ပညာမဲ့တို့၏မနာလိုစိတ်

 ပညာမဲ့တို့၏ မနာလိုစိတ်

-----------------------

ကွန်ဖြူးရှပ်က ဆိုဖူးပါသည်


“အမျိုးသမီးတို့၏စိတ်တွင် ဖိစီးနေသည့် ရောဂါကြီး ငါးမျိုးရှိသည်။ ယင်းတို့မှာ အရာရာကိုဆန့်ကျင်လိုခြင်း၊ အားမလိုအားမရဖြစ်ခြင်း၊ လုပ်ကြံပြောဆိုလိုခြင်း၊ မနာလိုခြင်း၊ မိုက်မဲခြင်းတို့ဖြစ်သည်” ဟူ၏။


ထိုအဆိုကို သိပ်ပြီးလက်မခံနိုင်ပါ


ယောကျ်ားရင့်မကြီးတွေဖြစ်သည်၊ ယောကျ်ားဖြစ်ကြောင်းဂုဏ်မောက်သည့် အဆင်တန်ဆာတွေကိုလည်း ဝတ်ဆင်ထားသည်၊ မာန်ထောင်ဟန်ကြွကာ ငါဟဲ့ ယောက်ျားဟု လက်ခမောင်းခတ်နေသော သူတွေ မှာလည်း အရာရာကို ဆန့်ကျင်လိုခြင်း၊ အားမလိုအားမရဖြစ်ခြင်း၊ လုပ်ကြံပြောဆိုလိုခြင်း၊ မနာလိုခြင်း၊ မိုက်မဲခြင်း ဆိုသည့် အပြုအမူတွေ ရှိနေကြောင်းတွေ့ရပါသည်။


မနာလိုစိတ်သည် လူတွင်သာမက ခွေးတွင်လည်းရှိသည်။


၂၀၁၄ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယာဂိုရှိ ကာလီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများသည် လူနှင့်ခွေးဆိုင်ရာ မနာလိုမှုကို စမ်းသပ်စစ်ဆေး၍ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ 


ခွေးသည် သူ့သခင်က သူ့ထက်ပိုပြီး အခြား ကစားစရာ ပစ္စည်းတစ်ခုခုကို အလေးထား ဂရုစိုက်လိုက်သည်နှင့် သခင်အပေါ် မနာလိုစိတ်ဖြစ်လာတတ်သည်။ ခွေးသည် သခင်က သူ့ကိုသာ အလေးထား ဂရုစိုက်စေလိုသော စိတ်သာရှိသည်။ ယင်းမှာ ခွေး၏ မနာလိုစိတ်ဖြစ်သည်။


ဆစ်ဒနီတက္ကသိုလ်မှ တိရစ္ဆာန်တို့၏ အပြုအမူဆိုင်ရာ ကျွမ်းကျင်သူ မယ်လီဆာ စတားလင်းကလည်း


“ခွေးသည် လူနှင့်နီးစပ်ပြီး ခွေးအုပ်စုတွင်လည်း သူ့အဆင့်အတန်းနှင့်သူရှိကာ မြင့်သူကို နိမ့်သူက ရိုးကျိုးရသည့် ထုံးစံရှိသည်” ဆို၏။ ခွေးလောကတွင်လည်း အဆင့်အတန်းခွဲကာ မနာလိုစိတ်တွေရှိသည်သာ။ 


အင်္ဂလိပ်စကားတွင် မနာလိုခြင်းကို Jealousy နှင့် Envy ဟုနှစ်မျိုးခွဲသုံးသည်။ မနာလိုခြင်းသဘောဖြစ် သော်လည်း ထိုနှစ်မျိုးသည် တစ်ခုနှင့်တစ်ခုမတူကြောင်း သတ်မှတ်ထားသည်။


Jealousy ဆိုသည်မှာ


- ရှုံးမည်ကိုကြောက်ခြင်း


- သစ္စာဖောက်ခံရလိမ့်မည်ဟု သံသယဖြစ်ခြင်း


- ရှုံးမည်ဟု ခံစားလာရပြီးနောက် ယုံကြည်မှုပျောက်လာခြင်း


- အထီးကျန်လာခြင်း


- မိမိယုံကြည်ကိုးစား အလေးထားသူ ရှုံးမည်ကို ကြောက်ခြင်း


- မယုံကြည်စိတ်တွေ လွန်ကဲလာခြင်းများ ဖြစ်လာလျှင် Jealousy ဖြစ်လာတတ်သည်ဟုဆိုသည်။


Envy ဆိုသည်မှာ


- သိမ်ငယ်လာခြင်း


- အာသာဆန္ဒ ပြင်းပြခြင်း


- မကျေမချမ်းဖြစ်ခြင်း


- မိမိပြိုင်ဘက်ဟု သဘောထားသူအပေါ်တွင် မနာလိုစိတ်ထားနေရသည်ကို အပြစ်ရှိသလို ခံစားနေခြင်း


- မိမိဘေးတွင် အကောင်းထက် အဆိုးကို ဘေးတီးနေသူများသာရှိနေခြင်း


- မိမိပြိုင်ဘက်၏ အရည်အချင်းကို ကျော်လွန်လိုသော်လည်း မိမိကိုယ်တိုင်က အရည်အချင်းမရှိခြင်း


- ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ခြင်း


- အခြားသူ၏ အောင်မြင်မှုကို ဝမ်းနည်းစိတ်ဖြစ်ခြင်း တို့ကတစ်ဆင့် Envy ဖြစ်လာတတ်သည်ဟု ဆိုသည်။


လူတစ်ယောက်တွင် Jealousy ရော Envy ပါတစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်သည်။ 

မိမိပြိုင်ဘက်ကို Envy ဖြစ်လာသည်နှင့် တစ်ပြိုင်နက် Jealousy ကလည်း အပြင်းအထန်ထကြွ သောင်းကျန်း လာတော့သည်။

 

Jealousy ရော Envy သည် ယောကျ်ားတွင်လည်း ဖြစ်နိုင်သလို မိန်းမတွင်လည်း ဖြစ်နိုင်သည်။ 


ယောက်ျားအမည်ခံ မိန်းမစိတ်ရှိသူတွေက ပိုဆိုးသည်။ သူတို့စိတ်တွင် Jealousy ရော Envy ပါ အမြဲထကြွသောင်းကျန်းနေသောကြောင့်သော်လည်းကောင်း၊ ထိုသို့ ထကြွသောင်းကျန်းစေရန် လေ့ကျင့် သင်ကြားပေးခြင်း ခံရသောကြောင့်လည်းကောင်း မလုပ်ရဲတာဘာမျှမရှိ ဖြစ်လာတတ်သည်။ 


မနာလိုစိတ် လွန်ကဲနေသူတို့မှာ


- လောကတွင် ငါနှင့် ငါသာနှိုင်းစရာ၊ ကျန်သောသူတွေမှာ ငါ့လောက်အရေးမပါဟုထင်တတ်ကြသည်


- မိမိတို့လုပ်တိုင်းမဖြစ်၊ ထင်တိုင်းမရ၊ ကြံတိုင်းမမြောက် ဖြစ်လာသည့်အခါတွင် အငြိုးအတေးတွေနှင့် ပြိုင်ဘက်ကို မပျက်စီး ပျက်စီးအောင် အပုပ်ချကာ ချောက်တွန်းနိမ့်ကျအောင် ကြံဆောင်လာတတ် ကြသည်


- ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရသလို စိတ်တွင်ခံစားရကာ မိမိအနီးရှိလူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်လာပြီး ဖြုတ်, ထုတ်, သတ် ရမည်ကိုလည်းကောင်း၊ ဇာတ်တူသားချင်း ချနင်းစားရမည်ကို လည်းကောင်း မကြောက်မရှက် ပြုလုပ်လာတတ်ကြသည်


- အလိုလိုနေရင်း အင်အားကြီးသည်ဟု ထင်ရသော အရာများကို ကြောက်နေတတ်သည်။ မိမိကို ဖမ်းဆီးမည်၊ ရန်ပြုမည်၊ သတ်မည်ဟုထင်ကာ မိမိကြောက်သော အရာမှန်သမျှကို ဆန့်ကျင်ကြဟု ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း၊ ရန်ပြုစေခြင်းတို့ကို အားထုတ်နေတတ် သည်


- ကိုယ့်ဘေးတွင် ယုံကြည်ရသူတွေမရှိဟု ထင်ကာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်း စသည့် ဝေဒနာများကိုလည်း ခံစားနေရတတ်သည်။


ထို့ကြောင့်လည်း ဗုဒ္ဓက 


“မခိုင်တည်သော စိတ်ရှိထသော


သူတော်ကောင်းတို့၏ တရားကို မသိထသော


စိတ်၏အကြည်ဓာတ် တုန်လှုပ်ချောက်ချားနေထသော သူအား ပညာသည်မပြည့်” ဟု မိန့်တော်မူ၏။ (ဓမ္မပဒ၊ စိတ္တဝဂ်)


မနာလိုစိတ်ပြည့်တင်းနေသောသူထံတွင် အဘယ်မှာလျှင် ပညာလည်းရှိအံ့နည်း။


(Ref: – Psychology Today)


တင်ညွန့်


၂၀.၁.၂၀၂၂