စလယ်ဝင်အိုးလေးမှ.... သည်

 စလယ်ဝင်အိုးလေးမှ……သည်(စ/ဆုံး)


————————-


သူနှင့်ကျမရဲ့အိမ်ထောင်ဦး အစများမှာတော့ စလယ်ဝင်ထမင်းအိုးလေးနဲ့ စခဲ့ကြတယ်။


ကျမတို့ မြို့သစ်ဖက်မှာ အိမ်ခန်းလေးတစ်ခန်းငှားပြီးနေကြတယ်။


လျှပ်စစ်မီး ဝါကျင်ကျင်လေးနှင့်အခန်းလေးတစ်ခန်းကို

စပေါ်တစ်ထောင့်ငါးရာ ကျပ် အိမ်လခခြောက်ဆယ်ပေးရတယ်။


ဒန်အိုးထဲကို ဆန်နို့ဆီဗူးနှစ်လုံးထည့်ပြီးမီးသွေးမီးဖိုလေးပေါ်မှာတည်ရတယ်။


လင်မယားနှစ်ယောက်ထဲဆိုတော့

ဆန်နှစ်လုံးချက်ရင်တစ်နပ်စာလောက်ငှတယ်။


သူကမြို့ထဲကသူဌေးဆီမှာ အလုပ် လုပ်တယ်။


လခ ရှစ်ရာကျပ် ရတယ်။

ရံဖန်ရံခါ အပိုငွေအနည်းငယ်ရတယ်။


ဒီလိုနဲ့ အိမ်ထောင်ကျပြီး နှစ်နှစ်လောက်အကြာမှာတော့

ကျမ ကိုယ်ဝန်ရှိလာခဲ့တယ်။


ကျမတို့နှစ်ယောက်စလုံး အလွန်ပျော်ကြတယ်။


သားဦးကိုယ်ဝန်ဆိုတော့ ပထမဆုံး အတွေ့အကြုံလေ။


ဟိုလူကပြောတာဝယ်လိုက်။


ဒီလူကပြောတာနားထောင်လိုက်နှင့်ရင်ခုန်ရဆုံးအချိန်တွေပေါ့။


ယောင်္ကျားလေးလားမိန်းခလေးလားဆိုတာ မသိနိုင်တော့ ပိုပြီးစိတ်လှုပ်ရှားရတယ်။


ဒီခေတ်များမှာလို ကိုယ်ဝန်ရှိမရှိမြန်မြန်သိနိုင်တဲ့ကိရိယာလည်းမရှိသေးဘူး။


ဓမ္မတာ ပျောက်သွားတယ်ဆိုကိုယ်ဝန်ရှိနေပြီလို့ပဲ မှတ်ယူလိုက်တယ်။


လစေ့လို့မွေးမှပဲ ကျားလား..မလား..သိရတော့တာ။


ခုခေတ်များတော့ ကိုယ်ဝန်လေးလလောက်ရောက်ကထဲက ကျား..မ..ခွဲခြားသိနိုင်ပြီတဲ့။


ကျမမှတ်မိပါသေးတယ်။


တော်လှန်ရေးပန်းခြံ အနားက

လှမြန်မာ ထမင်းဆိုင်မှာထမင်းစားချင်တဲ့ ချဥ်ခြင်း ကို ဘယ်လိုမှ တားဆီးလို့ မရခဲ့ဘူး။


ကျမအပျိုတုန်းက သူငယ်ချင်းအမတစ်ယောက်နှင့်အတူ ရွှေဘထမင်းဆိုင်လို့ လူသိများတဲ့ ဆိုင်မှာထမင်း သွားစားကြတယ်။


အမှန်တော့အဲဒီဆိုင်အမည်က လှမြန်မာထမင်းဆိုင်တဲ့။


ရုပ်ရှင်မင်းသားကြီးရွှေဘရဲ့အိမ်နဲ့နီးလို့ ရွှေဘထမင်းဆိုင်လို့လူသိများတာလို့ပြောကြတယ်။


တို့စရာအစုံကိုဗန်းကြီးနဲ့ထည့်ပေးတာ။


ကျမတို့စျေးမှာဝယ်လို့မရတဲ့တို့စရာမျိုးတွေလည်းစားရတယ်။

ညောင်ချဥ်ဖူးတို့ စရာဆိုစားကောင်းမှကောင်းပဲ။


ငပိရည် ဖျော်တာကလည်း ကောင်းတယ်။

စပ်လည်းစပ်မွှေးလည်းမွှေး အနံ့လေးရတာနဲ့တင် ထမင်းဆာတယ်။


ဟင်းချက်လက်ရာကလည်းစားကောင်းလိုက်တာ။


ငံသွားတာတို့ချိုသွားတာတို့မရှိပဲအစပ်အဟတ်တည့်ပြီး စားလို့မြိန်တယ်။


ထမင်းစားပြီးရင်အချိုပွဲစားဖို့ကအသင့်။


ထန်းလျက်ဖြူဖြူလေးတွေကပုလင်းလိုက်။


သရက်သီးပေါ်ချိန်ဆို ချိုမွှေးနေတဲ့သရက်သီးပန်ကန်ကြီးကအမောက်အလျှံ။


ရာသီပေါ်သီးနှံတွေကလဲမျိုးစုံနေတယ်။


ကိုယ်ဝန်ကြီးနဲ့ မြို့ထဲက ထမင်းဆိုင်မှာ ထမင်းသွားစားရတဲ့ဒုက္ခကလည်း မသေးလှဘူး။


မြို့သစ်နဲ့ ရန်ကုန်မြို့ဆိုတာ ကားစီးရတာ ကြာတယ်။


ကျမတို့နေတဲ့နေရာက ကားလမ်းကြမ်းတယ်။


ငါးပိသာအလေးကို မြိုချထားရင်တောင် အစာကြေနိုင်လောက်တဲ့ လမ်းမျိုးပါ။


ဒါပေမယ့်လဲ နှစ်ကြိမ်လောက် ထမင်းဆိုင်မှာသွားစားပြီးတဲ့ အခါမှာတော့ ချဥ်ခြင်းကရပ်သွားတယ်။


သားကြီးကို မွေးပြီးတဲ့နောက်များမှာတော့ ကျမတို့ အိမ်လေးတစ်လုံး ဝယ်နိုင်ခဲ့တယ်။


စီးပွားရေးလေးလည်း အတန်အသင့်ပြေလည်လာတယ်။


သားကြီးလေးငါးနှစ်လောက်အရွယ်မှာတော့ နှစ်ယောက်စာ

စလယ်ဝင်အိုးလေးက အဆင်မပြေတော့ဘူး။


ဆန်သုံးလုံးဝင် အိုးကိုပြောင်းချက်ရတော့တယ်။


ဒီလိုနဲ့ သားကြီး ခြောက်နှစ်လောက်အရောက်မှာတော့ သမီးလေးတစ်ယောက် ထပ်မွေးတယ်။


အသားဖြူဖြူ ပါးချိုင့်လေးနှင့်သမီးလေးကို ကျမတို့ချစ်မဝ ဖြစ်ခဲ့ရတယ်။


သားကြီးက သူ့ညီမလေးကို အလွန်ချစ်တယ်။

သားတစ်ယောက်သမီးတစ်ယောက် ရှိထားပြီမို့ ကျမတို့မိသားစုလေးမှာ ပြည့်စုံနေပါပြီ။


ဒါပေမယ့်သမီးလေး သုံးနှစ်လောက်မှာတော့ ကျမနောက်ထပ် ကိုယ်ဝန် ရှိလာတယ်။


ဒီဇင်ဘာလ ပထမပါတ်ထဲမှာသားငယ်လေးကို မွေးတယ်။


ဖိုးလမင်းကြီးလိုဝိုင်းစက်နေတဲ့မျက်နှာကြီးနှင့် ပြုံးချိုနေတဲ့သူ့ရုပ်သွင်ကြောင့် ကျမတို့အားလုံး အချစ်တွေ ပိုခဲ့ကြတယ်။


သားငယ်လေး ကျောင်းစတက်တဲ့အရွယ်ရောက်လာတော့

ဆန်လေးလုံး ဆန့်တဲ့ လေးလုံးဝင်ထမင်းအိုးက မီးဖိုထဲမှာ

နေရာ အခိုင်အမာယူထားတယ်။

.

.

.

ဒီလိုနဲ့ ကျမတို့သားကြီးက ဆယ်တန်းအောင်သွားပါပြီ။


ဂုဏ်ထူးနှစ်ခုပါတယ်။


အဲဒီနေ့က ကျမစျေးကို စောစောသွားတယ်။


ကျမပြုံးနေတာပေါ့။

ရင်ထဲမှာပီတိကျနေတာ။


လူတွေကိုနှုတ်ဆက်နေမိတယ်။

သူတို့မေးချင်မေး မမေးချင်နေ။


ကျမက ကျမသားကြီးဆယ်တန်းအောင်တဲ့အကြောင်း ဂုဏ်ထူးနှစ်ခုပါတဲ့အကြောင်းကိုအတင်းလက်တို့ပြီးကို ပြောတော့တာပဲ။


ကိုယ်နဲ့သိတဲ့လူတိုင်း တွေ့တဲ့လူတိုင်းကိုပြောပြချင်နေတာ။


သူတို့နားထောင်ချင်နားထောင် နားမထောင်ချင်လည်း နားထောင်။


ကျမရင်ထဲမှာ မျက်ရည်ကျလောက်အောင်ပျော်လွန်းလို့ပါ။


သူတို့အဖေကတော့ လက်သီးကြီးဆုပ်ပြီး

ဒါမှငါ့သားကြီးကွ.. ငါ့သားကြီးကွဆိုပြီးသားကြီးကိုဖက်ထားတယ်။


သူ့မျက်ဝန်းမှာဝမ်းသာလွန်းလို့

မျက်ရည်တွေဝိုင်းနေတာ ကျမမြင်လိုက်တယ်။


ညဘက်ရောက်တော့လည်း ကျမတို့နှစ်ယောက် သားကြီးရှေ့ရေးကို စိတ်ကူးယဥ်ကြတယ်။


သားကြီး တက္ကသိုလ်စတက်တဲ့နေ့ကဆို ကျမတို့လင်မယား သားကြီးကို ကြည့်လို့မဆုံး ရှု့မဆုံးနိုင်ဖြစ်ခဲ့ရတယ်။


ကျမတို့က ပညာ မတတ်ဖူးလေ။

အင်္ဂလိပ်စာဆို အေမသိ ဘီမသိ တွေပါ။

တက္ကသိုလ်ဆိုတာ ဘယ်နားနေမှန်းတောင် မသိကြပါဘူး။


ကျမတို့သား အလှည့်ကျတော့ တက္ကသိုလ်ဆိုတဲ့နေရာကို ရောက်ပြီ။


ပညာတတ်ကြီးဖြစ်တော့မှာ။

ကျမတို့နှစ်ယောက် ကျေနပ်လိုက်တာဆိုတာလေ။

.

.

.

သားကြီးဘွဲ့ရသွားပါပြီ။


မိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ ဌာနဆိုင်ရာတစ်ခုမှာအလုပ်ရသွားတယ်။


လကုန်တာနှင့် လခကို အမေကို

အကုန်ပေးတယ်။


သူသုံးဖို့ ငွေနည်းနည်းလေးပဲပြန်ယူတယ်။


သူ့ညီမလေးအတွက် ဆံညှပ်လှလှလေးဝယ်လာတာ တွေ့တယ်။


ညီထွေးအတွက်လည်း ဘောလုံးကန်အင်္ကျီဝယ်လာတယ်။


ညီလေးနှင့်ညီမလေးကိုလည်း သူသိပ်ချစ်တယ်။


ရုံးပိတ်ရက်များဆို မီးဖိုထဲကအမေ့ဘေးမှာ ကြ က်သွန်ခွာပေးတုန်း။


အဖေနဲ့အမေအင်္ကျီကိုလျှော်ပေးတယ်။


အလုပ်ကပြန်ရောက်တာနဲ့ အမေကိုလိုက်ရှာတော့တာပဲ။


အရပ်ထဲကအသိအိမ်တွေသွားလဲသူကအတင်းလိုက်လာပြီးအမေ့မျက်နှာကိုတွေ့ပြီးမှအိမ်ပြန်သွားတာ။


ကျမတို့နှစ်ယောက်ရဲ့ကျန်းမာရေးကိုလည်းအထူးဂရုစိုက်တယ်။


မနက်မိုးလင်းအိပ်ယာထတာနဲ့ အဖေနဲ့အမေမျက်နှာကိုကြည့်ပြီးနေကောင်းရဲ့လား။


ခေါင်းကြည်ရဲ့လား။

ရာသီဥတုပူရင်ရေချိုးဂရုစိုက်နော်။


ကလေးများလို အရိပ်ကြည့်နေသူပါ။


သားကြီးက ကျမတို့ အတွက် အားကိုးရသူပါ။


တစ်ရက်မှာတော့သားကြီးက

သူအိမ်ထောင်ပြုတော့မယ်လို့ ကျမတို့ကို ဖွင့်ပြောပါတယ်။


ကျမတို့မအံ့သြ မတုန်လှုပ်ပါ။


ဟုတ်တာပေါ့လေ။

သားကြီးကအရွယ်ရောက်နေပြီပဲ။


အိမ်ထောင်ပြုရမယ့်အရွယ်ကိုရောက်နေပြီပဲ။


သားကြီးက သူအိမ်ထောင်ပြုပြီးရင်လည်း မိဘတွေနှင့်အတူတူနေမယ်လို့ပြောပါတယ်။


သားကြီးရဲ့စကားကြောင့်ကျမတို့ရင်ထဲမှာချမ်းသာသွားကြပါတယ်။


ကိုရင်ကတော့…

သားကြီးရေ..အဖေက သားသမီးတွေ မြေးတွေနဲ့ စုစုရုံးရုံး နေချင်တာကွ..အဖေ့ဆန္ဒပြည့်တာပေါ့…

ဆိုပြီးပြုံးပျော်နေတယ်။


သားကြီးရဲ့ မိန်းကလေးကနူးညံ့သိမ်မွေ့ပုံရတယ်။


ဘွဲ့ရပြီးသားပါ။

ပြည်စုံတဲ့မိသားစုကဆင်းသက်လာသူပါ။


အဆင့်အတန်းရှိရှိနှင့်စကားကိုလည်းတိုးညှင်းစွာပြောတယ်။


မိသားစုဝင်တစ်ယောက်တိုးလာတဲ့အတွက်ကျမတို့ ပျော်နေကြတယ်။


ခြောက်လုံးဝင်လျှပ်စစ်ထမင်းပေါင်းအိုးက မီးဖိုခန်းမှာတစ်မိသားစုလုံးအတွက် တာဝန်ယူနေတယ်။


ထမင်းစားခန်းမှာ မိသားစုစုံစုံညီညီ ထမင်းလက်ဆုံစားခွင့်ရနေတယ်ဆိုတာကလည်း ကံကောင်းခြင်းတစ်မျိုးပါ။


ဘာပဲဖြစ်ဖြစ် ကျမတို့ပျော်ပါတယ်။


အရင်တုန်းက

သားကြီးအလုပ်ကအပြန်တွေဆိုရင် အမေ့ကို ဒီနေ့ နေကောင်းရဲ့လား။


အမေဘာတွေစားလဲ။


အဖေကော ဘယ်သွားနေလဲ။


ညီမလေး မမြင်ပါလား။


ညီထွေး စာလိုက်နိုင်ရဲ့လား။


သူ့ကသံကတစ်အိမ်လုံးညံနေတာပါ။


ခုတော့ အလုပ်ကအပြန်မှာသူ့ကို စကားပြောဖို့ကြိုးစားပေမယ့် သားကြီးက ကျမတို့အနားကိုရောက်မလာခဲ့ဖူး။


ဒီအမေကတော့စကားပြောချင်လို့သူ့ကိုမျှော်နေရတာလည်ပင်းရှည်နေပြီ။


ရေချိုးဖို့အပြင်ထွက်လာတယ်။


အမေ ဘာဟင်းချက်လဲ..ဗိုက်ဆာတယ်…


ထမင်းကိုအသည်းအသန်စားတယ်။

ထမင်းစားပြီးတော့လည်း မိန်းမကအနားကတဖဝါးမှမခွာဆိုတော့။


အင်း….ကိုရင်ကတော့ပြောပါတယ်။


ရွှေရီရေ..ခုချိန်မှာဆံချည်တစ်မျှင်တောင်အဝေးမခံနိုင်တဲ့အချိန်လေ..မင်းဘာဖြစ်နေတာလဲ..

သား ကိုသိပ်အဖြစ်မသဲနေနဲ့…

ယောက်ခမဆိုး နာမည်ရသွားမယ်နော်…


ကျမလည်းဘယ်လိုဖြစ်တယ်မသိပါဘူး။


သားသမီးထဲမှာ သားကြီးကခုမှအိမ်ထောင်စကျတယ်ဆိုတော့ကျမလည်းစိတ်ထားမတတ်ဖြစ်နေတယ်နဲ့တူတယ်။


သားကြီးကလည်း

အမေနဲ့ခဏတဖြုတ်လောက်ပဲစကားပြောချိန်ရတယ်။


အမေ့အတွက် အချိန်မပေးနိုင်တော့ပါဘူး။


အမေ့နားမှာလည်းအရင်ကလို လက်ပွန်းတတီး မနေတော့ပါဘူး။


အရင်တုန်းကဆို အမေသောက်နေကျဆေးတွေကို သူကပဲ ဝယ်လာပေးတယ်။


သွေးဆေးဆိုလည်း ဒီဆေးကတော့ ဆေးအေးမို့ အမေနဲ့တည့်တယ်။


ဒီလျက်ဆားကတော့ အငံတွေများတယ် အမေ မသောက်ရဘူးနော်။


ကိုရင့်ကိုဆိုလည်း အဖေ ဟောဒီမှာအဖေ့အတွက် သား လိမ်းဆေးကောင်းကောင်းရှာဝယ်ခဲ့တယ်။


အဖေခြေထောက်တွေ ညောင်းကိုက်တယ်ဆို။


ညအိပ်ကာနီးကျရင် သားကိုယ်တိုင်လိမ်းပေးမယ်။


မိဘအပေါ်မှာအဲဒီလိုလိမ္မာရေးခြားရှိတဲ့သားကြီးပါ။

.

.

.


လခထုပ်တဲ့ရက်မှာတော့ ထုံးစံအတိုင်းညီမလေးအတွက်ဆံညှပ်ကလေး ဝယ်လာပေးတယ်။


မလတ် ရေ..ဟောဒီမှာ ကလစ်ပန်းရောင်လေး..ကိုကြီးဝယ်လာတယ်..


ချွေးမလေးမျက်နှာကွက်ခနဲပျက်သွားတာမြင်လိုက်တယ်။


အိမ်အတွက်လည်းကြက်ကင်ဝယ်လာတယ်ဟေ့…မိသားစုတွေအတူစားရအောင်…


ညီထွေးက အတော်ဆိုးပါတယ်။

အလိုက်ကန်းဆိုးလည်းမသိပါဘူး။


ကြက်ကင်ကို လျှင်လျှင်မြန်မြန်နဲ့သူ့လက်ချည်းပဲဆိုသလို ပလုပ်ပလောင်းစားပါတော့တယ်။


အရင်ကတော့ကိုယ့်မိသားစုချည်းဆိုတော့ ပြောင်ပြောင်နောက်နောက်နဲ့ လုစားကြ..အရိုးအရင်းပါမကျန် ကိုက်စားကြပေါ့။


ခုလည်းညီထွေးက အိမ်မှာအငယ်ဆုံးပီပီ ကြက်ကင်ကိုသူ့အမလတ်ဆီက လုစားလိုက် သူ့အကိုကြီးဆီကယူစားလိုက်လုပ်နေတော့။


ချွေးမလေးက ဟန်ဆောင်နေတဲ့မျက်နှာထားနှင့်။


ကြက်ကင် ကိုအနည်းငယ်သာစားပြီးထသွားတယ်။


သူ သိပ်မကြိုက်ဖူးတဲ့။

သွားကိုက်လို့..တဲ့။


ကျမက လူကြီးဆိုတော့ရိပ်မိတာပေါ့။


နောက်ရက်များမှာတော့

အိမ်ကအမှိုက်တွေသွန်ဖို့စုရင်းသားကြီးတို့အခန်းထဲက

အမှိုက်ပုံးထဲမှာ။

ခေါက်ဆွဲ ဖတ်တွေ။

ကြက်ရိုးတွေ။

ငှက်ပျောခွံတွေ။

မုန့်ထုပ်တဲ့ပလပ်စတစ်

တွေ တွေ့တယ်။

ကျမသဘောပေါက်လိုက်ပါတယ်။


ခေါင်းလည်းငြိမ့်မိတယ်။

.

.

.


တစ်နေ့တော့ အလုပ်က ပြန်လာတဲ့သားကြီးနဲ့ ခြံဝမှာ တွေ့တယ်။


ကားပေါ်က ဆင်းလာပြီး

အမေ့ကို ပြုံးပြုံးရွင်ရွှင်နှင့်စကားတွေပြောတယ်။


အမေ သားကိုထွက်ကြိုနေတာပေါ့ဟုတ်လား..ဟား..ဟား..ဟား..

ဒီမှာအမေ့ဖို့ မုန့်ဝယ်လာတယ်…


သားကြီးကအရင်လိုပဲကျမကိုရယ်ရယ်မောမော

ပြောပြောဆိုဆိုနှင့်

သူ့အိတ်ထဲကမုန်ထုပ်ကို ထုတ်လိုက်ပြီး ကျမကိုပေးတယ်။


သူ့အိတ်ကို ကျမကဆွဲပြီး အိမ်ပေါ်ကို အတူတက်ခဲ့တယ်။


ညနေဘက်ရောက်တော့ သားကြီးမိန်းမက ထမင်းထွက်မစားဘူး။


ခေါင်းကိုက်နေလို့တဲ့။


ညဘက်တရေးနိုးတော့ သားကြီးတို့အခန်းထဲက စကားသံတွေကြားရတယ်။


ကျမကွယ်ရာမှာ ရှင့်အမေနဲ့

ကျမ မကောင်းကြောင်းတွေပြောနေတာမဟုတ်လား……


ရှင့်အမေက ရှင်အလုပ်ကပြန်အလာကိုထွက်ကြိုတယ်..


ရှင့်အိတ်ကိုဆွဲပြီး အိမ်ပေါ်ကိုအတူတက်လာကြတယ်..


ရှင်က ကျမမှာလိုက်တဲ့မုန့်ကို

ဝယ်လာပြီး အမေ့ကိုပေးလိုက်တယ်..


ဒါဘာသဘောလဲ..

တော်ရုံပဲကောင်းတယ်နော်…


ဘုရား…ဘုရား…

ဒါဘာစကားတွေလဲ။


နားမလည်တော့ပါလား။


နူးညံ့သိမ်မွေ့တယ်လို့ထင်ထားတဲ့ ချွေးမလေ။


ကျမကလည်းအိမ်ရှေ့အထွက် သားကြီးကလည်းအလုပ်ကအပြန် တိုက်ဆိုင်သွားတာမဟုတ်လား။


ဒါရန်လုပ်စရာလား။


စကားများစရာလား။

အမေစားဖို့မုန့်ဝယ်ပေးတာကောအပြစ်လား။


သားနှင့်အမေက သူ့ကွယ်ရာမှာတောင် စကား မပြောရတော့ဘူးလား။


ခက်တော့နေပါပြီ။

ဒီမိန်းခလေးကဘာတုန်း။


ကျမ မနက်မိုးလင်းထိ ဒေါသဖြစ်နေတုန်း။


အဖေကြီးက မျက်ရိပ်မျက်ကဲပြတယ်။


ရွှေရီ..

မင်းတော်လိုက်တော့..


မင်းမျက်နှာကိုပြင်လိုက်တော့..


တို့သားကြီးစိတ်ညစ်သွားမှာကိုထည့်တွက်ပါဦးကွာ..


ဒီလိုနှင့် နောက်တစ်ပါတ်လောက်နေတော့

သားကြီးက သူတို့အိမ်ခွဲနေတော့မယ် တဲ့။


ကျမ မတားတော့ပါဘူး။

သူ့မှာ သူစိမ်းဖက်နေပြီလေ။


မိန်းမနှင့် မိသားစုကြားမှာ သူလည်းအနေရခက်ပါတယ်။


သူလည်း တသက်လုံးတော့မိဘနှင့်ဘယ်နေမှာလဲ။


ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်မိသားစုဘဝလေးကို တည်ဆောက်မှာပေါ့လေ။


မိဘတွေဘက်ကတော့ ဒီသားသမီးတွေနှင့်ဥမကွဲသိုက်မပျက် သက်ဆုံးတိုင်နေချင်တာပေါ့။


သဘာဝတရားကြီးကိုက မှန်ကန်လွန်းပါတယ်။


မိဘတွေအိမ်က သားသမီးတွေအတွက် ခေတ္တ နားခိုရာဆိုတာ။


သားကြီးတို့အိမ်ပြောင်းတဲ့နေ့က သူတို့နှစ်ယောက် ကျမတို့ကို ကန်တော့ကြတော့ ကျမကပြုံးပြုံးရွှင်ရွှင်နဲ့ ဆုတွေပေးလိုက်တယ်။


သူတို့အဖေကတော့ မျက်ရည်ကျလုလုဖြစ်နေလေရဲ့။


ရွှေရီ ရေ..


ငါကလေ သားသမီးတွေ အိမ်ထောင်ရက်သားကျစေဦးတော့..


မခွဲခွာဘဲအတူနေရမယ်လို့ထင်ထားတာ…


သားသမီးကမိဘနဲ့တသက်လုံးအတူနေရမယ်လို့ထင်ထားရင်မှားမှာပေါ့ကိုရင်ရယ်။


.

.

.


သမီး မလတ်ကဆယ်တန်းကိုမအောင်ရှာဘူး။


သူ့မှာပညာပါရမီနည်းတယ်။


စက်ချုပ်တဲ့လက်မှု့ပညာလေးတော့သူသင်ထားတယ်။


အပ်ချုပ်စက်လေးတစ်လုံးဝယ်ပေးထားတယ်။


အိမ်ကခန်းဆီးလိုက်ကာ၊

ခေါင်းအုံးစွပ် ၊အိမ်နေရင်းအင်္ကျီတို့ကသူ့လက်ရာတွေပေါ့။


ကျမလည်း ခုမှအငြိမ်းစားရတော့တယ်။


မီးဖိုထဲကိုဝင်စရာမလိုတော့ဘူး။


မလတ်ကပဲ စျေးသွား ချက်ပြုတ်တဲ့အလုပ်ကိုတာဝန်ယူတယ်။


ဒီနေ့မလတ် အသက်အစိတ်ပြည့်တဲ့နေ့။


မနက်စောစောထဲက ချက်ပြုတ်ပြီးဘုန်းကြီးကျောင်းကိုဆွမ်းပို့တယ်။


မိဘတွေကိုသူကန်တော့တယ်။


ကျမတို့ မထင်မှတ်ထားတဲ့စကားကိုသူပြောလိုက်တယ်။


သမီးမှာ ရည်ရွယ်ထားတဲ့သူရှိနေပြီ…


ညနေကျရင်အိမ်ကိုသူလာမယ်..အဖေနှင့်အမေတို့ သူ့ကိုအကဲခတ်ပေးပါ…


အို…ဘာတွေလဲကွယ်…


မလတ်ကိုကလေးလို့ထင်နေသေးတာ။


ကိုရင်..

ရှင်ဘာတွေအမူအယာပျက်နေတာလဲ..


ကြုံရမယ်လေ..


တနေ့ကြုံရမယ်လို့ကျမပြောခဲ့တာမေ့နေပြီလား..


ညနေဘက်ရောက်တော့ ကောင်လေး ကအိမ်ကိုရောက်လာတယ်။


မွန်မွန်ရည်ရည်လေးပါပဲ။


ဘွဲ့ရပြီးသား ဝန်ထမ်း။

နယ်မှာတာဝန်ကျနေတယ်။


ကောင်လေးမိဘတွေနှင့်တွေ့ဆုံပြီး

မင်္ဂလာပွဲကျင်းပတယ်။


မလတ်လည်း သျှောင်နောက်ဆံထုံးပါဇာတ်လမ်း လေးပါပဲ။


ကျောက်နီ ဆွဲပြားလေးပါတဲ့ဆွဲကြိုးလေးကို မလတ်လည်ပင်းမှာကျမ ဆွဲပေးတော့ မလတ်ကငိုတယ်။


ယူသွားသမီး..အမေတို့တတ်နှိုင်တာလေးတော့ပေးလိုက်ပါရစေ..


မလတ်တို့ စီးသွားတဲ့ကားကိုမျက်စေ့တဆုံးကြည့်ပြီး မျက်ရည်ဝဲနေတာက ကိုရင်။


ငါတို့သမီးလေးက မိန်းခလေးဆိုတော့ ငါတို့နဲ့တသက်လုံးနေမယ်လို့ထင်ထားတာနော်ရွှေရီ…

ခုတော့ကွာ…..


သြော်…ကိုရင်ရယ်…

သဘာဝကိုမလွန်ဆန်ချင်စမ်းပါနဲ့…


ကျမကော မိဘနဲ့ တသက်လုံးနေသလား..


ရှင့်နောက်ကိုလိုက်ခဲ့တာပဲ မဟုတ်လား..


ခုလဲဒီလိုပဲပေါ့..

ကိုရင်..


ရှင့်မလဲအတော်အသဲနုပါလား..

ထစ်ကနဲဆိုမျက်ရည်ကဝဲနေပြီ..


ပြောမယ့်သာပြောရတာပါ။


အဲဒီနေ့က ကျမတို့သားအမိသုံးယောက်စလုံးညစာကိုဟုတ်တိပတ်တိမစားကြတော့ပဲတိတ်ဆိတ်စွာနှင့် အိပ်ယာဝင်ခဲ့ကြတယ်။


တစ်ယောက်ချင်းစီရဲ့ရင်ထဲမှာတော့အတွေးကိုယ်စီနဲ့ပါ။


.

.

.


ကျမအဖို့ကတော့ တကျော့ပြန်မီးဖိုချောင်မင်းသမီးပေါ့။


ညီ ထွေး ဘွဲ့ရပြီးတဲ့နှစ်မှာပဲ

သင်္ဘောလိုင်းတစ်ခုမှာ အလုပ်ရတယ်။


ညီထွေး သင်္ဘောတက်သွားတာ ဆယ်လလောက် ကြာတယ်။


ပြန်ရောက်လာတော့ မိဘတွေကိုလွမ်းလို့ သတိရလို့ တဲ့။


ပိုက်ဆံ ရလို့သာ သင်္ဘောသားအလုပ်လုပ်တာပါ အမေရာ..


အိမ်ကိုလွမ်းလိုက်တာဆိုတာသေမတတ်ပဲ…


သူ့ လခတွေကိုလည်း ကျမတို့ကိုအကုန်အပ်တယ်။


ကိုရင်က..

ရွှေရီ ရေ..

ညီထွေးပေးတဲ့ပိုက်ဆံတွေ ကိုသေချာစီစစ်ပြီးမှသုံးကွာ..


သူ့ခမြာသက်စွန့်ဆံဖြားပင်လယ်ပြင်မှာရှာလာရတာ..

အဖိုးတန်တယ်…


သြော်…ကိုရင်ရယ်..

ကိုရင်လည်း သားသမီးတွေကို ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးခဲ့တာပဲလေ..


ရှင့်လက်တွေ ကိုပြန်ကြည့်ပါဦး..

အသားမာတက်နေခဲ့တာ ပျောက်သွားပြီလားလို့..


ရှင့်ပုခုံးမှာလည်း ကုန်ပစ္စည်းတွေကိုထမ်းပိုးခဲ့ရလို့ ကျွဲပခုံးထနေခဲ့တာ

သတိရပါဦး…


ခုမှ မိဘကို ရှာဖွေကျွေးရသေးတဲ့ညီထွေးရတဲ့ ပိုက်ဆံက တန်ဖိုးရှိသတဲ့လား..


ရွှေရီ ရေ..

ခလေးတွေရှာဖွေကျွေးတဲ့ပိုက်ဆံနဲ့ လက်ဖက်ရည်တစ်ခွက်တောင် ဝယ်မသောက်ရက်ပါဘူးကွာ..


မိကဆိုတာ သားသမီးမွေးထားရင်ရှာဖွေကျွေးရမှာပဲ..

ဒါသဘာဝပဲလေ…


ဒါပေမယ့် ငါရှာကျွေးခဲ့စဥ်က ငါ့သားသမီးဆိုတဲ့ မိဘတစ်ယောက်ရဲ့အသိစိတ်လေ…


အခုသားသမီး ရဲ့လုပ်စာကိုစားဖို့ကျတော့ ဝန်လေးတယ်ကွ..


ညီထွေး သင်္ဘောပြန်တက်သွားပါပြီ။


အိမ်ကိုလည်း ငွေမှန်မှန် ပို့ပါတယ်။


ဒီတခေါက် သူပြန်လာတော့ ဟွန်ဒါဖစ် ကားလေးတစ်စီးဝယ်တယ်။


ကိုရင်နှင့်ကျမကို ရွှေတိဂုံ ဘုရားလိုက်ပို့တယ်။


ကိုရင်က ပြုံးနေပါလား။


ငါကအဲလိုကားလေးတစ်စီးလောက်သိပ်လိုချင်နေခဲ့တာရွှေရီရဲ့…


ခုတော့ ညီထွေးလေးကြောင့် ငါတို့ကိုယ်ပိုင်ကားစီးရပြီ..


ပျော်နေတာ။

ပျော်နေတာ။


ကိုရင့် ဘဝမှာ ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတော့ ခုလိုသားသမီးအလှည့်မှာ သူကိုကိုယ်ပိုင်ကားလေးနဲ့ ဟိုဟိုဒီဒီ လိုက်ပို့ပေးတာကို ကြည်နူးနေတာ။


သားမောင်းတဲ့ကားလေးကို သူကဘေးမှာ လိုက်စီးရတာကို ကျေနပ်နေတာ။


ဒီလိုနဲ့ နောက်တခေါက်သင်္ဘောတက်ပြီးပြန်အလာမှာတော့ ညီထွေးအိမ်ထောင်ပြုဖို့ ဖြစ်လာပါတယ်။


မိဘမှာဝတ္တရားရှိတယ်လေ လုပ်ပေးရမှာပေါ့။


ညီထွေးကိုတော့ မိဘတွေနှင့်အတူနေဖို့ပြောပြရမှာပဲ။


သူတို့သားသမီးတွေမွေးဖွားလာရင်လည်း ထိန်းမယ်လေ။


ချွေးမလေးကိုလည်း သင့်အောင်ပေါင်းမယ်။


သားအငယ်ဆုံးလေးရဲ့မိန်းမဆိုတော့လည်း သမီးငယ်လေးပဲပေါ့။


ကိုယ့်သားသမီးအရင်းအချာလေးလို သဘောထားရမယ်လေ။


ဒီအိမ်ကြီးထဲမှာ မြေးတွေရဲ့ပျော်ရွှင်နေတဲ့ဟန် အဖိုးအဖွားတို့ရဲ့ရယ်မောသံတွေ သောသောညံလို့ပေါ့။


ဒါပေမယ့်

ကျမတို့ စိတ်ကူးယဥ်သလိုဖြစ်မလာခဲ့ပါဘူး။


မင်္ဂလာပွဲပြီးလို့ နောက်နေ့မှာတော့ညီထွေးတို့က အိမ်ပြောင်းမယ်လို့ပြောလာတယ်။


ဘာလို့လဲညီထွေးရယ်..ဒီမှာလည်းအိမ်အကျယ်ကြီးကို..မိသားစုလည်းနည်းတယ်လေ..


သူကသူ့မိဘတွေနဲ့ပဲအတူနေချင်တယ်တဲ့အမေ..


သားတို့အိမ်မှာမနေချင်ဘူးတဲ့..


ဟင်..ဒါဆို..သားကကောအမေတို့နဲ့အတူမနေချင်ဘူးလား..


ရွှေရီ..တော်လိုက်တော့..

တော်တော့..


သားငယ်လေးအဖြေရခက်တဲ့မေးခွန်းတွေမမေးပါနဲ့..


မိဘဆိုတာဒီနေရာမှာတားပိုင်ခွင့်မရှိဘူးကွ..


သူ့ကိုငါတို့ကဆိုင်ရုံပဲဆိုင်တော့တာ..


မပိုင်တော့ဘူး..


မင်းနားလည်စမ်းပါရွှေရီ..


သြော်..ဒီတခါ ကျမအလှည့်ပေါ့..

ငါးရာနှစ်ဆယ့်ရှစ်ဆိုတဲ့မေတ္တာရယ်..


ထောင့်ငါးရာနဲ့ယှဥ်လိုက်ရင်မျက်နှာငယ်ရလှချည်လား..

အမြဲအောက်ကျနောက်ကျဖြစ်ရပါလား..


ဘယ်လောက်ပဲအသဲနင့်အောင်ချစ်ခဲ့ချစ်ခဲ့နောက်ဆုံးတော့ ဒုတိယနေရာမှာပဲ ကျန်ခဲ့ပါလား..


ကျမ ရင်ထဲမှာအော်ဟစ်ပြီးသာငိုလိုက်ချင်ပါတော့တယ်။


ကားကိုပါယူသွားမယ်ဆိုလို့ကိုရင်ကမနက်စောစောထဲက အဝတ်စတစ်ခုနှင့်ကားအတွင်းအပြင်ကို

သန့်ရှင်းရေးလုပ်ပေးနေတယ်။


ကိုရင်များဝမ်းနည်းနေလားဆိုပြီးကျမအသာလေးကဲကြည့်လိုက်တယ်။


သူက လေတောင်ချွန်နေသေးတယ်။


ဟန်ဆောင်နေတာ။


အပူရုပ်ကိုဟန်လုပ်နေတယ်ဆိုတာသိတာပေါ့ ကိုရင်ရယ်။


ညီထွေးတို့ သူ့ကောင်မလေးအိမ်ကိုပြောင်းသွားကြပါပြီ။


အိမ်က ကိုရင်ကတော့ဒီတခါမျက်ရည် မကျတော့ဘူး။


နောက်ဆုံးတော့ ဒီအိမ်ကြီးထဲမှာငါတို့နှစ်ယောက်ထဲကျန်ခဲ့တာလားရွှေရီ ရယ်…


သားသမီး မြေးမြစ်တွေ အစုံအလင်နဲ့ တစုတဝေးထဲငါကနေရမယ်လို့ထင်ထားတာကွာ…


သူတို့ကို ငါတို့ဘာမှတားပိုင်ခွင့်မရှိပါလား..


သားသမီးတွေ အရွယ်ရောက်လာလို့

မိဘတွေဆီကနေထွက်ခွာသွားခဲ့တဲ့နောက်ပိုင်းမှာ

အိမ်ကြီးဟာအရင်လိုမစိမ်းလန်းတော့ပါဘူး။


ရယ်မောပျော်ရွှင်မှု့တွေပျောက်ကွယ်သွားပါတယ်။


ဘယ်သားသမီးများ ဘယ်တော့ပြန်လာဦးမလဲဆိုပြီး

မိဘအိုကြီးနှစ်ယောက်ကတော့ အထီးကျန်စွာမျှော်နေဆဲပါ။


ငယ်ငယ်တုန်းကအိပ်ယာဝင်ပုံပြင်လေးတွေပြောပြဖူးတဲ့ဟောဒီအဖေကတော့ ပုံပြင်အားလုံးကိုမှတ်မိနေပါတယ်။


ဆိတ်သားဟင်းကိုတော့သားကြီးကအလွန်ကြိုက်တယ်။


အဝါရောင်ဂါဝန်လှလှလေးဆိုမလတ်ကသိပ်ကြိုက်တာ။


အမေချက်တဲ့အုန်းနို့ခေါက်ဆွဲဆိုညီထွေးကခေါင်းမဖော်တမ်းစားတာလေ။


ဒီအမေ မမှတ်မိပဲနေပါ့မလား။


သူတို့ဆီကဖုန်းအလာကို

မျှော်နေမိပါတယ်။


ကိုယ့်ဘက်ကဆက်ချင်ပေမယ့်လည်း

သူတို့မှာအလုပ်ကတဖက်နဲ့မို့

ကိုယ့်ကိုအချိန်မပေးနှိုင်မှာစိုးလို့ ဖုန်းနံပါတ်ကို

နှိပ်ကာနီးမှာစိတ်ကိုချုပ်တည်းပြီး နေခဲ့ရတာအကြိမ်ကြိမ်ပါ။


သူတို့အလုပ်အားတဲ့တစ်နေ့တော့မိဘတွေဆီကိုအရောက်လာကြမှာပဲလေဆိုတဲ့

မျှော်လင့်ချက်လေးနဲ့ပျော်နေ့ခဲ့ မျှော်နေခဲ့ကြတယ်။


သူတို့လာရင်ချက်ကျွေးမယ့်ဟင်းအမယ်တွေကလဲ

ဒီအမေရင်ထဲမှာအဆင်သင့်စီစဥ်ထားပြီးသားပါ။


.

.

.


ကိုရင်ရေ..လမ်းထိပ်ကစတိုးဆိုင်ခဏသွားဦးမယ်…


ဘာဝယ်ဖို့လဲရွှေရီ..


ဘာလုပ်ရမလဲ ကိုရင်…

အိမ်ထောင်ဦးအစကလို

စလယ်ဝင်အိုးဝယ်ရမယ်လေ…


ကိုရင်နဲ့ကျမ နှစ်ယောက်ထဲဆိုတော့ အိမ်မှာရှိတဲ့ထမင်းအိုးတွေက အဆင်မပြေဘူး..


နှစ်ယောက်စာ ချက်လို့ရတဲ့စလယ်ဝင်ထမင်းပေါင်းအိုးသွားဝယ်ရမှာပေါ့ကိုရင်ရယ်…


သြော်….ခုတော့ မင်းနဲ့ငါ့ဘဝ ဒီလိုဖြစ်သွားပြီလား ရွှေရီ…


အေးပေါ့ရွှေရီရယ်..


စလယ်ဝင်အိုးလေးနဲ့ပဲ ရှေ့ဆက်ကြတာပေါ့….


စလယ်ဝင်အိုးလေးမှ….သည်။


.


.


.

#ချစ်ခြင်းများစွာဖြင့်

#ခင်လှမြတ်ခိုင်