ခွေးကျင့်ခွေးကြံ

 ခွေးကျင့်ခွေးကြံ

---------------

တစ်နေ့တွင် တောကစားထွက်လာသော ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်းယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်။


“အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် … ခွေးတွေ ကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ”


“မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား”


“ကောင်းပြီလေ”


ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်။ 


အခန်းတစ်ခန်းထဲတွင် အသားပုံကြီးတစ်ပုံကို ချထားပြီး ခွေး အကောင် ၂၀ ကိုထည့်ကာ သော့ပိတ်ထား လိုက်သည်။


အခြားအခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်။ 


နောက်တစ်နေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည်။

 

ပထမ ခွေးတွေထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည်။ ဘုရင်ကြီးက အံ့အားသင့်သွားသည်။ ခွေးတွေ အားလုံး အသက်ပျောက်နေသည်။ အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေ သည်။ ခွေးတစ်ကောင်မျှ အသားပုံကို စားသွားသည့်ပုံမပေါ်။


နောက်တစ်ခန်းကို ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်။ သိုးတွေအားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။


ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်


“ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစ်စက်မျှ မစားရဘဲ သေကုန်ကြရခြင်းမှာ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကာ တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား။ သိုးတွေကတော့ အေးချမ်းစွာ မျှဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား” ဟု လျှောက်တင်လေသည်။ 


ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထနည်းလေသည်။ အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည်။ အစာနှင့် ကာမအတွက်ဆိုလျှင် ခွေးများသည် တစ်ကောင်နှင့်တစ်ကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်။ 


ရှေးလူကြီးများက ခွေးလိုမနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တစ်ကောင်နှင့်တစ်ကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သောစိတ်ရှိသည့် လူ့ဘောင်အဖွဲ့အစည်းသည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။


ခွေးတွေလိုကိုက်လျှင် သေကြမည်


သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်။


(Two Rooms ကို မြန်မာမှုပြုပါသည်)


တင်ညွန့်


၁၂.၁၀.၂၀၂၁