အထက်လမ်းဆရာ

 အထက်လမ်းဆရာ(စ/ဆုံး)

———————–


“ငါ နင့်ကို အထက်လမ်းဆရာ လုပ်ကျွေးမယ်…ချိုမာ..ဘာမှမပူနဲ့”


ကတုံးဆံတောက်၊ မျက်နှာမှာ ပေါင်ဒါအဖွေးသား၊ လူပုံ သေးသေးကွေးကွေး အောင်မြင့်စိန် ဆီက ထွက်လာသည့် ရင်ခေါင်းသံကြီး။


ချိုမာ ကတော့ သူ့လင် ဘုန်းကြီးလူထွက်ကို စိတ်ကုန်နေတဲ့ပုံနဲ့ ထိုင်ရာက ထသွားတယ်။


စိတ်ကုန်လည်း ကုန်ချင်စရာ။


ဒါပေသည့်..ဘယ်တတ်နိုင်ပါ့မလဲ။

လူပြန်တော်ကိုမှ လင်တော်မိသည်ကိုး။


ဘုန်းကြီးဘဝ၊ စာသင်သားဘဝ၊ ဦးပဇင်းလေး ဝါသဝ ဘဝတုန်းကတော့..သင်းသည် ဒီလိုမဟုတ်။


အသားကဖြူဖြူ၊ ဦးပြည်းကစိမ်းစိမ်း၊ လူကနုနုဖတ်ဖတ်၊ တရားဟောကလည်းကောင်းသေး။


ချိုမာတို့ ပန်းပဲဖိုဆီ ဆွမ်းခံကြွလျှင်ဖြင့် ချိုမာ့မှာ ခိုးကြည့်တမျိုး၊ ဗြောင်ကြည့်တသွယ်…ကြည်ညိုပိုးလေး ပိုးရသည်မှာ အမော။


အခု အောင်မြင့်စိန်ဘဝ ရောက်တော့လည်း..ဒီလိုပါပဲ။


လျှာထိုးဦးထုပ်ဆောင်း၊ မျက်နှာကို ပေါင်ဒါလူး၊ သင်္ကန်းရုံ မထားတော့ပဲ ပါတိတ်အင်္ကျီနဲ့ ပလေကပ်ပုဆိုး ဝတ်ပြီး ကျော့မော့နေဆဲ။


ခက်တာက သူလူထွက်ပြီး ချိုမာနဲ့ အိမ်ထောင်ကျ၊ သုံးလေးနှစ်အကြာမှာပဲ ချိုမာ့အဖေ ပန်းပဲဆရာကြီး ဦးငွေတင် ဆုံးသွားတာပဲ။


ဦးငွေတင် ရှိတုန်းကတော့ သူတို့လင်မယားပူစရာရယ်မရှိ။


ချိုမာတို့က ဒီအဖေ၊ ဒီသမီးပဲ ရှိတာကိုး။.

ဒီသမက် ဘုန်းကြီးလူထွက်တိုးလာလည်း..အဖေကြီးရဲ့ ပန်းပဲဖိုမှာ ယောင်ဝါးဝါးလုပ်နေရုံနဲ့..စားရေးသောက်ရေးမပူရဘူး။


ဦးငွေတင်ဆုံးတော့..သမက်တော်အောင်မြင့်စိန်က ပန်းပဲဖိုကို ဦးစီးဖို့ဖြစ်လာတယ်။


ခက်တာက ပန်းပဲဖိုဆိုတာ အင်နဲ့အားနဲ့လုပ်ရတဲ့ ပညာရပ်မျိုး။


ပန်းပဲမောင်တင့်တယ်မဟုတ်တဲ့ ပန်းပဲအောင်မြင့်စိန်က သေးသေးညှပ်ညှပ်။


နောက် ပန်းပဲပညာကလည်း ဟုတ်တိပတ်တိ မတတ်သေးတော့..ကျန်တဲ့ အလုပ်သမားတွေကို မဦးစီးနိုင်။


ဒါနဲ့ပဲ.ခြောက်လတောင်မခံလိုက်ပဲ…ပန်းပဲဖိုလေး ပြုတ်ပါလေရော။


ဘာပဲဖြစ်ဖြစ် ဦးငွေတင် ရှာဖွေခဲ့တာလေးနဲ့ လင်မယားနှစ်ယောက်တည်းဆို ခြိုးခြံစားလောက်နေသေးတယ်။


ခုကျ..ဘုန်းကြီးလူထွက်အစွမ်းပြလို့..တစ်နှစ်ခြားစီ မွေးထားတဲ့ သားနှစ်ကောင်ရယ်၊ လေးလဗိုက်တလုံးရယ်က ရှိနေပြီ။


“ငါအလုပ်လုပ်မယ်” ဆိုပြီး အောင်မြင့်စိန် ယူသွားတဲ့ ငွေတွေကလည်း ဘာမှ ပြန်မလာ။


ကြာတော့..ချိုမာလည်း သူ့လင်ကို စိတ်ကုန်လှပြီ။


ဟော့..အခုတော့..ဆရာသမားက ပြောလာပြီ။


“အထက်လမ်းဆရာလုပ်ကျွေးမယ်” တဲ့။


ချိုမာ တော့ သူ့လင်ကို မယုံပေါင်။

ဒင်းက ဘုန်းကြီးလေ လေးနဲ့ အိညက်အိညက် အပြောတော့ကောင်းပါရဲ့။


လူဘဝပြန်ရောက်ပြီးကတည်းက နောက်ထပ် လူတွေထပ်လုပ်မယ်ပဲ ရည်ရွယ်သလားမသိ။


တစ်နှစ်တစ်ဗိုက် ကိုသာ ကြည့်ကြတော့။


(၂)

အထက်လမ်းဆရာ လောင်း အလုပ်စပါပြီ။

ပါတိတ်ရှပ်လေးကို သူ့အကြိုက်ပလေကပ်နဲ့တွဲဝတ်လို့..သူအရင် ဘုန်းကြီးဝတ်ခဲ့တဲ့ မြို့မဆရာတော်ကြီး ကျောင်းပေါ် တက်သွားတယ်။


“ဟေ့..ဝါသဝ.. ဘာကိစ္စလဲကွ”


ဆရာတော်ကြီးကတော့ သူ့ကို ဟိုးကိုရင်လေးဘဝ ကတည်းက ခေါ်သလိုပဲ ခေါ်တယ်။


“ကျောင်းဘက် မရောက်တာကြာလို့ပါ..ဘုရား..ပြီးတော့..လဝက ညွှန်မှူးကြီး က တပည့်တော်တို့အရပ်ထဲ နေတော့..ဆရာတော်များ ဘာမှာချင်သေးလဲလို့”


“အော်..အေး..မေ့နေတာ..ဦးတင်စန်းက မင်းတို့အရပ်ထဲ နေတာပဲ…နောက်တပတ် ကျောင်းမှာ ကထိန်ရှိတာ…ဒကာကြီးကို ဝင်ဖိတ်ပေးစမ်းပါ”


“တင်ပ..ဘုရား”


နောက်တစ်နာရီလောက်အကြာတော့..အောင်မြင့်စိန်ဟာ လဝကညွှန်မှူးအိမ်ပေါ်ရောက်နေပါပြီ။


ခေတ်ကလည်း အခုလို ဟန်းဖုန်းတွေဘာတွေ ရှိတဲ့ခေတ်မှ မဟုတ်ပဲကိုး။


“ဆရာတော်ဘုရားကြီးက အဘကို ကထိန်ဖိတ်ခိုင်းလိုက်လို့ပါ”


သံဃာမဟာနာယကအဆင့်ဝင် ဆရာတော်ကြီးက လွှတ်လိုက်တဲ့သူဆိုတော့..ညွှန်မှူးဦးတင်စန်းကလည်း အောင်မြင့်စိန်ကို လေးလေးစားစားပဲ ဆက်ဆံပါတယ်။


” ဆရာတော်ကြီးကို ပြန်လျှောက်ပေးပါ..ဆက်ဆက်လာခဲ့ပါ့မယ်လို့”


ဒါနဲ့ပဲ အောင်မြင့်စိန်ဟာ..လဝကညွှန်မှူး ခြံထဲ ပန်းပင်ကြည့်သလို၊ ဒရိုင်ဘာကားရေဆေးတာကို စကားပြောရင်း ဝိုင်းကူသလိုနဲ့ နေပြီး..မှ ပြန်ထွက်လာတယ်။


သူပြန်ထွက်လာချိန်ကလည်း..ရပ်ကွက်ထဲ လူတွေ အလုပ်ပြန်ချိန်၊ စည်ကားချိန်ကိုး။


အဲ့ဒီအရာရှိခြံထဲက အောင်မြင့်စိန် ပြန်ထွက်လာတာကို အတော်များများမြင်ကြတယ်လေ။


ဟော့..နောက််တပတ်လောက်ကြာတော့..အောင်မြင့်စိန် တို့ အိမ်ရှေ့ကို လဝကညွှန်မှူးရဲ့ ကားကြီး ဆိုက်လာပါလေရော။


ရပ်ကွက်က ကွက်ကြည့် ကွက်ကြည့်ပေါ့။


တကယ်တော့ ကားပေါ်က ဆင်းလာတဲ့သူက လဝက ညွှန်မှူးအိမ်က ဒါရိုက်ဘာ ထွန်းထွန်းဝင်း။


ပြီးခဲ့တဲ့ တပတ်က ညွှန်မှူးအိမ်ရောက်တုန်း အောင်မြင့်စိန်က ဝင်မိတ်ဖွဲ့ပြီး ထမင်းစားဖိတ်ခဲ့တာလေ။


ထွန်းထွန်းဝင်းခမြာလည်း သူ့ဘဝသက်တမ်းတလျှောက် တလေးတစားထမင်းစားဖိတ်ခံရတာ ဒါ ပထမဆုံးမဟုတ်လား။


ဒီတော့ အားနေချိန်မှာ ကားလေးယူပြီး ထမင်းစားကြွလာသည်ပေါ့။


နောက်ရက်များမှာလည်း မကြာခဏဆိုသလို..ဌာနဆိုင်ရာ အရာရှိကြီးတွေရဲ့ ကားတွေ အောင်မြင့်စိန်အိမ်ရှေ့ လာလာရပ်တာ မြင်ကြရတယ်။


ရပ်ဆို..ထွန်းထွန်းဝင်းကနေတဆင့် တခြားဌာနဆိုင်ရာ က အရာရှိကားဒရိုင်ဘာတွေကိုပါ ခေါ်ပြီး ထမင်းဖိတ်ဖိတ်ကျွေးနေတာကိုး။


အစကတော့ သူ့လင် အောင်မြင့်စိန် ဘာတွေလုပ်နေမှန်း ချိုမာ နားမလည်ဘူး။


မရှိရတဲ့အထဲ တပတ်တခါ ဧည့်သည်ဖိတ်ပြီး ထမင်းကျွေးနေသေး။


ဒါပေမယ့် ချိုမာ သတိထားမိလာတာက အောင်မြင့်စိန်ကို ရပ်ကွက်ထဲကလူတွေက အထင်ကြီးတဲ့ အကြည့်နဲ့ ကြည့်ကြတာပဲ။


တခါတလေဆို ဒရိုင်ဘာတွေသာမက ထွေအုပ်တို့ မြေစာရင်းတို့က စာရေးလေးအဆင့်တွေပါ အောင်မြင့်စိန်အိမ်ပေါ် ထမင်းလာစားကြသေးတာ။


အောင်မြင့်စိန်အိမ်ရှေ့လည်း ကားပေါင်းစုံ၊ ယူနီဖောင်းပေါင်းစုံလူတွေ ခဏခဏမြင်ရတာပေါ့။


တရက်မှာတော့ ရပ်ကွက်ထဲက ကိုဝင်းနိုင်ဟာ ဘွဲ့ရပြီးခါစ သူ့သမီးလေးကို ခေါ်ပြီး အောင်မြင့်စိန် အိမ်ကိုရောက်လာတယ်။


“ကိုဝင်းနိုင်…ဘာကိစ္စလဲဗျ”


“ဒီလို.ကိုအောင်မြင့်စိန်ရေ…ကျွန်တော့်သမီးလေးကိုဗျာ လခစားဝန်ထမ်းလေးလုပ်စေချင်တာ..အဲ့ဒါ…အခု လဝကမှာ အောက်တန်းစာရေးအလုပ်ခေါ်တယ်ကြားတယ်..အဲ့ဒါ..ကိုအောင်မြင့်စိန်က လမ်းထိပ်က လဝကညွှန်မှူးကြီးနဲ့ အဆက်အစပ်ရှိတယ်ကြားတော့”


ပက်လက်ကုလားထိုင်ပေါ် ထိုင်နေတဲ့ အောင်မြင့်စိန်က လက်ကာပြလိုက်တယ်။


“ကျုပ်သဘောပေါက်ပြီ..ကိုဝင်းနိုင်..ဒါနဲ့ ခင်ဗျားသမီးက ရေးဖြေ..ဖြေ ဖို့ ဖောင်တွေဘာတွေ ဝယ်ပြီးပြီလား”


“မတင်ရသေးဘူးဗျ”


” ဒါဆို လဝကရုံးကိုသွား…ဖောင်ဝယ်ဖြည့်ပြီး တင်လိုက်..ပြီးရင် ခင်ဗျားသမီးနာမည်ရယ်..အဖေနာမည်ရယ်..ရေးဖြေခုံနံပါတ်ရယ်..ကျွန်တော့်ကိုလာပေး”


“ဟို…ဟို”


“အထက်ကို တင်ဖို့က..ဒီလောက်ကုန်မယ်ဗျာ”


“တစ်သောင်းလား”


“ဟ..ကိုဝင်းနိုင်…အထက်ကို တိုက်ရိုက်တင်ရမှာဗျ..တသောင်း ကောင်းမလားဗျ..တသိန်း..တသိန်း”


“ဟာ..ကိုအောင်မြင့်စိန်ရာ..ကျွန်တော့်အနေအထားနဲ့ကျ..အဲ့ဒီလောက်ကြီးက”


“ဟေ့လူ…ခင်ဗျားသမီး ရေးဖြေမအောင်ရင်..အဲ့ဒီတစ်သိန်းပြန်ပေးမယ်ဗျာ..အရှုံးမရှိပါဘူးဗျ”


ကိုဝင်းနိုင်စဉ်းစားသွားတယ်။


“ရေးဖြေအောင်ရင် လူတွေ့အတွက်လည်း အထက်ကို ကျုပ်ဆက်တင်ပေးမယ်..အဲ့ဒီအခါကျ.. နောက်ငါးသောင်းပဲ ထပ်ပေးရမှာ..သေချာပေါက်ပဲ…လူတွေ့မှာ မပါခဲ့ရင်လည်း..အဲ့ဒီငါးသောင်း ပြန်ပေးမှာ..ကျုပ် အာမခံတယ်..ပြီးတော့ ခင်ဗျားသမီး လဝကမှာ အလုပ်ရသွားရင်..ဒီငွေလောက်က အသာလေးပါဗျာ…”


ကိုဝင်းနိုင် သဘောတူသွားတယ်။ မက်လုံးကလည်းရှိနေပြီလေ။


ပြီးတော့…သူပြောသလို ရေးဖြေမအောင်၊လူတွေ့မအောင်ရင် ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ယူရုံပဲ။ အရှုံးမရှိ။


နောက်တရက်ကျ…ကိုဝင်းနိုင်ဟာ ငွေတသိန်းခွဲနဲ့အတူ သူ့သမီးရဲ့ အချက်အလက်တွေလာပေးတယ်။


“ကျုပ်..အထက်ကို သေချာတင်ပြီးလုပ်ပေးမယ်..စိတ်သာချ..ကိုဝင်းနိုင်..မရရင် ငွေပြန်အမ်းမယ်”


ကိုဝင်းနိုင်ပြန်သွားပြီးတဲ့အခါကျ ငွေတသိန်းခွဲထုပ် နဲ့ အချက်အလက်စာရွက်လေးကို အောင်မြင့်စိန် က ဘုရားစင်ပေါ်တင်ထားလိုက်တယ်။


ချိုမာကတော့ သူ့လင်လုပ်သမျှ ဘာမှနားမလည်ဘူး။


လဝကညွှန်မှူးကြီးဆိုတာလည်း သူ့လင်က ဆရာတော်ကြီးအလှူဖိတ်ခိုင်းလို့ တခါပဲတွေ့ဖူးတာ။


အိမ်လာလာနေတဲ့အထဲလည်း အဆင့်အမြင့်ဆုံးက ဒရိုင်ဘာတွေ၊ ရုံးအကူတွေ၊ အငယ်တန်းစာရေးတွေ။


ဒင်းက ဘယ်နှယ့်..အထက်ကိုတောင် ဝင်တွေ့ဦးမတဲ့။


အောင်မြင့်စိန်ကတော့..အရင်လိုပဲ ပါတိတ်ရှပ်နဲ့ ပလေကပ်ဝတ် လမ်းတကာပတ်သွားတာပါပဲ။


တလလောက်ကြာတော့..ကိုဝင်းနိုင်တို့သားအဖ မုန့်ပုံးတွေနဲ့ ရောက်လာတယ်။


လာကန်တော့တာတဲ့။


လဝကမှာ ရေးဖြေလည်းအောင်၊ အလုပ်လည်းရသွားပြီတဲ့။


အောင်မြင့်စိန်ကိုလည်း တကယ့်ကျေးဇူးရှင်ကြီးလိုကို ဆက်ဆံသွားကြတာ။


ဟိုသားအဖပြန်သွားတော့ အောင်မြင့်စိန်က ပက်လက်ကုလားထိုင်က ထ။


ဘုရားစင်ပေါ်တင်ထားတဲ့ ငွေတသိန်းခွဲထုပ်ကို ယူပြီး ချိုမာ့ လက်ထဲထည့်လိုက်တယ်။


ပြီးတော့..ကဲ..ဘယ်လိုလဲဆိုတဲ့ အကြည့်နဲ့။


“ဒီတသိန်းခွဲလုံး..ကျွန်မတို့ ရတာလား”


အောင်မြင့်စိန် ခေါင်းညိတ်ပြလိုက်တယ်။


“ဒါဆို အထက်လူကြီးတွေကိုက…”


“စိတ်မပူစမ်းပါနဲ့..ယူမှာသာယူစမ်းကွာ..မနက်ဖြန်ကျ ကလေးတွေကို ဝက်သားဟင်းချက်ကောင်းကောင်းကျွေးစမ်းကွာ”


အောင်မြင့်စိန်ခေတ်။


ခေတ်က သားသမီးတွေဆယ်တန်းအောင်၊ဘွဲ့ရရင် ဝန်ထမ်းလုပ်မှ ဘဝစိတ်ချရတယ်လို့ ထင်ကြတဲ့ကာလ။


ရပ်ကွက်ထဲက ဘွဲ့ရပြီးခါစ၊ဆယ်တန်းအောင်ပြီးခါစ သားသမီးရှိတဲ့ မိဘတွေက အောင်မြင့်စိန်ကို အားကိုးကြပြီ။


လဝကလား၊ ထွေအုပ်လား၊ ကာစတန်လား၊ မြေစာရင်းလား။


ဘယ်ကအလုပ်ခေါ်ခေါ် အောင်မြင့်စိန် ပိုင်တယ်တဲ့။


အောင်မြင့်စိန်ကလည်း ရှင်းတယ်။


ဝန်ထမ်းရအောင် အထက်ကိုဝင်ပေးမယ်။ ဘယ်လောက်ကျမယ်။


မဖြစ်ရင် ပေးထားတဲ့ငွေ ပြန်အမ်းတယ်။


အောင်မြင့်စိန်နဲ့လုပ်ရင်း ဌာနဆိုင်ရာအလုပ်ရသူလည်းရ။.


မရတဲ့သူဆိုလည်း အောင်မြင့်စိန်က ယူထားတဲ့ငွေ ပြန်ပေးတယ်လေ။


ဒီတော့ အောင်မြင့်စိန်ကို ယုံကြည်ရသည်ပေါ့။


ဘွဲ့ရ၊ဆယ်တန်းအောင်တွေကိစ္စအပြင် အောင်မြင့်စိန်က နောက်ဝန်ဆောင်မှုတခုပါ ထပ်တိုးလာသေး။


ဆယ်တန်းဖြေထားတဲ့သူတွေ ဂုဏ်ထူးမှန်းတဲ့အတိုင်းပါချင်တာလား၊ ဒါမှမဟုတ် အောင်ချင်တာလား။


ပညာရေးဝန်ကြီးဌာနအထက်ပိုင်းထိ သူလိုက်ပေးနိုင်တယ်။


ခုံနံပါတ်နဲ့ ပိုက်ဆံသာပေးထား။


အချိန်တန် အောင်စာရင်းထွက်လို့ ဂုဏ်ထူးမပါဘူး၊ မအောင်ဘူးဆိုလည်း အဲ့ဒီနေ့ပဲ ပေးထားတဲ့ ငွေ ပြန်အမ်းပေးတယ်။


(၃)

ဒီလိုနဲ့ အောင်မြင့်စိန် တို့ရဲ့ ပျဉ်ထောင်အိမ်ကလေးက တထပ်တိုက်ပုလေးဖြစ်လာပြီ။


ချိုမာလည်း ရွှေနဲ့ငွေနဲ့။


ရပ်ကွက်ထဲ လူရိုသေ၊ရှင်ရိုသေ။


ငွေလိုလာရင်..ကိုအောင်မြင့်စိန် ရဲ့ ဘုရားစင်ပေါ်ကနေ မကြာခဏရနေတာပဲ။


တရက်တော့..ချိုမာ စိတ်ထဲ တမျိုးဖြစ်လာတယ်။


ကိုအောင်မြင့်စိန် ဘေးမှာ ဝင်လှဲအိပ်ရင်း မေးလိုက်တယ်။


“ကိုအောင်မြင့်စိန်”


“ဘာလဲ..ချိုမာ”


“ကျွန်မ စိုးရိမ်နေတာ”


“ဘာကို စိုးရိမ်တာလဲဟ..နင့်ဟာကလည်း..အရင်းမရှိ အဖျားမရှိ”


“တော့..ဘုရားစင်ပေါ်က ငွေတွေလေ”


“အဲ့ဒါ ဘာဖြစ်လဲ”


“အဲ့ဒီငွေတွေက ရှင်ဌာနဆိုင်ရာက အထက်လူကြီးတွေကို ပေးရမယ့်ငွေတွေမဟုတ်ဘူးလား”


“မင်း..ဘယ်သူပြောတုန်း”


“ရှင်ပဲ..လူတွေလာရင် ပြောပြောနေတာလေ..အထက်ကို တင်ပေးမယ်..အထက်ကို တင်ပေးမယ်နဲ့”


“အေးလေ..ဘုရားစင်ကလည်း အထက်မှာပဲ မဟုတ်ဘူးလား”


“ဟင်..ဒါဆို..ညွှန်မှူးတွေ၊ ဦးစီးမှူးတွေကိုက”


“ဟဲ့. ချိုမာရဲ့..သူတို့က ဘယ်သူတွေမှန်းတောင် ငါသိတာမဟုတ်ဘူး..ငါသိတာ ဒရိုင်ဘာထွန်းထွန်းဝင်းတို့၊ ရုံးအကူ ကိုမြင့်တို့ပဲလေ”


“ဒါဆို ဒီပိုက်ဆံတွေယူပြီး ရှင် ဝန်ထမ်းဖြစ်အောင် အလုပ်သွင်းပေးသူတွေက ဘယ်လိုဖြစ်တာလဲ”


“ငါဘာမှ မလုပ်ပေးဘူးလေ..အထက်တင်ပေးမယ်ပြောပြီး သူတို့ပေးတဲ့ပိုက်ဆံ ဘုရားစင်ပေါ် တင်ပေးလိုက်တာပဲလေ”


“ဒါဆို…ရှင်လိမ်နေတာပေါ့”


“ဟ..ဘယ်မှာ..ငါလိမ်လို့လဲ…သူတို့ အလုပ်မရရင် သူတို့ငွေ..သူတို့ကို ငွေပြန်ပေးတယ်လေ”


“ဟင်…ကျွန်မတော့ ဘာမှ နားမလည်တော့ဘူး”


“နားမလည်ရင်လည်း အေးဆေး..ငါရှာကျွေးတာစားဟာ”


“ဒါနဲ့..ရှင်တခါပြောတော့..အထက်လမ်းဆရာ လုပ်တော့မှာဆို”


အောင်မြင့်စိန် ပြုံးလိုက်တယ်။


ပြီးတော့ ခေါင်းရင်းက ဘုရားခန်းရှိရာကို မေးငေါ့ပြလိုက်တယ်။


“အခု..ငါလုပ်နေတာ..အထက်လမ်းဆရာအလုပ်ပဲလေ..ချိုမာရဲ့.ဟဲဟဲဟဲ”


ခက်ဇော်

#ညမဖတ်ရ