ရှင့်ဆိုရင် အလကား(စ/ဆုံး)
——————-
ဇာတိမြေကို မရောက်တာကြာပြီဖြစ်သဖြင့် ကိုတင်မောင်တစ်ယောက် ဤနှစ်တွင်တော့ အရောက်ပြန်ခဲ့သည်။ သူပြန်မရောက်သည့် အကြောင်းကလည်း ရှိသည်။ မိခင်ရော ဖခင်ပါ ကွယ်လွန်သွားကြပြီဖြစ်သဖြင့် သူလည်း ရန်ကုန်တွင်သာ အခြေချနေသည်။
သူငယ်ချင်းဖြစ်သူ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးလှတင်က သူ့မြေးတွေကို ရှင်ပြုရန်အတွက် ဆရာတင်မောင်ကို လှမ်းဖိတ်သည်။ ထို့ကြောင့်လည်း နှစ်ပေါင်း ၃၀ ခန့် မရောက်ခဲ့သော မွေးရပ်မြေကို ပြန်ရောက်အောင် လာခဲ့ရတော့သည်။
ကားဂိတ်တွင် လာကြိုသော သူငယ်ချင်းကိုလှတင်က
“မင်းကွယ် … နေနိုင်လိုက်တာ။ ငါသေမှ လာမယ်လို့များ စိတ်ကူးထားရော့သလား” ဟု ဆီးပြီး အပြစ်တင်သည်။
“လာချင်ပါတယ်ကွာ၊ ဒါပေမဲ့ ခရီးသွားရလာရတာလည်း တယ်မလွယ်ဘူးကွာ။ ဒါကြောင့် လာမယ်လို့ စီစဉ်လိုက် ပျက်လိုက်နဲ့။ မင်းကခေါ်တော့ ဒီနှစ်မရောက် ရောက်အောင် သွားတော့မယ်ဆိုပြီး လာခဲ့တာ”
သူငယ်ချင်းဖြစ်သူက သူ့ဆိုင်ကယ်လေးနှင့် လာကြိုသည်။
“ဟေ့ကောင် … လက်ဖက်ရည်သောက်ရအောင်ကွာ”
“သောက်လေ။ ငါက လက်ဖက်ရည်ဖြတ်ထားတယ်ကွ”
“မုန့်စားပေါ့ကွာ”
သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာကြသည်။
“မင်းဘာစားမလဲ”
“မင်းကြိုက်တဲ့ နန်းကြီးသုပ်ရတယ်ကွ”
“အေးကွာ နန်းကြီးသုပ်ပဲစားမယ်”
ကိုလှတင်က နန်းကြီးသုပ်နှင့် လက်ဖက်ရည်တစ်ခွက် မှာလိုက်သည်။
“ဟဲ့ … ဟိုဝိုင်းမှာ လူထိုင်နေတယ်လေ မမြင်ဘူးလား။ နင်တို့ သောက်လုံးတွေ ကန်းနေသလား၊ ပိုက်ဆံရှင်းမယ်တဲ့ နံပါတ်နှစ်ဝိုင်းက ခေါ်နေတယ်။ ဒီမှာ လက်ဖက်ရည်မှာပြီးတော့ ဘာဖြစ်လို့ လာမဆွဲသေး တာလဲ။ သောက်သုံးကို မကျဘူး။ အလုပ်ကို စိတ်မပါဘူးလား၊ သွားပြန်အိပ်နေ။ စားပွဲ ရှစ်က ခေါ်နေတယ်။ တယ်လေ ဒီ မအေရိုးတွေနဲ့တော့ ခက်တော့တာပဲ။ မျက်စိကို လျင်လျင်ထားဟဲ့ …”
အလွန်စူးရှ အက်ကွဲသော အသံဖြင့် စာကျယ်ကျယ် အော်လိုက်သည် အမျိုးသမီးတစ်ဦး၏ အသံက တစ်ဆိုင်လုံးကို လွှမ်းမိုးနေသည်။ အခြား အယုတ္တ အနတ္တစကားတွေကိုကား ရေးပြရန်ပင် မဝံ့သဖြင့် မရေးတော့ပြီ။
“ဟာကွာ … မင်းလက်ဖက်ရည်ဆိုင်ကလည်း ဘာဆိုင်လဲ။ နားကို ငြီးနေရောပဲ”
“တင်မောင်”
“ဘာလဲကွ”
“အဲဒီ အသံကို မမှတ်မိဘူးလား”
“မမှတ်မိဘူး”
“ဪ နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ အသံကိုတောင် မမှတ်မိတော့ဘူးပေါ့နော်”
“မမှတ်မိဘူးကွာ”
“အဲဒါ မိထားအသံလေ”
“ဟေ”
ကိုတင်မောင်တစ်ယောက် “ဟေ” ဟု တစ်လုံးတည်း အော်ကာ ငြိမ်သွားသည်။
“မိထားအသံ ဟုတ်လို့လား။ ဒါ မိထားဆိုင်လား”
“ဟုတ်တယ်လေ”
“ဘယ်လိုဖြစ်ပြီး လက်ဖက်ရည်ဆိုင်မှာ မိထားက ရောက်နေတာလဲ”
“ဒါ သူ့ယောက္ခမဆိုင်လေ။ သူ့ယောက္ခမကြီးက သူ့ထက်တောင် အပေါက်ဆိုးသေးတယ်”
“ဒါနဲ့ မိထားအိမ်ထောင်က”
“မင်းမသိဘူးလား ကြင်စိန်လေ”
“ဘယ်ကြင်စိန်လဲကွာ”
“ငါတို့ ၁၀ တန်းတုန်းက ဘိန်းစားလို့ ခေါ်တဲ့ မျက်မှေးကြင်စိန်ပေါ့”
“ဟင် … သူက မိထားနဲ့ ဘယ်လိုဖြစ်ပြီး”
“အကြွေးသိမ်းခံလိုက်ရတာကွ”
“ဟာကွာ”
“ဟုတ်တယ် မိထားအမေက ကြင်စိန်အမေဆီမှာ အိမ်ပေါင်ထားတယ်လေ။ နောက်ဆုံး မရွေးနိုင်တော့တဲ့ အချိန်မှာ မိထားအမေကသူ့သမီးကို ကြင်စိန်လက်ထဲ ထိုးထည့်လိုက်တာ၊ ဒီလိုနဲ့ မိထားလည်း ကြင်စိန်မယား ဖြစ်ရော။ ကြင်စိန်အမေက သေသွားတော့ မိထားလည်း ကောင်တာထိုင်ပြီး ကြင်စိန်အမေလေသံအတိုင်း သူ့လက်ဖက်ရည်ဆိုင်က စားပွဲထိုးတွေကို အော်ဟစ်ပြီး အုပ်ချုပ်တဲ့သူ ဖြစ်လာရော”
“ဟာကွာ မထင်ရဘူး။ မိထားပါးစပ်က ဆိုးလိုက်တာ”
“ငါတို့မြို့မှာ ပါးစပ်ပေါက် အဆိုးဆုံး မိန်းမစားရင်းထဲမှာ ပါတယ်ကွ၊ အဲဒီ မိန်းမကိုပင် တစ်ချိန်က မရရင် သေပါတော့မယ်လို့ မင်းဖြစ်ခဲ့တာလေ”
“အရင်ကပါကွာ … ဒီလောက်တောင် မထင်ရဘူးကွာ”
“မင်းနဲ့တုန်းကရော”
“ဘာလဲကွ”
“မင်းနဲ့ သမီးရည်းစားတွေ ဖြစ်တုန်းကရော”
“အေး ငါနဲ့ သမီးရည်းစားဘဝတုန်းကတော့ စကားတစ်ခွန်း သူ့ဆီကထွက်လာဖို့ မနည်းညှစ်ထုတ်ရတာကွ”
“မင်းတို့ ဘုရားမှာချိန်းတွေ့သေးတယ်နော်”
“အေးကွာ တစ်ခါတည်းပါ။ အဲဒီချိန်းတွေ့ပြီး သူနဲ့ငါ ပြတ်သွားတာပဲ”
“ဘာဖြစ်လို့လဲကွ”
“သူက တစ်ခါတည် ခိုးပြေးခိုင်းတာလေ။ ဘယ့်နှယ်ကွာ ၁၀ တန်းတောင် မဖြေရသေးဘူး ခိုးပြေးခိုင်းတော့ လန့်သွားတာပေါ့။ ငါလည်း ကြောက်တာနဲ့ သူ့ကို ရှောင်နေလိုက်တာ။ နေဦး ငါ့ရှေ့မှာပဲ သန်းဇော်နဲ့ တွဲပြသေး တယ်နော်”
“အေး မိထားက ရည်းစားများတယ်ကွ။ ဒါပေမဲ့ နောက်ဆုံးတော့ ဘိန်းစားနဲ့ ညားတာပဲ”
ထိုစဉ် လှတင်က
“မိထားရေ လာပါဦးဟ” ဟုခေါ်လိုက်သည်။
“ရှင်ခေါ်တိုင်း လာရအောင် ကျွန်မက ဘူတာရုံက မိန်းမလား”
“လာပါဟ … နင့်ကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့”
“ဟေ့ကောင် မခေါ်စမ်းပါနဲ့ကွာ”
“နေစမ်းပါ ဟိုမှာ သူလာနေပြီ”
တင်မောင်က သူ့အနီးတွင် လာရပ်သော အမျိုးသမီးကြီးကို မော့ကြည့်လိုက်သည်။
“အလို … ဟို … ဟို … ဒါ တင်မောင် မဟုတ်လား”
“အေးလေ … နင့်အဆက်ဟောင်းကြီးပေါ့ … နင်နဲ့တွေ့ဖို့လာတာ”
“အလိုတော် အလာကောင်းပေမယ့် အခါနှောင်းသွားပြီ။ မိထားက ခုဆိုရင် ကလေးနှစ်ယောက်တောင် ထွက်ပြီး နေပြီ”
တင်မောင်တစ်ယောက် မျက်နှာကို အောက်ငုံ့လိုက်သည်။
“တင်မောင် နင်အခု ဘာလုပ်နေသလဲ”
“ငါလည်း ကျောင်းဆရာ အငြိမ်းစားပေါ့”
“မိန်းမကရော”
တင်မောင်က မပြောဘဲ ငြိမ်နေရာ လှတင်က
“ခုထိ အိမ်ထောင်မပြုသေးဘူး။ ခုလည်း နင့်ကို သတိရလို့တဲ့ ပြန်လာတာ”
“ဟား … ဟား … ဟား … ဘာလဲ ငါ့ဆိုင်မှာ စားပွဲထိုးမလို့လား။ ရတယ်လေ လက်ဖက်ရည်ဖျော်ဆရာလောက် အဆင့်တော့”
မိထားက ရယ်မောကာပြောရင်း
“ဟဲ့ ဟို ငမြွေထိုး … ပန်းကန်လွတ်ကျတော့မှာပဲ လွတ်ကျလို့ ကွဲရင်ကတော့ လစာထဲကဖြတ်မှာ” ဟု စားပွဲထိုး တစ်ယောက်ကို လှမ်းအော်လိုက်သည်။
“နေဦးဟေ့ … ဟိုမှာ ပိုက်ဆံသွားရှင်းလိုက်ဦးမယ်”
မိထားက ပြောပြောဆိုဆိုနှင့် ထွက်သွားသည်။
“တင်မောင်”
“ဘာလဲကွာ”
“မိထားယောကျ်ား ကြင်စိန်က ဆုံးသွားတာ မကြားသေးဘူး”
“ဟုတ်လား”
“မင်းစိတ်ကူးမလွဲနဲ့ … ကလေးနှစ်ယောက်အမေဆိုပေမယ့် အလတ်ကြီး ကျန်သေးတယ်”
“တော်ပါ လှတင်ရာ။ ငါ ဟိုတုန်းက မိထားကို ကြိုက်တယ်ဆိုတာ ပိန်ပိန်သွယ်သွယ် အသားညိုချောလေးဆိုပြီး ကြိုက်ခဲ့တာ။ ပြီးတော့ ကျောင်းသူဘဝတုန်းက မပွင့်တပွင့် အပြုံးလေးနဲ့ တိုးတိုးသာသာလေး ပြောတတ်တဲ့ သူ့ပုံစံလေးကို ကြိုက်ခဲ့တာ”
“ခုရော”
“မြင်တဲ့အတိုင်းပဲလေ ခင်သန္တာသက်ချိုပြုံးကြီးဖြစ်ပြီး ပါးစပ်ကလည်းဆိုးလိုက်တာ။ ဘယ်နေရာ မက်စရာ တစ်ကွက် ရှိလို့လဲ။ သွားရအောင်ကွာ”
“မိထားရေ ပိုက်ဆံရှင်းမယ်”
လှတင်က လမ်းခေါ်လိုက်သည်။ မိထားက ရောက်လာပြီး
“အလို … ပိုက်ဆံပေးစရာလား … ငါ့ရဲ့ မတော်လိုက်ရတဲ့ လင်တော်မောင်ကို ငါက ပိုက်ဆံယူစရာလား။ တင်မောင်ရေ … ကြိုက်တဲ့အချိန်လာ … ကြိုက်တာစား သိလား။ ရှင့်ဆိုရင် အလကား”
တင်ညွန့်
၃၁.၁.၂၀၂၄