ကံကြီးထိုက်သူ(စ/ဆုံး)

ကံကြီးထိုက်သူ(စ/ဆုံး)


ဤလောက လူ့ဘုံတွင် လူတစ်ယောက်အဖြစ်

ရုပ်နာမ်ခန္ဓာ ရရှိလာကြသူများ အားလုံးမှာ

တစ်နေ့နေ့တစ်ချိန်ချိန်တွင် သေကြရမည်မှာ

မလွဲမသေပင်ဖြစ်သည်။ သို့ရာတွင် လူတစ်ဦးနှင့်တစ်ဦး

မွေးဖွားလာကြပုံချင်း မတူညီကြသလို

သေဆုံးကြပုံချင်းလည်း မတူညီကြ။


အချို့မှာ မိခင်ဝမ်းမှ မွေးဖွာစဉ်ကပင်

ပင်ပန်းဆင်းရဲမှု ဒုက္ခမျိုးစုံကို ကြုံတွေ့

ခံစားရလျက် မွေးဖွားခံခဲ့ကြရလေသည်။


ဤသို့ တစ်ဦးနှင့် တစ်ဦး မွေးဖွားကြပုံများ မတူညီ

ကွဲပြားကြခြင်းမှာ တစ်ဦးနှင့်တစ်ဦး အတိတ်ကံများ

မတူညီခဲ့ကြခြင်းကြောင့်သာ ဖြစ်လေသည်။


အတိတ်ကံများကြောင့် လူတစ်ဦးနှင့်တစ်ဦး မွေးဖွားလာကြပုံချင်း

မတူညီကြသလို သေဆုံးကြပုံချင်းလည်း မတူညီကြပြန်ပေ။

သေဆုံးခြင်းနှင့် ပတ်သတ်ပြီး …


(၁) အာယုက္ခယ -သက်တမ်းစေ့၍ သေခြင်း

(၂ )ကမ္မယက္ခယ -သက်တမ်းမစေ့မီ ကံကုန်၍ သေခြင်း

(၃)ဥာယက္ခယ – သက်တမ်းလည်းစေ့ ကံလည်းကုန်၍ သေခြင်း

(၄) ဥပစ္ဆေဒက -သက်တမ်းမစေ့ ကံမကုန်မီ ကပ်၍

ဖြစ်တတ်သော ကံတစ်ပါးပါးကြောင့် သေရခြင်းဟူ၍

ရှိရာ လူတို့၏ ဖော်ပြပါ သေခြင်းအကြောင်း

တစ်မျိုးမျိုးကြောင့် သေကြရလေသည်။


ထိုအထဲတွင် တချို့မှာ သက်တမ်းစေ့နြေ့ပီး သေသင့်သေထိုက်သော

အချိန်တွင် သေနေ့စေ့၍ သေကြရသည်။ အချို့မှာ

သက်တမ်းမစေ့သော်လည်း နေကံကုန်၍ သေကြရသည်။


အချို့မှာမူ သက်တမ်းမစေ့ ကံမကုန်မီမှာပင် ဥပစ္ဆေဒက

ကံခေါ် ကံတစ်ပါးပါးဖြင့် သေကြရလေသည်။


“အသက် ဥာဏ်စောင့် ဥစ္စာကံစောင့် “ဟူသော

ဆိုရိုးစကားတစ်ခု ရှိလေသည်။ ငါသေနေ့မစေ့သေးပါဘူးဟူသော

အတွေးမျိုးဖြင့် အဆိပ်ရှိသော မြွေကို အပေါက်ခံခြင်း

ရထားဘီးအောက်ဝင်၍ အကြိတ်ခံခြင်းမျိုး ပြုလုပ်လျှင်မူ

ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းသာ ဖြစ်လေသည်။


သို့ရာတွင် လူအများကမူ မည်သည့်နည်းနှင့်သေသော

သေချိန်တန်၍ သေသည်ဟုသာ လွယ်လွယ်ပြောဆိုနေတတ်

ကြလေသည်။


လူတစ်ယောက် မမျှော်လင့်သော အကြောင်းတစ်ခုခုကြောင့်

သေဆုံးသွားခဲ့လျှင် ကျန်လူအများစုက

“အဖို့ပါလာလို့ ဒီလိုသေရတာပါကွာ”ဟု ပြောဆိုသော

စကားမျိုးကို မကြာခဏ ကြားဖူးကြပေလိမ့်မည်။


ထိုအဖို့ပါသည်ဟူသော စကားသည်ပင်လျှင်

အတိတ်ကံဖြစ်လေသည်။ လူတစ်ဦးတစ်ယောက်

မည်သို့ မည်ပုံသေရမည်ဆိုသည့် ကိစ္စမှာ အတိတ်က

ပါလာသော ထိုသူ၏ ကံသာဖြစ်လေသည်။


သူ၏အတိတ်ကံအရ လက်နက်ထိမှန်၍ သေဆုံးရမည့်

သူမှာ လက်နက်ဖြင့်သာ သေရတတ်လေပြီး ရေနစ်၍

သေရမည့်သူမှာ ရေဖြင့်သာ သေဆုံးရတတ်လေသည်။


ဤအချက်နှင့် ပတ်သတ်ပြီး စာရေးသူ၏ ရွာမှ

ကိုထွန်းငွေဆိုသော လူတစ်ဦး၏ အများနှင့်မတူ

တစ်မူကွဲပြားနေသည့် ဖြစ်ရပ်များ အကြောင်း

ရေးသားပြလိုက်ပါသည်။


သူ၏အမည်မှာ ထွန်းငွေဖြစ်ပြီး ငါးခေါင်းအင်းတောင်ရွာတွင်

နေထိုင်လေသည်။ သူ့တွင် ဇနီးသည် မခင်ရွှေအပြင်

သားသမီးလေးယောက်ရှိကာ

အသက်အရွယ် အိုမင်းလှပြီဖြစ်သော

မိဘနှစ်ပါးနှင့်အတူ မိဘများ လက်ထပ်က ပိုင်ဆိုင်ခဲ့သော

ခြံကျယ်ကြီးအတွင်းရှိ နှစ်ထပ်ပျဉ်ထောင်သွပ်မိုး

အိမ်ကြီးတွင် မိသားစုများနှင့်အတူ နေထိုင်လေသည်


ရွာထဲတွင် ထွန်းငွေဟူသော အမည်နာမကို

ပိုင်ဆိုင်ထားသူ နှစ်ဦးရှိသည့်အနက်

သူကအသက်ပိုငယ်သော

ထွန်းငွေလေးဖြစ်ပြီး ကျန်တစ်ဦးမှာ သူ့ထက်

အသက်အရွယ်ကြီးရင့်သော ထွန်းငွေကြီး ဖြစ်သည်။


သို့ရာတွင် အသက်အရွယ်ငယ်သော သူ့အား

ထွန်းငွေလေးဟု မခေါ်ကြဘဲ မိုးကြိုးထွန်းငွေ(သို့မဟုတ်)

မိုးကြိုးဟု အဖျားဆွတ် ခေါ်ကြသောကြောင့်

သူ၏ နာမည်အရင်း ထွန်းငွေမှာ ကွယ်ပျောက်သွားရပြီး

မိုးကြိုးဟုသာ တွင်နေလေတော့သည်။


ထိုကဲ့သို့ မိုးကြိုးဟူသော အမည်တွင်နေရခြင်းမှာလည်း

အကြောင်း ရှိလေသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်

မိုးဦးရာသီတစ်ခုတွင် ဖြစ်သည်။ အလုပ် လုပ်ရာတွင်

ဝီရိယရှိပြီး ကြိုးစားပမ်းစား လုပ်ကိုင်တတ်သော

ကိုထွန်းငွေလေးမှာ မိုးဦးဝင်လာသည်နှင့်

သူ၏ ပျိုးခင်းများကို စောစောစီးစီး ထွန်ယက်၍

ပေါင်းမြက်များလည်း သုတ်သင်ထားကာ အချိန်မှီ

အခါမှီ ပျိုးကြဲနိုင်ရန် ပြင်ဆင်စောင့်ဆိုင်းနေလေသည်။


ထိုနေ့ တစ်မနက်လုံး နေကြဲကြဲပူနေခဲ့သော်လည်း

မွန်းလဲတစ်ချက်တီးလောက် အချိန်တွင် အနောက်တောင်

အရပ်မှ မိုးခဲ မိုးသားများ မဲမဲမှောင်၍ တက်လာသောကြောင့်

အမြော်အမြင်ရှိသော ကိုထွန်းငွေလေးမှာ သူ၏

လူငှားနှစ်ယောက်နှင့်အတူ ပျိုးကြဲရန် မျိုးစပါးအိတ်များကို

သယ်ဆောင်ကာ ကြမ်းတုံးရိုက်ရန် နွားတစ်ရှဉ်းကို

ကောက်လျက် လယ်ထဲသို့ ကြိုထွက်ပြီး စောင့်နေခဲ့ကြသည်။


သူမျှော်လင့်ထားသလိုပင် မိုးကလည်း သည်းသည်းထန်ထန်

ရေပါအောင် ရွာချလိုက်သောကြောင့် သူမှန်းဆထားသော

သလိုပင် ပျိုးခင်းနှစ်ကွက်ကို ပျိုးကြဲနိုင်ခဲ့သည်။

သူတို့အားလုံး ပျိုးကြဲပြီးချိန်တွင် အိမ်ပြန်လာကြပြီး

လူငှားနှစ်ဦးမှာ နွားထားကိစ္စ ။ထွန်တုံးထွန်တံပြင်ဆင်ခြင်း

ကိစ္စများကို ဆက်လက်လုပ်ကိုင်နေကြသည်။


အလုပ်ရှင်လည်းဖြစ် ဦးဆောင်ညွန်ကြားသူလည်းဖြစ်သော

ကိုထွန်းငွေလေးမှာမူ ပျိုးကြဲရင်း မိုးမိ၍ ချမ်းနေသော်လည်း

ရွှံ့ နွံများဖြင့် ပေလူးနေသော ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက်

အိမ်လှေကားရင်းတိုင်တွင် ချိတ်ထားသော ရေငင်ပုံးကလေးနှင့်

ဆပ်ပြာခွက်ကို ယူကာအိမ်ရှေ့ ခြံထောင့်ရှိ ရေတွင်းတွင်

ရေပြေးချိုးလေသည်။


ထိုအချိန်တွင် မိုးမှာများများစားစား မရွာတော့ဘဲ

တစ်ဖွဲဖွဲလေးသာ ရွာနေတော့သည်။


ကိုထွန်းငွေလေးမှာ ရေသုံးလေးပုံးခန့်

ဆက်တိုက်လောင်းချိုးလိုက်ပြီး အုန်းပင်

အောက်တွင် မှောက်ထားသော စွပ်ဖားကြီးပေါ်တွင်

မတ်တတ်ရပ်ကာ ချေးတွန်းနေလေသည်။


ထိုအချိန်မှာပင် သူ၏ မျက်ဝန်းထဲ၌ လင်းကနဲ

လျှပ်စီးရောင်တစ်ချက် ဝင်းလက်သွားသည်ကို

အမှတ်မထင် သတိထားမိလိုက်သည်။


ထိုလျှပ်စီးရောင်မှာ သူ၏ဦးခေါင်းပေါ်တည့်တည်သို့

ထောင်တက်သွားသည်ဟုလည်း သူထင်လိုက်မိသည်


ထိုစဉ်မှာပင် ဒိန်းဒိန်းဂျိမ်းဟူသော ကျယ်လောင်စွာ

ထစ်ချုန်းသံနှင့်အတူ တစ်စုံတစ်ရာက သူခန္ဓာကိုယ်အား

ဆွဲခါလိုက်သလို ခံစားရပြီး သူ၏ ခန္ဓာကိုယ်မှာ

လေထဲသို့ မြောက်တက်သွားလေသည်။


ထို့နောက်တွင် သူဘာကိုမျှ သတိမရတော့ပေ။

သူသတိပြန်ရလာသောအခါ ဆေးရုံပေါ်တွင်

ရောက်ရှိနေသည်ကို သိရပြီး သေကံမရောက်

သက်မပျောက်ခဲ့သည့်အကြောင်းကို သိရတော့သည်။


အမှန်စစ်စစ် သူချေးတွန်းနေစဉ်မှာပင် လျှပ်စီးဝင်းကနဲ

လက်သွားပြီး သူ၏အပေါ်ဘက်တွင် ရှိနေသော

အုန်းပင်ကြီးအား မိုးကြိုးပစ်ချသွားခြင်းဖြစ်ပြီး

အုန်းပင်ကြီးမှာ အဖျားပိုင်း ကျိုးပဲ့ပြတ်ကျသွားကာ

အုန်းပင်အောက်တွင် ရှိနေသော သူသည်လည်း

စက်ကွင်းမလွတ်သဖြင့် စွပ်ဖားပေါ်တွင် ရပ်နေရာမှ

ဘေးသို့ လွင့်စဉ်ကျသွားခြင်းဖြစ်သည်။


မိုးကြိုးစက်ကွင်းမိသွားသော သူ့အား လူငှားများနှင့်

အိမ်နီးချင်းများက အလျင်အမြန် ဆေးရုံသို့ ထမ်းပို့ခဲ့ကြခြင်း

ဖြစ်သည်။ မိုးကြိုးပစ်ရာတွင် စက်ကွင်းမလွတ်ခဲ့သော

ကိုထွန်းငွေလေးမှာ သေကံမရောက် သက်မပျောက်ဘဲ

နောက်တစ်နေ့တွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့လေသည်။


ထိုအချိန်မှ စ၍ ငါးခေါင်းအင်းရွာတစ်ရွာလုံးက

ကိုထွန်းငွေလေးအား မိုးကြိုးထွန်းငွေ (သို့မဟုတ်)

မိုးကြိုးဟုသာ ခေါ်ကြလေတော့သည်။


ကိုထွန်းငွေလေးမှာလည်း အရက်မူးလာတိုင်း


“ဟေ့ …ထွန်းငွေကို ပေါ့သေးသေးမထင်နဲ့။

မိုးကြိုးပစ်တာတောင် သေတဲ့ကောင် မဟုတ်ဘူးကွ”


ဟု ကြုံးဝါးအော်ဟစ်တတ်လေသည်။

ထူးခြားသည်ကတော့ မိုးကြိုးခေါ် ထွန်းငွေလေးတစ်ယောက်

ယခင်ထက် အရက်ပိုသောက်လာခြင်းနှင့် အရက်မူးလာတိုင်း

ဖခင်အိုကြီးကို ရန်ရှာ၍ ဆိုတတ် /ဆဲတတ်လာခြင်းပင်ဖြစ်သည်။


“ခင်ရွှေရေ…ဟေ့ …ခင်ရွှေ ။ ဒီကို မြန်မြန်လာဦးဟ။

ငါကို ပိုးထိလာလို့ “


မခင်ရွှေမှာ မီးဖိုချောင်ထဲတွင် နံနက်စာချက်ပြုတ်နေရာမှ

အိမ်ရှေ့သို့ လှမ်းအော်နေသော ထိုထွန်းငွေလေး၏

အသံကြောင့် အိမ်ရှေ့သို့ ပြေးထွက်လာခဲ့လေသည်။

အိမ်ရှေ့သို့ ရောက်သောအခါ ကျပ်လုံးခန့် လုံးပတ်ရှိသော

မြွေပွေးအသေကြီးကို လက်တစ်ဘက်က ဆွဲလျက်

ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ဝင်လာသော

ခင်ပွန်းဖြစ်သူကို တွေ့ရရာ မျက်လုံးပြူးသွားရလေသည်။


“ဖြစ်မှဖြစ်ရလေတော် ။ ဘယ်မှာထိတာလဲ”


“ဒီမှာလေ ။ ညာဘက်ခြေမျက်စိအောက်မှာ”


သူ့စကားကြောင့် မခင်ရွှေက ကြည့်လိုက်ရာ

သူပြသည့်နေရာတွင် မြွေစွယ်ရာကို တွေ့ရှိရပြီး

ခြေမကိုင်မိ ။ လက်မကိုင်မိဖြစ်သွားလေသည်။

သူမက ကြားဖူးနားဝရှိသည့်အတိုင်း မြွေကိုက်သည့်

ဒဏ်ရာအထက်မှ ကြိုးနှင့်စည်းရန် ကြိုးတစ်ချောင်း

ပြေးယူလေသည်။ ကိုထွန်းငွေမှာလည်း ဗဟုသုတ

ရှိထားသူပီပီ သူ၏ ပိုးထိသည့်ဒဏ်ရာအထက်တွင်

ပုဆိုးစကို စုတ်ဖြဲ၍ စည်းလာခဲ့သောကြောင့်

ထိုနေရာ၏ အထက်နားမှာပင် ကြိုးဖြင့်ခပ်တင်းတင်း

စည်းနှောင်ပေးလိုက်သည်။


ပြီးသည်နှင့် အိမ်နီးချင်းဆွေမျိုးသားချင်းများကို

ခေါ်ယူကာ ထိုထွန်းငွေလေးအား ဖြူးမြို့ရှိ

ဆေးရုံသို့ အမြန်ပို့ဆောင်ကြလေသည်။


ကိုထွန်းငွေလေးကိုယ်တိုင်ပင် ထမ်းပိုးချွန်ဖြင့်

ရိုက်ယူလာခဲ့သော မြွေပွေးအသေကောင်ကိုလင်း

ဆေးရုံသို့ တစ်ပါတည်းယူဆောင်သွားကြသည်။

အမှန်စစ်စစ် ဝီရိယကောင်းသော ကိုထွန်းငွေလေး

တစ်ယောက် နံနက်ဝေလီဝေလင်း အချိန်ကတည်းက

ရိတ်ပြီးသား စပါးခင်းများတွင် ကောက်လှိုင်းစည်းရန်

ထွက်သွားခဲ့ခြင်း ဖြစ်သည်။


သူစတင် စည်းသော လယ်တစ်ကွက်လုံးပြီးရန်

လေးငါးလှိုင်းခန့်အလိုပင် သူစည်းရန် ပြင်ဆင်လိုက်သော

ကောက်ပုံအောက်၌ ခွေနေသော မြွေပွေးကို

တက်နင်းမိပြီး အမှတ်မထင် ပိုးထိခံလိုက်ရခြင်း

ဖြစ်လေသည်။


ကိုထွန်းငွေလေးမှာ ဆေးရုံသို့ဠအချိန်မီ အခါမီ

ရောက်ခဲ့သောကြောင့် ဆေးကုသမှုကို ကောင်းစွာ

ခံယူနိုင်ခဲ့ပြီး ရက်သတ္တတစ်ပတ်ခန့်ကြာသောအခါ

ဆေးရုံမှ ကောင်းမွန်ကျန်းမာစွာ ပြန်ဆင်းလာနိုင်ခဲ့တော့သည်။


ယခင်က မိုးကြိုးစက်ကွင်းမိသော်လည်း

မသေဆုံးခဲ့သည် ကိုထွန်းငွေလေးမှာ ယခုတစ်ဖန်

မြွေပွေးကိုက်ခံရပြီး မသေခဲ့ဘဲ ရှိပြန်ရာ

လူအများမှာ သူ၏ ဆန်းဆန်းပြားပြား

ကုသိုလ်ကံကြီးမားပုံကို တအံ့တသြ

ပြောဆိုနေကြလေတော့သည်။


ထိုအချိန်မှစ၍ ရွာထဲမှ နောက်နောက်ပြောင်ပြောင် ရှိသော

လူတစ်ချို့က သူအား မိုးကြိုးဟု ခေါ်နေရာမှ မိုးကြိုးပစ်

မြွေပွေးကိုက်ဟု ခေါ်ဆိုကြလေတော့သည်။


“ဝုန်း …”


“အောင်မလေးဗျာ”


“လာကြပါဦးတော်။ ဒီမှာ ကိုထွန်းငွေ

မအေကို ပြန်သတ်နေပါပြီ”


ဆက်တိုက် ပေါ်ထွက်လာသော ဆူဆူညံညံအသံများနှင့်

နောက်ဆက်တွဲ မခင်ရွှေ၏ အော်သံကြောင့် အ်ိမ်နီးချင်းများ

အပြေးရောက်လာကြသည်။ ကိုထွန်းငွေလေး၏

ဖခင်ဦးဖိုးရင်မှာ သားဖြစ်သူက ကိုင်ပေါက်သောကြောင့်

ခွေခွေလေးလဲနေရှာသည်။


ရောက်ရှိလာသော အိမ်နီးချင်းတွေထဲမှ လဲနေသော

ဦးဖိုးရင်အား ကုတင်ပေါ်ပွေ့တင်သူက ပွေ့တင်။

ယပ်ခတ်ပေးသူက ယပ်ခတ်ပေး။


ခြေဆုပ်လက်နက်ပြုပေးသူက ပြုပေး။

ဆေးဆရာပြေးခေါ်သူက ခေါ်နှင့် ဝိုင်းဝန်းလုပ်ကိုင်နေကြသည်။


ကိုထွန်းငွေလေး၏ မိခင်အိုကြီးဖြစ်သော

ဒေါ်စိန်ပွင့်ကမူ သားမိုက်ကို ကြောက်ရွံ့ထိတ်လန့်စွာ

ကြည့်ရင်း ငိုနေရှာသည်။


လူမှန်းသူမှန်းမသိအောင် အရက်မူးနေသော

ကိုထွန်းငွေလေးကမူ ရဲရဲတောက်နေသော

မျက်လုံးများနှင့် ဖခင်ကြီးဘက်သို့ လှမ်းကြည့်ရင်း

တောက်တစ်ချက်ခေါက်ကာ အိမ်ပေါ်မှ

တစ်ဝုန်းဝုန်းဆင်းသွားလေတော့သည်။


ထိုနေ့မှ စ၍ ကိုထွန်းငွေလေးမှာ လေးရက်တ်ိုင်တိုင်

အိမ်ပြန်မလာဘဲ သူ၏ အရက်သမားအပေါင်းအသင်းများနှင့်

ရွာရိုးကိုးပေါက် လှည့်လည်ကာ နေ့မနား ညမနား

အရက်လည်သောက်နေခဲ့လေသည်။


သူအိမ်မှ ဆင်းသွားခဲ့ပြီး လေးရက်လွန်

ငါးရက်မြောက်သောနေ့တွင်မူ အိမ်သို့

ပြန်ရောက်လာခဲ့လေသည်။


ကိုထွန်းငွေလေးမှာ အိမ်သို့ ပြန်လာသော်လည်း

မည်သူကိုမျှ စကားမပြောဘဲ သူဘာသာသူ

တစ်ယောက်တည်း နေလေသည်။


ရေချိုးချိန်တွင်ချိုး ထမင်းစားချိန်တွင် သူဘာသာသူ

မီးဖိုချောင်ထဲတွင် ခူးခပ်စားပြီး အိပ်ချိန်တွင်လည်း

သူတစ်ယောက်တည်း နွားတဲထဲတွင် သွားအပ်လေသည်။


ဤသို့ဖြင့် ငြိမ်ချက်သားကောင်းနေခဲ့သော ကိုထွန်းငွေလေးမှာ

အိမ်သို့ ပြန်ရောက်ပြီး ရှစ်ရက်မြောက်နေ့တွင် နံနက်စောစော

ရေမိုးချိုးကာ အဝတ်အစားလဲလှယ်ပြီး ငွေစအချို့ကို

ယူ၍ အိမ်မှ ထွက်လေသည်။


“ကိုထွန်းငွေ တော်…ဘယ်သွားမလို့တုံး ။ အရက်တွေ

သောက်မလာနဲ့နော်”


ဇနီးဖြစ်သူ မခင်ရွှက ပြောလိုက်ခြင်းသာ ဖြစ်သည်။


“ဒီမိန်းမ လျှာရှည်နေပြန်ပြီ ။ ငါ သွားချင်ရာသွားမယ်

နင်တို့ အိမ်ကို ပြန်မလာဘူး”


ကိုထွန်းငွေလေးမှာ လေသံမာမာဖြင့် ပြန်ပြောကာ

အိမ်မှ ထွက်သွားခဲ့သည် ။ ဇနီးဖြစ်သူ မခင်ရွှေမှာမူ

ဘာမှဆက်မပြောသာတော့ဘဲ သက်ပြင်းချကာ

ကျန်ရစ်ခဲ့တော့သည် ။


XXXXXX


“ဒေါ်ခင်ရွှေ …ဒေါ်ခင်ရွှေ ။ ဦးလေးထွန်းငွေတော့

ရေနစ်လို့ သေပြီ”


မြောက်ဘက်ရွာမှ ကိုဖိုးတော၏သား

ချစ်တီးကလာပြောသောအခါ

မခင်ရွှေမှာ အံ့အားသင့်နေပြီး ရုတ်တရက် သူ့နားသူ

မယုံနိုင်အောင်လည်း ဖြစ်ရလေသည်။


“မဟုတ်တာ ကောင်လေးရယ် ။ သူက ဘယ်သွားလို့

ရေနစ်ရမှာတုံး”


သူမပြောမည်ဆိုလျှင် ပြောစရာပင် ငါးခေါင်းအင်းတောင်ရွာ

မြောက်ရွာအနီးတွင် မည်သည့်မြစ်ချောင်းမျှ မရှိ။

ရွာနှစ်ရွာကြားရှိ ရေကန်မှာလည်း ယခုကဲ့သို့

တန်ဆောင်မုန်းလရာသီတွင် ရေနည်းပါးလေသည်။


လူတစ်ရပ်ပင် မြှုပ်တော့သည် မဟုတ်၍ ဤအနီး

ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရေနစ်သေစရာအကြောင်းမရှိ။

ထို့အပြင် သူမ၏ယောင်္ကျားအိမ်မှ ထွက်သွားသော

မနေ့က ညနေကတည်းကပင် သူမစုံစမ်းသိရှိရသမျှ

သူမ၏ ယောင်္ကျားဖြစ်သူမှာ မြောက်ဘက်ရွာ

ရွာပြင်တွင် အရက်ပုန်းရောင်းသော

ကိုဖိုးတော၏အိမ်မှာ အရက်သောက်ပြီး

အိပ်ပျော်နေသည်ဆိုသော သတင်းဖြစ်သည်။


XXXXX


ယနေ့ နံနက်ပိုင်းတွင် ကိုထွန်းငွေလေးနှင့် အပေါင်းအပါတစ်သိုက်

ဘုန်းကြီးကျောင်းကထိန်သို့ မူးမူးရူးရူးနှင့်လာ၍ ထမင်းစားပြီး

ကိုဖိုးတော၏ နေအိမ်သို့ ပြန်သွားကြသည်ဟု ကြားထားပြီး

ဖြစ်လေသည်။ ထို့ကြောင့် သူမကြားလိုက်ရသော

သတင်းကို လုံးဝမယုံကြည်အောင် ဖြစ်လေသည်။


“ဒေါ်ခင်ရွှေကလည်းဗျာ ။ ကျနော်က မဟုတ်တာပြောပါ့မလား

ဟော ပြောရင်းဆိုရင်းနဲ့ ဟိုမှာ သူ့အလောင်းကို ဦးထွေးအောင်တို့

ထမ်းလာကြပြီ”


ချစ်တီး၏ စကားကြောင့် ခြံပေါက်ဝသို့ လှမ်းကြည့်လိုက်သောအခါ

ကိုထွေးအောင်နှင့် ကုမန်းသစ် ရှေ့နောက်ဦးပဲ့ ထမ်းလာကြသော

စောင်ပုခက်ထဲတွင် ခွေခေါက်၍ အသက်မဲ့နေပြီဖြစ်သော

ကိုထွန်းလေး၏ ရုပ်အလောင်းကို မြင်တွေ့လိုက်ရလေသည်။


မခင်ရွှေက ရုတ်တရက်ကြောင်၍ ကြည့်နေစဉ်မှာပင်

ကိုထွေးအောင်က ကိုထွန်းငွေလေး၏ အလောင်းကို

စောင်ပုခက်ထဲမှထုတ်၍ အိမ်ပေါ်ထမ်းတင်ပြီးချသည်။


“မခင်ရွှေရေ နင့်ယောင်္ကျားသူတော်ကောင်ကြီးတော့

သေပြီဟ”


ကိုထွေးအောင်က ထိုသို့ပြောပြီး အရက်မူးမူးနှင့်

ငိုလေသည်။ ထိုအခါမှပင် မခင်ရွှေမှာလည်း …


“ဖြစ်မှဖြစ်ရလေ ကိုထွန်းငွေရဲ့ “


ဟု အော်ကာ ငိုချလိုက်လေတော့သည်။ထိုအချိန်တွင်

သူတို့မိသားစုအားလုံး အပြင် အိမ်နီးချင်းများလည်း

စုရုံးရောက်ရှိလာကြပြီး တစ်ယောက်တစ်ပေါက်နှင့်မေးကြရာ

ကိုထွေးအောင်က ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလေသည်။


ထိုနေ့နံနက်စောစောပိုင်းတွင် ကိုထွေးအောင်နှင့်

ကိုမန်းသစ်တို့မှာ သူတို့၏ သောက်ဖော်သောက်ဖက်

ကိုထွန်းငွေလေးရှိရာ ကိုဖိုးတော၏ တဲသို့ သွားခဲ့ကြသည်။


သူတို့ ရောက်သောအခါ တစ်ညလုံးအရက်မူး၍

အိပ်ပျော်နေခဲ့သော ကိုထွန်းငွေလေးက အိပ်ရာမှထပြီး

မျက်နှာသစ်ကာ တန်ပြန်သည်ဟု ဆိုကာ

အရက်တစ်ပိုင်း ထိုင်ဖြစ်ကြသည်။


ပြီးသည်နှင့် ကထိန်ကျင်းပနေသော

ဘုန်းတော်ကြီးကျောင်းသို့သွားကာ

ကထိန်မှကျွေးသော ဝက်သားဟင်းနှင့်

ထမင်းစားကြသည်။ ပြီးလျှင် သုံးဦးသား

ကိုယ့်အိမ်ကိုယ့် မပြန်ကြဘဲ ကိုဖိုးတော၏

အိမ်တွင် အရက်ကို တစ်လုံးပြီးတစ်လုံး

ဇိမ်တည်၍ သောက်နေကြရင်း မွန်းလွဲချိန်အရောက်တွင်

လူမှန်းသူမှန်းမသိအောင် မူးလာကြလေသည်။


ထိုအချိန်တွင် ကိုထွန်းငွေလေးက ဘုန်းကြီးကျောင်းသို့

သွားပြီး ကထိန်တရားနာမည်ဟု ဆိုသည်။

အိမ်ရှင်ကိုဖိုးတော အပါအဝင် ကျန်လူများက

မူးမူးရူးရူးနှင့် တရားသွားနာ၍ မသင့်တော်ကြောင်း

ပြောသည်။


သို့ရာတွင် အရက်မူးလာလျှင် သွေးဆူတတ်သည့်

ကိုထွန်းငွေလေးက ဇွတ်သွားမည်ပြုသည်။


ကျန်လူများကလည်း ဇွတ်တားမြစ်လေသည်။

ထိုသို့တားမြစ်သောအခါ သွေးဆိုးသော ကိုထွန်းငွေလေးက

ကျန်လူအားလုံးကို စိန်ခေါ်ပြီး ရန်စကားပြောသည်။

သူ့အကြောင်းသိကြသော ကျန်လူများက

သူ့ကို ဘာမျှပြန်မပြောဘဲ ငြိမ်နေသောအခါ

သူက ကိုဖိုးတော၏ အိမ်ရှေ့သို့ ထွက်သွားပြီး

လယ်ကွင်းပြင်ထဲတွင် တစ်ယောက်တည်း

ဆဲဆိုသောင်းကျန်းသည်။


ထိုသို့ သောင်းကျန်းရင်း မြေပေါ်တွင်

ကျွမ်းလေးငါးပတ်ပစ်ပြသည်။ ထိုသို့ ကျွမ်းပစ်နေရင်းမှ

ခြံထောင့်လယ်ကွင်းစပ်အရောက်တွင် သူက…


“မင်းတို့ သတ္တိမရှိဘူး။ အလကားကောင်တွေ။

ဟောဒီမှာ ထွန်းငွေလိုကောင်က ရေတွင်းထဲ ခုန်ချပြဦးမယ်”


ဟု အော်ဟစ်ကာ ခြံစပ်ရှိ မြေသားရေတွင်းဆီပြေးသွားလေသည်။

ကိုဖိုးတောက…


“ဟိတ်ကောင်ထွန်းငွေ မလုပ်နဲ့။ အဲဒီရေတွင်းက နက်တယ်။

ပြန်တက်ဖို့လည်း မလွယ်ဘူး”


ဟု အော်ဟစ်ကာ တားမြစ်လေသည်။ သို့ရာတွင်

ကိုထွန်းငွေလေး သူရူးတစ်ယောက်ပမာ တဟားဟားရယ်ရင်း

ရေတွင်းထဲသို့ ကျွမ်းပစ်ချလိုက်လေသည်။


ရုတ်တရက်တွင် ကျန်လူအားလုံးမှာ အံ့အားသင့်နေကြပြီး

ခဏကြာမှ သတိရလျက် အ်ိမ်ထဲမှ ရေတွင်းဆီသို့

ပြေးထွက်လာကြသည်။


အိမ်နှင့် ရေတွင်းမှာလည်း အတော်အတန်ဝေးရာ

သူတို့ရေတွင်းဆီ အရောက်တွင် ရေတွင်းထဲမှ

ရေများပွက်ထလာပြီး

ကိုထွန်းငွေလေးမှာ ရေမျက်နှာပြင်ထက်သို့ ဗွမ်းကနဲ

ပေါ်ထွက်လာလေသည်။ အတွေ့အကြုံလည်း

မရှိကြသော ကျန်လူများမှာ ဘာလုပ်မည် မသိဘဲ

ငုံ့ကြည့်နေကြရာတွင် ကိုဖိုးတောက တစ်စုံတစ်ခုကို

သတိရပြီး ရေငင်ပုံးကို ရေတွင်းထဲ လှမ်းချပေးပြီး…


“ဟိတ်ကောင် ထွန်းငွေ ရေပုံးကို လှမ်းဆွဲ ။

ရေပုံးကို လှမ်းဆွဲ”


ဟု အော်လေသည်။ ကိုထွန်းငွေလေးက

ဝူးဝူးဝါးဝါး အော်ဟစ်ရင်း လှမ်းဆွဲသော်လည်း

ရေပုံးကို မဆွဲမိဘဲ ယက်ကန်ယက်ကန်ဖြင့်

ပြန်မြုပ်သွားလေသည်။


နောက်တစ်ကြိမ်ရေပေါ်သို့ ပြန်ပေါ်လာမည့်အချိန်ကို

စောင့်ကြည့်သော်လည်း တစ်မိနစ်နည်းပါးထိ

ပြန်မပေါ်လာသောအခါ …


“မင်းတို့ ဝါးလုံးတစ်လုံးချပေးကွာ”


ဟု ပြောပြီး ကိုဖိုးတောက ရေတွင်းထဲ ခုန်ဆင်းသွားသည်။

ကိုထွေးအောင်ကလည်း အနီးတွင် အဝတ်တန်းလုပ်ထားသော

ဝါးလုံးကို ပြေးယူကာ တွင်းထဲသို့ ချပေးလိုက်သည်။


ကိုမန်းသစ်ကလည်း ရွာထဲသို့ ပြေးကာ

နီးစပ်ရာ လူများကို အကူအညီတောင်းလေသည်။

မကြာမီပင် ရေထဲသို့ ငုပ်သွားသော ကိုဖိုးတောက

ကိုထွန်းငွေလေးအား ချိုင်းတစ်ဘက်မှ ဆွဲကာ

ဝါးလုံးကို အမှီပြု၍ ရေမျက်နှာပြင်ပေါ်တက်လာသည်။


ထိုအချိန်တွင် ကိုမန်းသစ်နှင့်အတူ ရွာထဲမှ လူများလည်း

ပါလာရာ လှေကားဖြင့် တွင်းထဲသို့ဆင်းပြီး

အတောင့်လိုက်ကြီးဖြစ်နေသော ကိုထွန်းငွေလေးအား

တွင်းထဲမှ ဝိုင်းဝန်ဆွဲတင်ခဲ့ကြသည်။


သို့ရာတွင် ကိုထွန်းငွေလေးမှာ တွင်းနှုတ်ခမ်းပေါ်ရောက်ပြီး

တစ်မိနစ်ခန့်အကြာမှာပင် လုံးဝအသက်ထွက်သွားလေတော့သည်။


ကိုထွန်းငွေလေး၏ အသုဘကို သူ၏မိသားစုမှ

ငါးရက်ထားပြီး သင်္ဂြီုဟ်ခဲ့ကြသည်။

မိုးကြိုးပစ်၍ မသေ။ မြွေပွေးကိုက်၍ မသေခဲ့သော

မိုးကြိုးပစ်မြွေပွေးကိုက်ဟု အများက

နောက်ပြောင်ခေါ်ဝေါ်ခဲ့သည့် ကိုထွန်းငွေလေးမှာ

အရက်မူးမူးနှင့် ရေတွင်းထဲခုန်ချပီး သေဆုံးသွားခဲ့လေသည်။


သူ၏ အတိတ်ကံက မိုးကြိုးပစ်၍မသေ

မြွေပွေးကိုက်၍ မသေ။ ရေနစ်၍ သေရမည်ဟု

အဖို့ပါခဲ့လေသည်လားဟု စဉ်းစားဖွယ်ရာသာ

ဖြစ်လေသည်။


လူအများကမူ ကိုထွန်းငွေလေးတစ်ယောက်

ဤကဲ့သို့ ဆိုးဝါးစွာ သေဆုံးရခြင်းမှာ ဖခင်ကြီးအား

ဆဲဆိုစော်ကားခဲ့ရုံမက ကိုင်ပေါက်သည့်အထိ

ကာယကံမြောက် ပစ်မှားမိခဲ့သောကြောင့်

ကံကြီးထိုက်ခြင်းဖြစ်သည်ဟုသာ

ပြောဆိုနေကြလေတော့သည်။


မူရင်း ရေးသူ ဆရာ ကျော်ဆွေဝင်း(ရွှေအင်း)


ပြီးပါပြီ


စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ