ကျောင်းခွေး
-----------
ပေယျာလကန်မှာ ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး။
ရွာရှင်ပြုပွဲမတိုင်ခင်က ရွာထဲမှာ အရူး သမန်းက လျှောက်အော်တယ်
“ဘုန်းကံဘီးကြီး ချေးနင်းပြီ
သူကြီးအမြီး ကျွဲနင်းသည်” တဲ့
အချိန်ကလည်း ရွာလုံးကျွတ် ရှင်ပြုပွဲနီးနေချိန်။ အဲဒီနေ့ မနက်ပဲ တိုက်တိုက်ဆိုင်ဆိုင် အဝတ်တန်းမှာ လှန်းထားတဲ့ သူကြီး ပုဆိုးကို ကျွဲခတ်လို့ စုတ်ပြတ်သွားတယ်။
သူကြီးက ဆရာတော်ဘုရားဆီသွားပြီးတော့
“ကယ်တော်မူပါဘုရား ... အိပ်မက်လည်း မကောင်း ... အရူးကလည်း ပေါက်ကရရွတ် ... ကျွဲကလည်း ပုဆိုးကို စုတ်ပြတ်အောင်ခတ် ... ဘာလုပ်ရမလဲဘုရား”
ဆရာတော်ကလည်း နှယ်နှယ်ရရမှ မဟုတ်တာ တွက်ချက်ကြည့်ပြီးတော့
“အင်း ... ဒကာ ဘုန်းကံနည်းပြီး သေပွဲဝင်ကိန်းတောင် ရှိသကွယ်။ ဒီနှစ် နင့်ရာထူးအရှိန်အဝါ ကျကိန်းလည်း မြင်သကွယ့်”
“ဘာလုပ်ရမလဲဘုရား ... ကယ်တော်မူပါ”
“အိမ်း ကံတက်အောင် ယတြာပဲ အားကိုးပြီး အစားထိုးဖို့ရှိတော့တယ်”
“မှန်ပါ့ဘုရား”
ရွာရှင်ပြုပွဲနေ့
တကယ်တော့ ရွာစုပေါင်းရှင်ပြုပွဲပါ။ သူကြီးက မဏ္ဍပ်တိုင်တက်ပြလွန်းနေတာကြောင့် တစ်ရွာလုံးကလည်း အမြင်ကပ်။ ပြောရမှာကလည်းခက်။ ဆရာတော်ကပါ သူကြီးဘက်ပါပါ။ ဘာလုပ်မယ်လို့ လျှောက်လိုက်တိုင်း
“သူကြီးကို ပြောပြီးပြီလား”
“သူကြီးကို ခေါ်လိုက်ဦး”
“သူကြီးနဲ့တိုင်ပင်လေ”
စိတ်ပေါက်ပေါက်ရှိလို့ ရှင်ပြုအလှုမှာ ငွေအများဆုံး လှူထားတဲ့ ဒေါ်စိန်နုက
“အရှင်ဘုရား ... သတိထားတော်မူပါ ... အရှင်ဘုရား ပြောပြောနေတဲ့ သူကြီးဆိုတဲ့ကောင်က ဒီအလှူမှာ ငွေတစ်မတ်လောက်ပဲထည့်ပြီး မဏ္ဍပ်တိုင် တက်တက်ပြနေတာ ... တပည့်တော်လောက်များ ထည့်ရရင် သံဃာစင်ပါ တက်မှောက်မလား မသိဘူး”
“အိုကွယ် ... သူကသူကြီးဟာကို”
အဲဒီနေ့က တစ်ရွာလုံးပျော်ကြတယ်။ ဆံချပွဲတွေကို မိသားစုတွေ ပျော်ပျော်ပါးပါး လုပ်ကြတယ်။
“တရားတော်များ နာကြားရန် မဏ္ဍပ်အတွင်းသို့ ကြွရောက်တော် မူကြပါ”
လောက်စပီကာက အသံကြားရတယ်။ ရွာသားတွေ မဏ္ဍပ်အတွင်းဝင်ကာ နေရာယူကြတယ်။
ဆရာတော်ဘုရား ကြွလာပြီ။ သံဃာစင်ပေါ်မှာ ဆရာတော်နဲ့ သံဃာတော်တွေ နေရာယူကြတယ်
အလို
သံဃာစင်နောက်က ရာဇမတ်ကွက်ကိုကျော် ဆရာတော်နောက်မှာ ဝင်ထိုင်နေတာ ဘယ်သူပါလိမ့်နော်။
တစ်ရွာလုံးက လက်အုပ်တွေချီထားတာကို ချလိုက်ပြီး သံဃာစင်ပေါ် ကြည့်နေကြတယ်။
“ကဲ ... ကဲ ... လိုက်ဆို”
ဘယ်သူမှ လိုက်မဆို
“ကိုင်း ... ကန်တော့ ... ကန်တော့”
ဘယ်သူမှ မကန်တော့
ဆရာတော်က
“ဟဲ့ ... ဘယ်လိုဖြစ်နေကြတာလဲ”
အဘွား ဒေါ်စိန်နုက ရှေ့ဆုံးမှာ ထိုင်နေတော့
“အရှင်ဘုရား”
“ဘာလဲ ဒကာမကြီး”
“အရှင်ဘုရားနောက်ကို လှည့်ကြည့်လိုက်ဦးဘုရား”
“ဘာများလဲ ဒကာမကြီး”
“အရှင်ဘုရားနောက်မှာ ခွေးကတက်ထိုင်နေတယ်ဘုရား ... အရှင်ဘုရားကို ကန်တော့ရင် ခွေးကို ကန်တော့ သလို ဖြစ်နေမှာမို့လို့ ခွေးကို ဦးစွာ မောင်းချပေးတော်မူပါဘုရား”
“ဟဲ့ ဘယ်မှာလဲ”
ဆရာတော်နောက်လှည့်ကြည့်တော့ အဟုတ်သား ... ကျောင်းကခွေး ဘယ်အချိန်က လိုက်လာမှန်းမသိ။ ဆရာတော်နောက်ပါးမှာ ဆောင့်ကြွားကြွား ထိုင်နေတာ။ ခက်တာက ခွေးကိုလည်း ရမ်းမမောင်းရဲဘူး။ ဆရာတော့်ခွေးဖြစ်နေတာကိုး။
တင်ညွန့်
၂၉.၈.၂၀၂၀