ကျောင်းတုန်းကသူငယ်ချင်း
-------------------------
စီစီဝင်းတစ်ယောက် လမ်းထိပ်တွင်ရပ်ကာ တက္ကစီစောင့်နေသည်။ သူက ဗိုလ်ချုပ်ဈေးတွင် သူငယ်ချင်း ခင်မျိုးအေးနှင့် ချိန်းထားသည်။ ဈေးဝယ်မည်၊ ရုပ်ရှင်ကြည့်မည်။
“တက္ကစီတွေကလည်း ပြတ်လိုက်တာ”
သူကစိတ်ပျက်ကာ အရှေ့ကြည့်လိုက်၊ အနောက်ကြည့်လိုက်လုပ်နေသည်။
ထိုအချိန်တွင် လမ်းထဲက ကားအကောင်းစားကြီးတစ်စီးထွက်လာသည်။ ကားပေါ်မှ လူငယ်တစ်ယောက်က
“မစီ ... ဘာစောင့်နေတာလဲ”
“အို မောင်လေးပါလား ဘယ်လဲ”
“မြို့ထဲကိုမစီ”
“အေးကွယ် အိမ်က ကားကလည်း ဒီနေ့မှ မနက်ကတည်းက ညီမလေးယူသွားလို့ ... ဗိုလ်ချုပ်ဈေးကိုပါ”
“ကျွန်တော်နဲ့ လိုက်ခဲ့လေမစီ ... လမ်းကြုံတယ် ... ကျွန်တော်က ဆေးရုံကြီးရှေ့ကိုသွားမှာ”
“ဟုတ်လား ... ဒါဆိုလည်း အားမနာတော့ဘူး လိုက်ခဲ့မယ်”
မစီက မောင်အေးလွင်ဘေးမှ ဝင်ထိုင်လိုက်သည်။
“မောင်အေးလွင် အလုပ်ဖြစ်နေပုံရတယ်”
“ဒီလိုပါပဲ မစီရာ”
“ဘယ်လိုလဲကွ ... အိမ်ထောင်လေးဘာလေးပြုဖို့ မစဉ်းစားသေးဘူးလား”
“မစီရေ ... လွမ်းရေးထက် ဝမ်းရေးခက်တယ်ဗျ ... ရှာရဖွေရဦးမယ်”
“အလိုကွယ် ... ကားအကောင်းစားကြီးစီးတဲ့သူကများ”
“ကိုယ့်ကားမဟုတ်ပါဘူးမစီရာ”
“မင်းကွယ် ... တော်တော်လျှိုတာပဲ”
“ကျွန်တော့်သာပြောတာ အစ်မရော ဒီလိုပဲ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ အရိုးထုတ်တော့မလို့လား”
“အင်း ရွှေတွင်းကြီးမတွေ့သေးလို့ပေါ့ကွယ်”
“အစ်မရေ ... အသက်ကြီးတာတွေ ... ကွာတာတွေ သိပ်မစဉ်းစားနဲ့ ... ရရင် ဆွဲသာစိလိုက်”
“အို မောင်လေးကလည်း ပြောတော့မယ် ... ဟင်း ... ဟင်း”
ဆေးရုံကြီးရှေ့ရောက်လာသည့်အခါ မောင်အေးလွင်က ကားကို ဘေးကပ်ပြီးရပ်လိုက်သည်။
သူကဖုန်းဆက်သည်
“ဟုတ်ကဲ့ဆရာ ... ရောက်နေပြီ ... ကျောင်းရှေ့တည့်တည့်မှာ ရပ်ထားတယ်"
မောင်အေးလွင်က ကားပေါ်မှဆင်းလိုက်ပြီး
“အစ်မရေ ... ခဏလေး ကျွန်တော် ရေသန့်တစ်ဘူး လောက်သွားဝယ်ဦးမလို့”
စီစီဝင်းက ရှေ့တည့်တည့်ကိုကြည့်လိုက်ရာ မောင်မောင်စိန်။ သူနှင့် ငယ်သူငယ်ချင်း မောင်မောင်စိန်။ ကျောင်းကတည်းက ယောင်စိန်ဟု ခေါ်ကြသည့် မောင်မောင်စိန်။ မောင်မောင်စိန်က မျက်မှန်အထူကြီးနှင့် အူကြောင်ကြောင် မှားနိုင်စရာ အကြောင်းမရှိ။
သူက ကားကိုသေသေချာချာကြည့်လာသည်။ စီစီဝင်းက ကားမှ ခေါင်းလေးထုတ်လိုက်ကာ
“ဟေး မောင်မောင်စိန် ... ဘာလဲ ကားမမြင်ဖူးဘူးလား”
“အာ ... ဘယ်သူလဲ”
“စီစီဝင်းလေ ... မမှတ်မိဘူးလား”
“ဪ ... အေခန်းက မစီဟုတ်တယ်နော်”
“ဟုတ်တယ် ... ဘယ်လိုလဲ ... နင်လည်း ခုထိ အူကြောင်ကြောင်နဲ့ ... မိန်းမရသွားပြီလား”
“မရသေးပါဘူးဗျာ ... ခင်ဗျားရော အိမ်ထောင်ကျပြီလား”
“ကျသွားပြီလေ ... အမျိုးသားက နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာလုပ်တယ် ... ဒေါ်လာစားပေါ့ ... နင်ရော”
မောင်မောင်စိန်က ကားကိုလိုက်ကြည့်နေသည်။ စီစီဝင်းက ကားပေါ်မှ ဆင်းလိုက်ပြီး
“ဘယ်လိုလဲကွ ကားက သင်္ဘောကချထားတာ မကြာသေးဘူး။ အမျိုးသား နိုင်ငံခြား သွားတုန်းက ဝယ်လာ တာလေ”
“ကားကကောင်းလိုက်တာနော်”
“ကောင်းတာပေါ့ ... နင်ရော ဝယ်စီးဖို့ စိတ်ကူးနေသလား ... အင်း ... စီးနိုင်ပါ့မလား ... စီးရင်လည်း ဒါမျိုး စီးနိုင်အောင် ကြိုးစားသိလား ... ဒါမှ နင့်လို မှန်ကြောင်ကို ကောင်မလေးတွေက ကြိုက်မှာ”
ထိုစဉ် မောင်အေးလွင်က ရေသန့်ဘူးကိုင်ကာ ပြန်ရောက်လာသည်။ သူက ပြေးလာပြီး
“ဪ ဆရာတောင်ရောက်နေမှပဲ ... ကျွန်တော်က ဆရာ မရောက်လောက်သေးဘူးထင်လို့ ရေသွားဝယ် နေတာ”
စီစီဝင်းက ကြောင်သွားသည်
“မောင်အေးလွင် သူက”
“ဒါ ဒေါက်တာမောင်မောင်စိန်လေ ... ဒါဆရာ့ကားပေါ့ ... ကျွန်တော့် ဘောစိက ကားပြင်ပြီးလို့ ပို့ခိုင်းလိုက်တာ ... ဆရာ ဘာမှဖြစ်တာမဟုတ်ဘူး ... တံခါးကအော်တိုစနစ်လေးပဲ ချိန်ပေးရတယ်တဲ့”
“ဒါနဲ့ မောင်အေးလွင် ... ဒီကားက မစီစီဝင်း အမျိုးသားကားဆို”
“ဟာ ဆရာနဲ့ မစီနဲ့သိလား ... ကြံကြီးစည်ရာ”
“နေဦးကွ ... တစ်ခုခုတော့ မှားနေပြီထင်တယ်”
“ဘာမှားလို့လဲဆရာ”
ထိုစဉ် စီစီဝင်းက
“မောင်လေး ... အစ်မသွားတော့မယ် ... ကျေးဇူးပဲ”
“မစီ နေဦးလေ ... ကိုယ်လိုက်ပို့ပေးမှာပေါ့”
“နေပါစေ ရပါတယ် ... သွားပြီ ... တက္ကစီ ... တက္ကစီ”
စီစီဝင်းက တက္ကစီတစ်စီကို အတင်းတားကာ တက်သွားသည်။ ဒေါက်တာ မောင်မောင်စိန်က ပြုံးလိုက်ရင်း
“အင်း ... စီစီဝင်း .... စီစီဝင်း ... ကျောင်းတုန်းကအတိုင်းပဲ” ဟုမှတ်ချက်ပြုလိုက်သည်။
တင်ညွန့်
၂၉.၁၁.၂၀၂၀