် သူလုပ်ခဲ့သမျှကို သူခံစားခွင့်မရှိသွားခဲ့ရပေ။
ပိုပြီး စိတ်မကောင်းဖြစ်ရသည်မှာ သူ့အသုဘတွင် လာပြီး ကူညီပေးမည့် ဆရာ ဆရာမတွေပင်မရှိဖြင့် အရပ် အကူအညီဖြင့် အသုဘချလိုက်ရသည်ဟုဆိုသည်။
ဆရာဦးမြင့်လွင်က သက်ကြီး ဆရာကြီး ဆရာမကြီးများအတွက် ယခင်လို ပြန်လည်ထောက်ပံ့ပေးနိုင်မည့် ကွန်ရက်လေးတစ်ခုကို ထူထောင်လိုသည်။
ဥပမာ တစ်ဦးလျှင် ၅ ယောက် အုပ်စုတစ်စုစီလောက် ဖွဲ့ထား ကြရန်ဖြစ်သည်။ ထို ၅ ယောက်တစ်ဖွဲ့ ငွေကြေးတွေကို စုဆောင်းထားပြီး ဆရာကြီး ဆရာမကြီး တစ်ဦးဦး သေဆုံးလျှင် ပဲခူး၌ တာဝန်ယူထားသူက ထို ကွန်ရက်တွေကို ချိတ်ဆက်ပြီး အကြောင်းကြားမည်။ ကောက်ခံ ရထားသော ငွေကြေးလေးတွေကို ပို့ပေးပြီး ဆရာကြီး ဆရာမကြီးများ၏ အလောင်းကို ကောင်းစွာ မြေကျ စေရေးအတွက် အထောက်အပံ့အကူပေးရန်ဖြစ်သည်။
ရပ်ကွက်တိုင်းလိုလိုတွင် အခမဲ့နာရေးကူညီသည့် အသင်းအဖွဲ့တွေရှိသော်လည်း ဒုက္ခရောက်ချိန်နှင့် ကွယ်လွန်ချိန်တို့တွင် သူတို့မိသားစုအတွက်မှာ ရှေ့ရေးအတွက် ပြဿနာလေး တွေရှိသည်။ အမှန်တော့ နိုင်ငံတော်ပြဿနာ၊ ဘယ်တုန်းကမျှ ဆရာတွေဘဝ နောင်ရေးကို ထည့်မစဉ်းစား ပေးခဲ့သည့် ပြဿနာ။ အိုနာသေဘေးအတွက် ပင်စင်ငွေ မဖြစ်စလောက်ကလွဲပြီး ဘာကိုမျှ ခံစားခွင့် မရခဲ့ကြ ရှာသော အဖွဲ့အစည်းတစ်ခု၏ ပြဿနာ။
ကျွန်တော်တို့ ဆရာ ဆရာမတွေ၏ ဘဝတွေကို ကျွန်တော်ကောင်းစွာ သိသည်။ သူတို့သည် တစ်ချိန်က အပင်ပန်း အဆင်းရဲတွေခံကာ မည်မျှ ကြိုးပမ်းလုပ်ခဲ့သည်ဆိုစေ ခုတော့ အိုပယ်ကြီးတွေ ဖြစ်နေပြီ။ သူတို့ ဘဝတွင် စုဆောင်းထားသည့် ငွေလည်းရှိကြသည်မဟုတ်ပါ။ သားသမီးကောင်းမှ နေရထိုင်ရ အဆင်ပြေမည့် ဘဝတွေဖြစ်သည်။ အပျိုကြီး လူပျိုကြီးတွေဆိုလျှင် ပိုဆိုးသည်။ အချို့ စားရမဲ့ သောက်ရမဲ့ဘဝတွေနှင့် မထင်မရှား ကွယ်လွန်သွားရတာတွေလည်း အများကြီးရှိသည်။
ယခင် (၂၀၂၁ မတိုင်မီက) ထိုအဖြစ်မျိုးတွေ မကြုံရစေရန် ပင်စင်စား ဆရာကြီးတွေက ကြိုးစားပမ်းစား အဖွဲ့လေးတစ်ခု ထူထောင်ပြီး နာကူအဖွဲ့လေးကို ထူထောင်ခဲ့ကြသည်။ သို့သော် ယနေ့ကာလမှာ အသင်းအဖွဲ့ကိစ္စတွေ၊ ငွေကြေးကိစ္စတွေ၊ ကောက်ခံမှု ပေးဝေမှုတွေမှာ ပြဿနာတွေ အများကြီးရှိသဖြင့် ဖျက်သိမ်းလိုက်ရခြင်းကို စိတ်မကောင်းဖြစ်မိသည်။
ကျွန်တော့်အနေဖြင့် ရန်ကုန်တွင် အခြေချနေပြီဖြစ်သောကြောင့် ပဲခူးကိစ္စနှင့် အဆက်အပြတ်နေပါပြီ။ သို့သော် ဆရာဦးမြင့်လွင်ကို ကတိတော့ပေးခဲ့သည်။ ဆရာတို့၏ မူလတန်းအုပ်စုအတွက် ကူညီမှု ကွန်ရက်လေးကို ထူထောင်ဖြစ်လျှင် အလှူငွေ ထည့်ဝင်ပေးပါမည်ဟူ၍ဖြစ်သည်။
ကျောင်းဆရာဘဝသည် ပင်စင်ယူလိုက်ပြီးသည်နှင့် မည်မျှ ဒုက္ခတွေရောက်ကြရသည်ကို ကြုံဖူးသူတိုင်း သိပါသည်။ ကျွန်တော်က ပင်စင် ငါးသောင်းလောက်ရသော်လည်း စာရေးခြင်းဖြင့် အခြားဝင်ငွေရှိသေးသည်။ ပင်စင်လစာ ငွေလေးအပေါ်တွင်သာ မှီခိုနေရသော ဆရာကြီး ဆရာမကြီးများ ဘဝနှင့် ယနေ့ခေတ် ကုန်ဈေးနှုန်းများ၊ ကျောင်းဆရာဘဝတွေကတည်းက အောက်ဆိုက်မရှာ ကျူရှင်မသင်ခဲ့သော ကျေးလက် တာဝန်ကျ ဆရာကြီး ဆရာမကြီးများဘဝသည် ယခုလို အိုမင်းမစွမ်းဖြစ်နေချိန်တွင် မည်သို့နေထိုင် စားသောက် နေကြသနည်းဆိုသည်ကို တွေးမိကာ စိတ်မကောင်းခြင်းဖြစ်သည်။
အသင်းအပင်းဖွဲ့လာလျှင်၊ ငွေရေးကြေးရေးကောက်ခံလာလျှင် ပြဿနာရှာချင်သူများကို ရှောင်ရှားကာ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆရာအိုတို့ကို ထောက်ပံ့နိုင်မည့် အသင်း အဖွဲ့လေး ပြန်ပေါ်စေကြောင်း ဆုတောင်းမိပါသည်။
တင်ညွန့်
၁.၇.၂၀၂၃