ကျွန်စိတ်
---------
ကျွန်တော်တို့ လူနေမှုစနစ်တွင် ဘဝနေနည်းနှင့် ပတ်သက်ပြီး ဘာသာတရား၏ အဆုံးအမလေးများ ရှိပါသည်။ များသောအားဖြင့် ထောင်လွှားမာန မရှိကြရန် ဘုရားရှင်ကအစ ဆုံးမတော်မူပါသည်။
ရှင်မဟာကစ္စည်းမထေရ် မြတ်၏ အဆုံးအမကို ထုတ်နုတ်ပြလိုပါသည်။ ပညာရှိများကို ဆုံးမထားသော စကားဖြစ်သော်လည်း လူတိုင်းနှင့် သက်ဆိုင်ပါသည်။
“အကျိုးစီးပွားဖြစ်ထွန်းမည့် အကြောင်းရှိပါလျှင် မျက်စိရှိသော်လည်း သူကန်းကဲ့သို့၊ နားရှိသော်လည်း နားပင်းသကဲ့သို့၊ ပညာရှိသော်လည်း လူအ,ကြီးကဲ့သို့၊ အင်အားရှိသော်လည်း အားနွဲ့သူကဲ့သို့၊ အသက်ရှင်နေသော်လည်း လူသေကဲ့သို့ ကျင့်ရမည်” ဆိုသည့် စကားမှာ မှတ်သားစရာကောင်းလှသည်။
ပညာရှိ သူတော်ကောင်းတွေက ထိုသို့နေသော်လည်း ပညာမဲ့ လူ့ဗာလ “ငါသိ ငါတတ် ငါသာမြတ်” ဟု စိတ်ထင်ရောက်နေသူတွေက စော်ကားတတ်ကြသည်။
၁၉၇၁ ခုနှစ် ပထမအကြိမ် ပါတီညီလာခံတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မီတီ ဥက္ကဋ္ဌ တာဝန်ကို ယူထားသူ ဗိုလ်နေဝင်းက ပညာရှိတွေကို မည်သို့စော်ကားသွားသနည်း
“မြို့ပေါ်က ပညာတတ် လူတန်းစားတွေကတော့ မကျက်တကျက် ဖုတ်ထားတဲ့ ပေါင်မုန့်လိုပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေကြတာ။ ငါဘီအေပဲဟ၊ အမ်အေပဲဟ၊ တစ်ခါတည်း ပီအိတ်ချ်ဒီ ကြီးပဲဟဆိုပြီးတော့ ဗမာစာနဲ့ ပတ်သက်လာလို့ရှိရင် ဗမာစာကို ကထိကလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တော့ မကျေနပ်ဘူး။ (ရယ်သံများ)”
ဗိုလ်နေဝင်းထိုသို့ပြောသည်ကို အဘယ်ကြောင့် ရယ်ကြသနည်း။ ထိုစကားသည် ရယ်စရာမဟုတ်။ ပညာရှိတွေကို စော်ကားခြင်းသည် ရယ်စရာမဟုတ်။ ထိုသို့ပြောလျှင်ရယ်ကြပါ သို့မဟုတ် သူ့အလိုကျ သူသဘောကျအောင် ရယ်ပြကြပါဟု ပြောထားသောကြောင့် ရယ်ကြသလော။
ပညာမဲ့သူက ပညာရှိသူကို အထင်မကြီးသည်မှာ သူတို့ထံတွင် အားလုံးကို ချုပ်ကိုင်ခိုင်းစေနိုင်သော အာဏာတွေ၊ ပါဝါတွေကို ထိန်းထားနိုင်သောကြောင့်ဟု ထင်ကြသည်။ ထို့ကြောင့်လည်း ပညာရှိတွေကို အမျိုးမျိုး ဖြုတ် ထုတ် သတ်လုပ်ခဲ့ကြသည်မှာလည်း ခေတ်အဆက်ဆက်ဖြစ်သည်။
ပညာရှိကို သူ့နေရာနှင့်သူ မြှောက်စားနိုင်ခြင်းမရှိ။ ပညာမဲ့သူကိုမြှောက်စားကာ မှန်ပါ့ဘုရားတွင် သာယာတတ်သောနိုင်ငံနှင့် လူမျိုးသည် ကမ္ဘာ့အလယ်တွင် အောက်ကျ နောက်ကျဖြစ်မည်မှာ သေချာ သည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာက ပညာဖြင့် လမ်းကြောင်းရှာကာ တည်ဆောက်နေချိန်တွင် အာဏာဖြင့် တည်ဆောက်ရန် ကြိုးစားနေကြသောနိုင်ငံသည် နောက်တွင် ကျန်ခဲ့မည်သာ ဖြစ်သည်။
ပညာရှိတို့၏မာန်ကို ပြဆိုသော ရှေးခေတ်က ပညာရှိ ဝန်ဇင်းမင်းရာဇာ လျှောက်ထားချက်ကိုလည်း သတိရမိပါသည်။
သက္ကရာဇ် ၇၃၀ ၌ နန်းတက်သော မင်းကြီးစွာစော်ကဲသည် ရာဇသင်္ကြန်ကို အမျက်တော်ရှိသဖြင့် ပိုင်ဆိုင် သမျှရာထူးနှင့် စည်းစိမ်တို့ကို ရုပ်သိမ်းရန် ဝန်ဇင်းမင်းရာဇာနှင့် တိုင်ပင်ပါသည်။ ထိုသို့တိုင်ပင်ရာတွင် ဝန်ဇင်းမင်းရာဇာက
“ယခုတိုင်ပင်သည်မှာ (ကျွန်) တို့၏တိုင်ပင်ခြင်းဖြင့် တိုင်ပင်တော်မူသလော
(မင်း) တို့၏ တိုင်ပင်ခြင်းဖြင့် တိုင်ပင်သလော
(ပညာရှိ) တို့၏ တိုင်ပင်ခြင်းဖြင့် တိုင်ပင်သလော” ဟု ပြန်မေးလေသည်။
ဝန်ဇင်းမင်းရာဇာ၏အမေးကို နားမလည်သဖြင့် ပြန်ရှင်းပြရသည်
(ကျွန်) တို့၏ တိုင်ပင်ခြင်းဖြင့် တိုင်ပင်သည်ဆိုရာတွင်
ကျွန်တို့၏သဘောသည် အရှင်သခင်၏ အလိုအတိုင်းသာ လျှောက်တင်ကြရသည်။ အရေးဟုတ်သည် မဟုတ်သည်ကို မကြည့်ရ။ မင်းမျက်နှာကိုသာကြည့်ရသည်။
(မင်း) တို့၏ တိုင်ပင်ခြင်းဖြင့် တိုင်ပင်သည်ဆိုရာတွင်
မင်းဆိုသည်မှာ တင်လျှောက်သော သူတို့၏ စကားကို နားထောင်၍ သူသဘောကျကာ အလိုတော်နှင့် ညီလျှင် နှစ်သက်သည်။ အလိုတော် မကျလျှင် လျှောက်တင်သောသူတို့ကို အမျက်တော်ရှိကာ အပြစ်ပေး တတ်၏။
(ပညာရှိ) တို့ကို တိုင်ပင်ခြင်းဆိုသည်မှာ
အရေးမှန်၊ မမှန်ကို သိလိုခြင်းကြောင့် တိုင်ပင်ခြင်းမျိုးဖြစ်သည်။ ပညာရှိတို့ကလည်း မင်းမျက်နှာကို မကြည့်။ မင်းလိုလည်းမလိုက်၊ မင်းကြိုက်လည်းမဆောင် အရာရာကို မျှော်ကြည့်ပြီး မှန်သည့်အတိုင်းပင် လျှောက်တင်ကြ၏။
ငါသိ၊ ငါတတ်၊ ငါသာမြတ်တွေက သူတို့အပါးတွင် အဘယ်ကြောင့် ပညာရှိတွေကို မထားချင်ကြသနည်း။ ဝန်ဇင်းမင်းရာဇာ၏ လျှောက်ထုံးလေးအား နှလုံးမူကြည့်စေချင်သည်။
ခေတ်အဆက်ဆက် (ကျွန်) တွေကိုသာ မွေးထုတ်ခဲ့ပြီး “မှန်လှပါဘုရား” တွေကို အနားထား ကြသောကြောင့် တိုင်းပြည်ပျက်ခဲ့ရသည်။
ကျွန်စိတ်ရှိသူတွေကလည်း ငါ့သား ငါ့မယား ငါ့ဆွေ ငါ့အမျိုးကောင်းစားလျှင်တော်ပြီ နိုင်ငံနှင့်လူမျိုး ဘာဖြစ်ဖြစ်ဆိုသည့် စိတ်ဓာတ်များဖြင့် “အမိန့်တော်မြတ်အတိုင်းပါဘုရား” လုပ်ခဲ့ကြသောကြောင့် ပညာရှင်များ အောက်တန်းကျခဲ့ရသည်။
သခင်စိတ်ရှိသော ပညာရှင်များခေတ်သို့ရောက်ရန်လိုပြီ။
တင်ညွန့်
၂၉.၉.၂၀၂၁